Train To Mandalay(part-2)
ရထားကြီးက ဂျုံးဂျုံး ဂျက်ဂျက် ဖြင့် စည်းချက်ညီညီ မှန်မှန်သွားနေရင်း ပဲခူးဘူတာ သို့ရောက်လာသည်။
"ကလေးအင်္ကျီရောင်းတာ ၁၅၀၀ပါ၊ ကာလာစုံ ဒီဇိုင်းစုံ၊ ကိုင်ကြည့်လို့ရတယ်၊ ဆိုင်တွေမှာ ၃၅၀၀၊ ၄၅၀၀ ရောင်းတဲ့အင်္ကျီတွေပါ ၊ အင်္ကျီရော ဘောင်းဘီရောပါတယ် ၁၅၀၀ပဲပေး။ "
ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှအန်တီကြီးက "ဟာ တန်လိုက်တာ"ဟု ဆိုကာ အင်္ကျီတစ်ထည်ဝယ်လိုက်သည်။
ထို့နောက် သူ့ကလေးကို တစ်ခါတည်း ၀တ်ပေးထားလိုက်သည်။
ထိုကလေးက အင်္ကျီအသစ်လေးရသွားတော့ ၀မ်းသာမြူးထူးသွားသည်။ အင်္ကျီသည်ကြီး ဟိုဘက်ရထားတွဲသို့ ရောက်သွားသောအခါ
"ဟဲ့ နင်အဲ့ဒီအင်္ကျီကို ၁၅၀၀ပေးပြီးဝယ်တာ မတန်ဘူး သိလား၊ ငါတို့ သာကေတဈေးထဲမှာဆို ၇၀၀ ပဲရှိတယ်"
"ဟုတ်လား၊ ကျွန်မကမသိလို့၊ ဈေးပေါတယ်ထင်လို့ဝယ်လိုက်တာ ၊ ကျွန်မတို့ နေပြည်တော်မှာဆို ၃၀၀၀လောက်ရှိတယ်"
"ဟုတ်လား၊ ဒါနဲ့ နင်ကဘယ်ကလဲ? ဘယ်ကိုပြန်မှာလဲ? "
"............."
".............."
ဘေးက အန်တီကြီးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် လေပေးဖြောင့်ကာ တစ်ယောက်အကြောင်းတစ်ယောက်မိတ်ဆက်နေကြသည်။ သူများကိုယ်ရေးကိုယ်တာကိစ္စတွေမို့ ကျွန်တော်စိတ်မ၀င်စားတော့ပါ။ ကျွန်တော်စိတ်ဝင်စားသည်က ကျွန်တော် ဗိုက်ဆာနေပြီ။ ညစာစားချိန်ရောက်ချေပြီ။
Image Source
ဈေးသည်တွေကတော့ အများကြီးပါ။
"ပြောင်းဖူးပြုတ်ပူပူလေး တစ်ဖူး ၃၀၀၊ နှစ်ဖူး ၅၀၀။
ရှမ်းပြောင်း သကြားပြောင်းပါတယ်"
"ကောက်ညှင်းထုတ်ပူပူလေး စားကြဦးမလား"
"ရေနွေးပူပူလေးတွေရမယ်"
အမှောင်ရိပ်က ကြီးစိုးချေပြီ။ လကလည်းမသာတော့ အပြင်ဖက်က ရှုခင်းများကို ကြည့်၍မရတော့ပါ။ ကျွန်တော်က လာသမျှဈေးသည်ဆီက မုန့်တွေဝယ်စားထားတော့ ဗိုက်လေးကာ မျက်စိကိုပိတ်ထားလိုက်ကာ နားကြပ်ဖြင့် သီချင်းနားထောင်၍ မှိန်းနေလိုက်သည်။ မည်မျှအချိန်ကြာသွားသည်မသိ ပျဉ်းမနားဘူတာသို့ ရောက်လာသည်။
