တွင်းရေ
တွင်းရေ
အရှက်ကို လုံအောင် ဖုံးနေကြသည့် လူတွေကြားတွင် အရှက်ကို လုံအောင် ဖုံးမထားသည့် လူတစ်ယောက် ရောက်လာလျှင်ဘာဖြစ်မည်နည်း။
ဘုရင်ကြီးက နန်းထဲတွင် အမေးတော်တစ်ခု ရှိလာသည်။ ပညာရှိမှူးမတ်များက
“အရူးလို့ပြောပါလိမ့်မည် ဘုရား”
“ဒါဆိုရင် အရှက်ကို လုံအောင် မဖုံးဘဲ နေထိုင်ကြတဲ့ လူတွေ အများစုကြားကို အရှက်လုံအောင် ဖုံးထားတဲ့ လူတစ်ယောက် ရောက်သွားရင်”
“ဒါကတော့ မဖြစ်နိုင်ပါဘုရား … လူမှန်ရင် အရှက်ကို လုံအောင် ဖုံးပါတယ်ဘုရား။ တိရစ္ဆာန်တွေမှသာ ကိုယ့်အရှက်ကို ငဲ့ကွက်စရာ မလိုတာပါဘုရား”
ထိုအချိန်တွင် နန်းတော်ရှေ့သို့ မှော်ဆရာတစ်ယောက်ရောက်လာသည်။ မှော်ဆရာကြီးက
“လွတ်လပ်မှုကို မြတ်နိုးသူများ၊ လွတ်လပ်ချင်သူများ နန်းတော်ရှေ့ ရေတွင်းထဲက ရေတွေကို သောက်ကြလော့” ဟုပြောလိုက်သည်။
နန်းတော်ထဲက လူတွေက ထိုရေကို မသောက်။ လွတ်လပ်ပြီး ပျော်ချင်သည့် တိုင်းသူပြည်သားတွေက ရေတွင်းထဲက ရေကို လာသောက်ကြသည်။ ပျော်ကြသည်။ ပျော်လွန်းသဖြင့် တစ်ကိုယ်လုံး ချွတ်နေကြသည်။ တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်း၊ တစ်သောင်းမှ တစ်သိန်း အားလုံး ပျော်လွန်းသောကြောင့် ကိုယ်လုံးတီးချွတ်ကာ လွတ်လပ်မှုကို ခံစားကြသည်။
နန်းတော်ထဲတွင်လည်း ရေတွင်းထဲက ရေကို သောက်ကြည့်လိုသူတွေ ပေါ်လာသည်။ စမ်းသောက်ကြသည်။ နန်းတော်ထဲက မင်းချင်း အပျိုတော် အားလုံး လွတ်လပ်ကုန်ပြီး အဝတ်တွေချွတ်ကုန်ကြသည်။
နောက်ဆုံး ဘုရင်၊ မိဖုရားနှင့် မှူးမတ်တွေပဲ ကျန်တော့သည်။ ဘုရင်ကလည်း သူ့အပါးတွင် ခစားသူ အပေါင်းကို ရေတွင်းထဲက ရေကို မသောက်ရဟု အမိန့်ထုတ်သည်။
နန်းတော်ရှေ့တွင် လူထုက ဆူကုန်ပြီ။
“ဘုရင်ကြီး အလိုမရှိ”
“ဘုရင်ကြီး အလိုမရှိ”
ဝိုင်းအော်သည်။ ထီးနန်းကဆင်းပေးရန် ဝိုင်းတောင်းဆိုသည်။
“ဘာဖြစ်လို့လဲ အမတ်ကြီးများ”
“ပြည်သူတွေက ကျွန်တော်မျိုးတို့ကို သူတို့လို မလွတ်လပ်တဲ့သူတွေလို့ ထင်နေပါတယ် ဘုရား။ ဒါကြောင့် မလွတ်လပ်သူတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ လွတ်လပ်ရေးဆိုတာ မရှိနိုင်ဘူးဆိုပြီး လွတ်လပ်ရေး တိုက်ပွဲ ဝင်နေကြတာပါဘုရား”
“ခက်ကုန်ပြီ ဘယ်လို လုပ်ရပါ့။ ငါတို့မှာ ဟီရိသြတ္တပ္ပဆိုတာရှိတယ်လေ”
“အားလုံးက ဟီရိသြတ္တပ္ပ မရှိချိန်မှာ အရှင်မင်းကြီးအနေနဲ့ စောင့်ထိန်းချင်သေးတယ်ဆိုရင်လည်း ရာထူးက ဆင်းပေးလိုက်ရုံပေါ့ဘုရား”
“ငါဘာလုပ်သင့်သလဲ”
“တစ်လမ်းပဲရှိတာပေါ့ဘုရား … ရွေးချယ်ခွင့်မှ မရှိတော့တာ”
ဤသို့ဖြင့် မင်းနှင့်မိဖုရားအပါအဝင် အမတ်တွေအားလုံး နန်းရှေ့ရေတွင်း၌ ရေသောက်ပွဲ ကျင်းပကြလေသည်။ ရေသောက်ပွဲကျင်းပပြီး သေးပေါက်ချင်သည့်အခါကစ၍ အဝတ်တွေကို ချွတ်လိုက်သည်မှာ အားလုံး ကုန်သည် အထိဖြစ်သည်။
အဝတ်တွေ ကုန်မှ တစ်တိုင်းပြည်လုံးက လက်ခုပ်သြဘာပေးပြီး
“ငါတို့ ဘုရင်ကြီး သက်တော်ရာကျော် ချွတ်စေသော်” ဟုဝိုင်းအော်ကာ ဂုဏ်ပြုကြသည်။
ပေယျာလကန်တိုင်းပြည်တွင် ယနေ့တိုင် တွင်းရေသောက်ပြီး မျောက်ကဲ့သို့ လွတ်လပ်စွာ ကျင့်ကြကုန်သည်ဟု ဟောတိ မှတ်ကြကုန်။
တင်ညွန့်
၁၆.၄.၂၀၁၈
photo : google
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!
Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!