What should we do now?
စာကလည်း ဘာရေးလို့ ရေးရမှန်းကို မသိတော့ပေ။ တနေ့တနေ့ ရေးရေးလာလိုက်တာ အကြောင်းအရာတွေလည်း စုံလှပြီ ဖြစ်၏။ အမှန်တော့ ပိုစ့်တင်စရာလေး ရှိအောင် မရမက ဖြစ်ညှစ်ပြီး ရေးနေမိခြင်း ဖြစ်၏။ ဟို အစလေး ဆွဲထုတ်လိုက်၊ ဒီအစလေး ဆွဲလိုက်နှင့် တရက် တရက် ပိုစ့်လေးတွေတော့ ဖြစ်သွားတာပါပဲလေ။ စာလေး ပုံမှန် ရေးနိုင်တာပဲ ဟုတ်နေပါပြီလေဟု ဖြေသိမ့်ရင်း အားတင်း ချီတက်နေမိ၏။ ဘယ်ဆီ ဘယ်ဝယ်နေမှန်း မသိတော့သည့် steem ဈေး တက်လာမည့် နေ့ကိုလည်း မျှော်လင့်နေမိသေး၏။
ကိုဟင်ကတော့ ပြောပါသည်။ ဒီနှစ်ကုန်အထိ steem ဈေးက ယခုအတိုင်း ရှိနေနိုင်သည် ဆို၏။ ထိုထက် ဆိုးသည်က steem ဈေးသည် ယခုဈေးအတိုင်း တသက်လုံး ဖြစ်သွားနိုင်သည်ဟုလည်း ပြောသံ ကြားနေရသေး၏။ ပြောကောင်း ပြောကောင်း တချိန်ချိန်များ ဈေးပြန်တက်လာရင် ဆိုသည့် အတွေးလေးနှင့် မ၀င့်မရဲလေး မျှော်လင့် နေမိသေး၏။ အများကြီး မတက်လာခဲ့လျှင်တောင် 1 steem ကို 1 $ လောက်တော့ အနည်းဆုံးလေး ဖြစ်စေချင်လှ၏။ သို့မှသာ လူရိုသေ၊ ရှင်ရိုသေ လောက်လေးတော့ ဖြစ်လာနိုင်မည် မဟုတ်လား။ ယခုအချိန်မှာတော့ ...။
ကျလိုက်သည့် အကျ ဈေးက ပြားဂဏန်းကိုမှ တကယ့်ကို ပြားဂဏန်း အဆင့်သို့ ထိုးဆင်းသွားပြီ ဖြစ်၏။ မည်သို့ မည်ပုံ ဖြစ်သွားသနည်း။ မစဉ်းစားနိုင်လောက်အောင်ပင် ဖြစ်လှ၏။ မက်ခဲ့သည့် အိပ်မက်တွေလည်း ခုချိန်မှာတာ့ steem ဈေး နှင့်အတူ ပျံလွင့်သွားပြီ ဖြစ်၏။ မတော်တဆ ပျံလွင့်သွားသည်ဟုပဲ မျှော်လင့်ချင်ပါ၏။ ထာဝရတော့ မပျံလွင့်သွားစေချင်ပါ။ ဘာပဲ ဖြစ်ဖြစ် အိပ်မက်တော့ ဆက်မက်နေချင်သေး၏။ တချိန်ချိန်မှာ တခုခု ထူးခြား လာမှာပါဆိုသည့် အတွေးလေးနှင့်ပေါ့။
photo from Google
ဈေးက တနေ့တနေ့ ကျကျလာနေသလို၊ နေ့စဉ် ပိုစ့်တင်သည့် လူများလည်း နည်းလာခဲ့၏။ Global အနေနှင့် မပြောတတ်ပေမယ့် local အနေနှင့်တော့ တော်တော်လေးကို နည်းသွားပြီ ဖြစ်၏။ မြန်မာ တခုအနေနှင့် မပြောနှင့် MSC အနေနှင့်တောင် ပုံမှန် စာရေးတင်နေသူက အတော်လေးကို နည်းသွားပြီ ဖြစ်၏။ အင်းလေ ဈေးကလည်း အား ကျစရာ အခြေအနေ ဖြစ်နေပြီ ကိုး။ သဘောကျသည့် အားကျ မဟုတ်ဘဲ အားကုန်သည့် အားကျ ဖြစ်၏။ တချိန်တုန်းက စည်ကားခဲ့သည့် MSC ကြီး ခြောက်ကပ်သွားပြီ ဖြစ်၏။ ဘယ်အချိန် ပြန်စည်ကားလာမလဲကိုတော့ ကျနော်လည်း မပြောတတ်ပေ။
တချိန်ချိန်မှာတော့ ပြန်လည်ပြီး စည်ကားလာနိုးနိုးနှင့်တော့ မျှော်လင့်နေမိသေး၏။ (၂) နှစ်ပြည့် တွေ့ဆုံပွဲလေး မလုပ်ဖြစ်ခဲ့လျှင်တောင် နောက်နှစ် (၃) နှစ်ပြည့်၊ (၄) နှစ်ပြည့်များတော့ လုပ်နိုင်ဖို့ မျှော်လင့်နေမိသေး၏။ တနေ့နေ့မှာတာ့ ကျနော်တို့ MSC မှ လူများ ထပ်မံ ဆုံတွေ့နိုင်ပါသေးသည်ဆိုသည့် စိတ်လေးနှင့် MSC သဘောင်္ကြီးမှာ steem ခရီးသည် အဖြစ် ဆက်လက် စီးနင်းလိုက်ပါနေပါဦးမည်။
Don Jaun
MSC 31
လုပ်စရာရှိတာ လုပ်ပါ😁
Posted using Partiko Android