Image Source
"ပျဉ်းမနား မျှစ်ရှင်ရမယ်၊ မျှစ်ရှင် မျှစ်ရှင် ၊
လက်ဆောင်ကောင်းတယ်နော်"
(မျှစ်ချင်ဟု ပီပီသသ အော်မရောင်းဘဲ မျှစ်ရှင်ဟုသာ အော်ရောင်းကြသည်မှာ ပျဉ်းမနားသူများ၏ ချစ်စဖွယ် အလေ့အဓ တစ်ခုဖြစ်ပါသည်။ )
"ငှက်ပျောချောင်းတွေ ရမယ်၊ ငှက်ပျောချောင်း"
" ထမင်းတွေရမယ်၊ ထမင်းနဲ့ဟင်း တစ်ဘူးမှ ၅၀၀နော်။
ကြက်သားနဲ့စားရမယ်၊ ချဉ်ပေါင်ကြော်လေးနဲ့ မြေပဲကြော်နဲ့ ၅၀၀ပဲနော်၊ ထမင်း ထမင်း "
"ထမင်းတစ်ဘူး ၃၀၀ ၊ နှစ်ဘူးမှ ၅၀၀ နော် "
ထိုအသံကြားတော့ ကျွန်တော့်စိတ်ထဲတွင် မနှစ်မြို့သလိုဖြစ်သွားသည်။ ဒီအသံက ကောင်းရောင်းကောင်းဝယ်လုပ်စားခြင်းမဟုတ်။ မလိမ့်တပတ်ဖြင့် ဈေးရောင်းသည့်အသံဖြစ်သည်။ အတွေးတွေက
လွန်ခဲ့သော 2016 ခုနှစ်ဆီ ပြန်လည်ရောက်ရှိသွားသည်။
ထိုစဉ်က ကျွန်တော်တို့သူငယ်ချင်းလေးယောက် မန္တလေး ကနေ ရန်ကုန်သို့ ရထားဖြင့် ပျော်ရွှင်စွာခရီးထွက်လာကြချိန်။
ထိုဈေးသည်နှစ်ယောက်ရောက်ရှိလာသည်။
အသက်၂၀ကျော်အရွယ် ယောက်ျားလေးနှစ်ယောက်...
"ထမင်း ၁ဘူး ၃၀၀၊ နှစ်ဘူး ၅၀၀ ၊
ကြက်သားနဲ့ ငါးဖယ်နဲ့ ကြက်ဥကြော်တွေရမယ်"
ကျွန်တော့်သူငယ်ချင်းနှစ်ဦးက
"ဟာ...တန်လှချေလား၊ ငါတို့နှစ်ယောက်ဝယ်စားရအောင် ၅၀၀ပဲ ကုန်မှာ" ဟုဆိုကာ ဈေးသည်ကို လှမ်းခေါ်လိုက်သည်။
ကျွန်တော်ကတော့ Harry Potter ဇာတ်ကားကို laptop ဖြင့် ကြည့်ရှူ နေသည်။ ဇာတ်လမ်းက ကောင်းခန်းရောက်နေပြီမို့ အစားအသောက်ဘက်ကို အာရုံမရောက်ပါ။
ူသူငယ်ချင်းတွေလှမ်းခေါ်လိုက်၍ ဈေးသည်က ရောက်လာသည်။
"ဘယ်နှစ်ဘူး ယူမှာလဲအစ်ကို"
"၂ဘူးပေး"
ထမင်းဘူးနှစ်ဘူးပေးလိုက်ပြီး.....
"အစ်ကိုတို့ ဘာဟင်းနဲ့စားမလဲ"
"ကြက်ဥကြော်နဲ့"
"ငါးဖယ်ကြော်ရောထည့်ဦးမလား"
"အင်း"
ငါးဖယ်ကြော် သုံးတုံးစီထည့်ပေးလိုက်သည်။
"ရော့ ၅၀၀"
"ခနလေးနော်အစ်ကို၊ ကျွန်တော်ပြီးရင်လာယူမယ်"
ကျွန်တော်စိတ်ထဲတစ်မျိုးကြီးဖြစ်သွားသည်။
"ဘာလဲဟ၊ ဈေးသည်က ပိုက်ဆံကို နောက်မှလာယူမယ်တဲ့ .......
