3rd Day (Chapter 3)
ညစာ စားသောက်ပြီးမှ ရွှေမုဒေါ ဘုရားပေါ်သို့ တက်ကြ၏။ စကားကောင်းနေကြသဖြင့် အချိန်တောင် အတော်လေး လင့်သွား၏။ ကျနော်တို့ ဘုရားပေါ် ရောက်တော့ ည (၁၀) နာရီပင် ထိုးနေပြီ ဖြစ်၏။ ရင်ပြင်တော်ပေါ်ကနေ ကြည့်ရှုနေကြသူူများလည်း ရှိ၏။ ကျနော်တို့ကတော့ ရင်ပြင်တော်ပေါ်ကနေ မကြည့်။ နည်းနည်းထပ်သွားလျှင် အေးအေးလူလူ ကြည့်လို့ ရသည့် နောက်နေရာ တခုသို့ ရောက်၏။ တောင်စောင်း အစွန်းလေး ဖြစ်၏။ အစွန်ဆိုပေမယ့် စိတ်ချ လက်ချ ကြည့်လို့ရ၏။ နေရာ အတော်လေး ကျယ်၏။ လူ (၁၀) ယောက်ပါ အဖွဲ့ (၄) ၊ (၅) ဖွဲ့လောက် ကိုယ့်နေရာနှင့် ကိုယ် ကြည့်လို့ရ၏။
ရင်ပြင်တော်မှာထက်စာလျှင် မီးပုံးပျံကွင်းကို ပိုပြီး မြင်ရ၏။ ရင်ပြင်တော်ပေါ်ထက်လည်း လူနည်း၏။ ထို့ပြင် ကျနော်တို့မှာ သောက်စရာများ ပါနေသဖြင့် ဘုရားရင်ပြင်တော်မှာ ထိုင်ကြည့်ဖို့က ဘယ်လိုမှ အဆင်မပြေပေ။ ထို့ကြောင့် ထို အစွန်းနားလေးအထိ သွားရောက် ကြည့်ရှုရခြင်း ဖြစ်၏။ ရှေ့ နှစ်က ရောက်ဖူးထားသည့် သူငယ်ချင်း (၂) ယောက်က လွဲလျှင် ကျန် (၄) ယောက်မှာ တအံတသြ ဖြစ်နေကြတော့၏။ တော်တော်လေးလည်း သဘောကျ နေကြ၏။ ကွင်းကို အပေါ်စီးကနေ မြင်ရ၏။ မီးပုံးပျံ မှိုင်းခံနေသည်များကိုတောင် မြင်ရ၏။ လူတိုးစရာ မလို ဆူဆူညံညံ အသံများလည်း မကြားရပေ။
မကြားရဘူး ဆိုပေမယ့် ကွင်းက အသံများက ကျနော်တို့ ကြည့်နေသည့် နေရာအထိ ကြားရ၏။ လေကြောသင့်လို့ ထင်၏။ ဒီနေ့မှာတော့ မိုးက ထပ်မရွာတော့ပေ။ ဒါတောင် နေ့လည်က နည်းနည်း ရွာလိုက်သေးသည် ဆို၏။ ညပိုင်းမှာ တိတ်သွားလို့ တော်သေး၏။ ကျနော်တို့လည်း နေရာယူပြီး စားကြ၊ သောက်ကြ စကားပြောကြရင်း လွှတ်တင်မည့် မီးပုံးပျံများကို စောင့်ကြည့်နေကြ၏။ မီးပုံးပျံကွင်း အဝင်လမ်း တလျှောက်မှာ မီးတမ်း အနီလေး အတန်းလိုက် တွေ့နေရ၏။ အချိန် အတော်ကြာမှ နည်းနည်းရွေ့သည်ကို တွေ့ရ၏။ အလှမီးတန်း မဟုတ် ကားမီးတန်းများ ဖြစ်၏။
အဖိတ်နေ့၊ လပြည့်နေ့ ဆိုလျှင် ဒီအတိုင်းပင် လမ်းက ပိတ်နေကြ။ အပေါ်က ကြည့်နေရသူအဖို့ ထို ကားတန်းကြီးက လှပေမယ့် ကားတန်းထဲက လူများ အဖို့တော့ အတော်လေး စိတ်ညစ်နေရမည် ထင်၏။ ကွင်းထဲလည်း မရောက် ပြန်လည်း ကွေ့မရ ဖြစ်နေသည့် အခြေအနေကိုး။ ဒီအတိုင်းဆို ကွင်းထဲကို ဘယ်အချိန်မှ ရောက်မည် မသိပေ။ ညနေက သူငယ်ချင်း တယောက် ပိုစ့်တင်ထားပုံအရတော့ (၃) နာရီလောက် ကြပေလိမ့်မည်။ ဒါတောင် သူက အစောသွားသူ ဖြစ်၏။ ညနေ (၆) နာရီခွဲက သွားတာ (၈) နာရီခွဲမှ ကွင်းထဲရောက်သည် ဆို၏။
ကျနော်တို့လည်း ကားတန်းကြီးကို ကြည့်လိုက်၊ မီးပုံးပျံကွင်းထဲကို လှမ်းမျှော်ကြည့်လိုက်၊ စကားလေး ပြောလိုက်၊ စားလိုက် သောက်လိုက်နှင့် အတော်လေး ဇိမ်ကျနေတော့၏။ ကျနော်တို့ အနောက်နားစီက တဖွဲ့ ပိုပြီးတော့တောင် သာယာနေကြသေး၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq