Rain & City
တနေ့ တနေ့ စာသင်လိုက်၊ ဂိမ်းဆော့လိုက်နှင့်သာ အချိန်ကုန်ကုန်သွား၏။ ထို့ပြင် စာရေးပြီး ပိုစ့်တင် ဖြစ်တယ်ပေါ့။ ဒီအကြောင်းနှင့် အစချီချီပြီး ရေးလာခဲ့သည့်မှာလည်း တော်တော်လေး များလာခဲ့ပြီ ဖြစ်၏။ တနေ့ တနေ့ သင်တန်းသို့ သွားရ၊ လာရသည့် ခရီး အကွာအဝေးကလည်း မနည်းပေ။ သင်တန်း နေရာများက ကျနော့် အိမ်နှင့် အဝေးမှာပင် ဖြစ်၏။ နည်းနည်းမှကို မနီးပေ။ ကား လည်း မ၀ယ်နိုင်သေးသဖြင့် ဆိုင်ကယ်နှင့်သာ အသွားအလာ လုပ်ရ၏။ ကျန် အချိန်များတွင် ပြဿနာ မရှိပေမယ့် မိုးတွင်းဆိုလျှင်တော့ အတော်လေး ကသီ၏။
တောင်ကြီးမိုးက အခြား ဒေသမှာ ရွာသည့် မိုးများနှင့် မတူပေ။ ရွာပြီး တိတ်ထဲမှာ မပါဘဲ တအိအိနှင့် ရွာလေ့ ရှိ၏။ တဖွဲဖွဲ တအိအိနှင့် ရွာလျှင် ရွာ၊ ထိုသို့ မဟုတ်ဘဲ သဲကြီးမဲကြီးနှင့် မကြာခဏ ရွာလေ့ ရှိ၏။ ပီပီပြင်ပြင် ရွာသည့် မိုးပင် ဖြစ်၏။ တောင်ကြီး မိုးရာသီဆိုလျှင် ပတ်ဝန်းကျင် တခုလုံး မိုးသား၊ မိုးလိပ်၊ မိုးတိမ်များနှင့် အပြည့်ပင်။ ကောင်းကင်ပြာကို မြင်ရသည့် ရက်၊ မြင်ရသည့် အချိန်ခဏလေးက တကယ်ကိုပင် နည်းလှ၏။ အရှေ့ဖက် တောင်တန်းကြီးမှာ ရစ်ဝိုင်းနေတတ်သည့် မြူခူး၊ မြူငွေ့များကိုလည်း တွေ့မြင်ရလေ့ ရှိ၏။
မိုးများ ခပ်ကြီးကြီး တချက်လောက် ရွာလိုက်လျှင်ပင်ကို မြို့က အတော်လေးကို ကြည့်လို့ ကောင်းသွား၏။ မိုးရွာနေစဉ်မှာတော့ ရေများ လမ်းပေါ်၊ မြောင်းပေါ် ပြည့်လျှံနေပေမယ့် မိုးတိတ်သွားပြီးသည့် အခါတွင်တော့ ပတ်ဝန်းကျင်က တမျိုးလေး ကြည့်လို့ ကောင်းသွားလေ့ ရှိပြန်၏။ သို့ပေမယ့် ဆက်တိုက်ကြီး ရွာနေသည့် အခါမျိုးဆိုလျှင်တော့ အဆင်မပြေလှပေ။ မလှပတော့ပေ။ အလုပ်ပျက်၊ အကိုင်ပျက်သည် မဟုတ်လား။ မိုးများ ကောင်းလျှင် လူအများစုက အိမ်မှာပဲ နေနေကြတော့၏။ ဤအကျင့်က မြို့ခံလူတော်တော်များ၏ အကျင့် ဖြစ်၏။
ထိုသို့ပြောလို့ မင်းဟာက သေချာလို့လားဟု မေးချင်စရာ ရှိ၏။ မှန်ပါ၏ တကယ်ကို ထိုအတိုင်းပင်။ မိုးများ စွေလျှင် အလုပ် သိပ်မလုပ်ကြတော့ပေ။ နားနားနေနေ နေကြတော့၏။ တနေရာထဲမှာပဲ အသာငြိမ်နေကြလေ့ ရှိ၏။ အချို့ကတော့ အပျင်းထူသည်ဟု ဆိုချင်ကြပေမယ့် ကျနော်ကတော့ ထိုအလေ့အကျင့်လေးကပင် မြို့၏ ချစ်စရာ ဓလေ့ တခုဟုပင် ဆိုချင်တော့၏။ မြို့မှာ ခပ်စောစော ဖွင့်သည့်ဆိုင် လက်ချိုးရေလို့ ရ၏။ အစားအစာ ဆိုင်များက လွဲလျှင်ပေါ့။
လုပ်ငန်းနှင့် ပတ်သက်သည့် သက်ဆိုင်သည့် ပစ္စည်း တခုခု လိုလျှင် မနက် (၉) နာရီခွဲ၊ (၁၀) လောက်မှ ၀ယ်လို့ ရမည် ဖြစ်၏။ ဆိုင် တော်တော်များများက ထိုအချိန်မှ ဖွင့်လေ့ ရှိကြသည်ကိုး။ မိုးများ မနက်ကတည်းက ရွာလိုက်လို့ကတော့ ထိုအချိန် ဖွင့်နေကြဖြစ်သည့် ဆိုင်များထဲမှ တ၀က်လောက်က မဖွင့်ကြတော့ပေ။ တော်တော်လေးကို ကြိုးစားလိုစိတ် နည်းသော၊ အားထုတ်လိုစိတ် နည်းသော မြို့သူ မြို့သားများဟု အပြစ်တင်လို့ မရပေ။ အပြစ်တင်လည်း ထိုသူများက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ကျနော် ပြောခဲ့သလိုပဲ ဤသည်မှာ ကျနော်တို့ မြို့လေး၏ ဓလေ့ လိုပင် ဖြစ်နေခဲ့ပြီ မဟုတ်လား။
Don Jaun
MSC 31
မိုးရွာတော့ အေးချမ်းတာပေါ့ ရွာပါစေ😁
Posted using Partiko Android
ဒါဟာ ချစ်စရာကောင်းတဲ့မြို့ရဲ့ လက္ခဏပ