???'???"
၃မိနစ်မျှကြာတော့ ထိုဈေးသည်နှစ်ယောက်ပြန်ရောက်လာသည်။
"၃ထောင်ကျပါတယ်အစ်ကို"
"ဘယ်လို?
၅၀၀ ဆို"
"၅၀၀ဆိုတာ ထမင်းနှစ်ဘူး ၅၀၀ပါ၊
ဟင်းဖိုးမပါ,ပါဘူး။
အစ်ကိုတို့က ကြက်ဥကြော် နှစ်လုံးနဲ့ ငါးဖယ် ၆တုံးဆိုတော့ ၃ထောင်ကျသင့်ပါတယ်"
ကျွန်တော့်သူငယ်ချင်းနှစ်ယောက်လည်း မျက်နှာမကြည်မသာဖြင့် ၃ထောင်ထုတ်ပေးလိုက်ရရှာသည်။
"၃ထောင်ပေးရမှတော့ ဆိုင်ကြီးဆိုင်ကောင်းမှာပဲ သွားစားတော့မှာပေါ့" ဟုဆိုကာ နှမြောတသ ဖြစ်နေရှာသည်။
ယခုလည်း ထိုဈေးသည်နှစ်ယောက်ဘယ်လ်ုလိမ်ဦးမည်မသိ။
" ထမင်းတစ်ဘူး ၃၀၀၊ နှစ်ဘူးမှ ၅၀၀နော်"
"လာဦး ထမင်းနှစ်ဘူးပေး"
မသိတဲ့သူတွေကတော့ ၀ယ်စားကြသည်။
ကျွန်တော့်ဘေးက အန်တီကြီးက.. ......."
သူတို့ဆီကမ၀ယ်စားနဲ့၊ သူတို့က ဂျင်းကောင်တွေ၊ ကြည့်နေ၊
တစ်ဘူး ၃၀၀လို့သာအော်ရောင်းတာ၊ ပြီးရင် ၁ထောင်တောင်းလိမ့်မယ်၊ ငါတော့ တစ်ခါအညာခံပြီးပြီ "
"ဟုတ်လား ဘယ်လိုလိမ်တာလဲအစ်မ"
"သုံးရာဆိုတာ ထမင်းဖိုးပဲတဲ့ ဟင်းက ကြက်သားတစ်တုံး ၇၀၀ဆိုပြီး ၁ထောင်တောင်းတာ"
"ဟုတ်လား"
"ဟုတ်တယ်၊ တစ်ခါတည်း ကြက်သားနဲ့ ထမင်းတစ်ဘူး တစ်ထောင်လို့ အော်မရောင်းကြဘူး"
ဘေးအတွဲခုံက အန်တီကြီးတွေရဲ့စကားမှန်ပေသည်။
စားသုံးသူတွေဆီက တစ်ယောက်ကို တစ်ထောင်တောင်းသည်။
စားသုံးသူတွေကလည်း ထမင်းတစ်ဘူး ၅၀၀ကိုပေးစားရမှာ နှမြောလို့မှ ၃၀၀တန်ထမင်းဘူးကို ၀ယ်စားကာမှ ၁ထောင်တောင်းသည်ဆိုတော့ မခံချိမခံသာတွေဖြစ်နေကြသည်။ ထမင်းစားလို့ပြီးကာမှ ပိုက်ဆံ တောင်းတော့ မယူတော့ဘူးဟူ၍ ပြန်ပေးလို့ကလည်းမရ၊ အခက်တွေ့နေကြရသည်။
ကျွန်တော်လည်း "လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ" ဟု ဆုတောင်းရုံမှတစ်ပါး မတတ်နိုင်ချေ။
ညဥ့်လည်းနက်လှပြီ။
ရထားကြီးက ဖြူး ဘူတာကိုကျော်လာပြီ။
မန္တလေး မြို့နှင့် နီးလာသည်နှင့်အမျှ အအေးဓာတ်ကပို၍ ပို၍ တိုးလာသည်။
မှန်တံခါးတွေအကုန်ပိတ်ထားတာတောင်မှ ခိုက်ခိုက်တုန်အောင်ချမ်းလာသည်။ တံခါးတွေများဖွင့်လိုက်ရင် ဘယ်လိုများနေမလဲ?
ရာသီဥတုက ကိုယ့်ဘက်ပါလာပြီမို့ စောင်ခြုံကွေး၍ အိပ်ရုံသာရှိချေတော့သည်။
Image Source
အိပ်၍ကောင်းနေတုန်း ဖုန်း ringtone ကမြည်လာသည်။
"Tell me something I need to know...
......"
သူများအိပ်ချိန်ကို ဘယ်သူက ဖုန်းခေါ်မှန်းလဲမသိ၊ စိတ်မရှည်စွာ ဖုန်းကိုယူလိုက်တော့ "Mom" ဟုရေးထားသည်။
အမေဖုန်းဆက်တော့ ဖုန်းမကိုင်လို့မဖြစ်.......
"ဟယ်လို"
"ဟယ်လို မန္တလေး ရောက်ပြီလားသမီးလေး"
"ရှင်"
"အိပ်ရာမနိုးသေးဘူးလားသမီးလေး၊ အမေဖုန်းခေါ်နေတာကြာပြီ"
"အဟီး...ဟုတ်တယ်၊ အခုမှနိုးတာ"
"ထတော့လေ ရထားက ၈နာရီ၁၅ဆို ရထားဆိုက်မယ်ပြောတယ်၊ အမေတို့ ဘူတာကြီးရောက်နေပြီ၊ အထုပ်တွေမကျန်ခဲ့စေနဲ့နော်"
"ဟုတ်ကဲ့၊ ဒါပဲနော် အမေ"
အပြင်ကို ကြည့်လိုက်တော့ မြို့ဟောင်းဘူတာရောက်ချေပြီ။
နာရီကိုကြည့်တော့ ၈နာရီ ၄မိနစ်။
မန္တလေး ကို ရထားဆိုက်တော့မယ်၊ မျက်နှာသစ် သနားခါးလိမ်းမှ။
၈နာရီ ၁၅မိနစ်တိတိမှာ မန္တလေး ဘူတာကြီးသို့ ခရီးဆိုက်ချေပြီ။
ထိုခရီးသွားအတွေ့အကြုံလေးကို စာရေးသားကာ steemit တွင် တင်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် ခေါင်းစဉ်ကို "Train To Mandalay " ဟုသာ အမည်ပေးလိုက်ပါတော့သည်။
Written By
@honeysara
MSC-040
ခရီးကောင်းလေးပါ ဗျာ နောင်တစ်နေရာသွားဖြစ်ရင်လဲ လုတ်ပါအုံးနော် ဈေးသည်တွေ အကြောင်းလဲ ဗဟုသုတပေါ့ ကျေးဇူး
ဟုတ်....ခရီးသွား ဆောင်းပါးလေးတွေ ဆက်ရေးသွားပါမည်။
ရထားပေါ်မှာအဲ့ဒီလိုလိမ်တာတွေလည်း ရှိတာကိုး။
ရှိတာပေါ့ ညီမလေး 😞
ရထားပေါ်အှာ ဒုးလဲရှိတယ်ဟ
ဂျင်းကောင်တွေက နေရာတိုင်းမှာ ရှိပါတယ် 😔
လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းဝေးကြပါစေ
😃👍
ခရီးသွားအတွေ့အကြုံလေးပေါ့
ဟုတ် sis
သတိထားရတာပေါ့
ဟုတ် အစ်ကို
ရရထာကြီပျော်ပျော်စီး
ဟုတ် 😄
you're making steemit a great community with your content honeysara! keep it up!
Yes,I'm trying.
TRYING
Good.
သတိတော့ ထားရမှာ
ဟုတ်တယ် friend.
good
တင်ပါ့ဘုရား