စင်္ကပူ နတ်ကနား ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

" နွေရက်တွေရောက်ပြန်တိုင်း ပေါက္ကံတိုင်းကို လွမ်းမိပြန်သလို.... နန်းပွဲရ တို့ရဲ့ ညီအစ်ကို... ဟေ့ ဟေ့ "........ အဆိုတော် ဗီဗာဟိန်း ၏ နန်းပွဲရ ညီအစ်ကို သီးချင်းသံကို နားထောင်ဘူးကြပါလိမ့်မည်။ နောက်ခံတီးလုံး မြူးမြူးကြွကြွဖြင့် ထမင်းစား ရင်းထကသော ခလေးလေး တယောက် ၏ video file လည်း ကြည့်ရဘူးပါသည်။

သီချင်းသံမြူးကြွလွန်း သဖြင့် ထိုခလေးမှ မဟုတ် နားထောင်နေသူ မိမိလည်း ကိုယ်ခန္ဓာ ယိမ်းထိုး၍ ခြေလက်များ အလို လို ကွေးကောက် ကြွတက်လာပါသည်။ မြန်မာတို့ ၏ နတ်ပွဲ။ ပခန်း ကိုယ်ကြီးကျော် ၊ မင်းကြီး မင်းလေး ။ မြင်းခြံ ၊ ပခုက္ကူ အညာဘက်မှ ကျေးရွာသူ ရွာသားများက တနှစ် တခါ မှ နတ် နန်းတိုင် နန်းတခါး မကိုင် လိုက်ရလျင် နေမထိ ထိုင်မသာ ဖြစ်ကြသည်ဟု ကြားရဘူးပါသည်။

ကျွန်တော့ အနေဖြင့်တော့ နတ် များ နှင့် အနေဝေးလှပါသည်။ ခရစ်ယန်ဘာသာ ဝင်ဖြစ်သည့် အလျောက် နတ် များ ဖြင့် ပါတ်သက်ရန် မရှိပါ။ သို့ သော် စင်္ကပူ ရောက်ပြီး နောက်ပိုင်းတော့ ထို နတ်ပွဲ များ ဖြင့် ပါတ်သက်ရပါတော့သည်။ စင်္ကပူ တရုတ်တို့၏ နတ်ပွဲမှာ တရုတ်ရိုးရာ ပြက္ခဒိန် အရ ၇ လပိုင်းတွင် ကျင်းပကြပါသည်။

01.JPG

ကျွန်တော်နားလည် သလောက် ပြောရလျင် ငရဲပြည် မှ ငရဲမင်းကြီးက ၇ လ ပိုင်း တလတာ ငရဲတံခါး ဖွင့် ပေး၍ ငရဲသားများ အား လူ့ပြည်သို့ ဆင်း၍ လည်ပါတ် ရှာဖွေ စားသောက်ခွင့် ပေးလိုက်သော ကာလဟု ဆိုကြပါသည်။ ထိုကာလတွင် မိသားစု များ ၊ လုပ်ငန်းရှင်များ ၊ ရပ်ကွက် များ အလိုက် ထိုပရလောကသားများအား အစားအသောက်ကျွေး၍ ကုသိုလ်ရယူကြသည် ဟုဆိုပါသည်။

ဤသို့ ကျွေးမွေးရာတွင်လည်း ချမ်းသာလျင် ချမ်းသာသလို တတ်နိုင်ကြသူများကတော့ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ကျွေးမွေးကြပါသည်။ ထိုသို့ ကျွေးမွေးရုံသာ မဟုတ် ထိုပရလောကသားများ ငရဲဘုံတွင် အသုံးပြုနိုင်ရန် အလို့ငှာ ရွှေစက္ကူ ငွေ စက္ကူ များ ငရဲဘုံသုံး ပိုက်ဆံများအားလည်း မီးပူဇော်ပေးကြပါသည်။

အများအား ဖြင့် ထိုပရလောကသားများမှာ ဆွေမရှိ မျိုးမရှိ တကောင်ကြွက် ပရလောကသား များသာ ဖြစ်ကြပါသည်။ ဆွေမျိုး အသိုင်း အဝိုင်း ရှိသူတို့က သချိုင်းတွင် သူတို့အတွက်ရည်စူး ကျွေးမွေးကြသူများ ရှိသော်လည်း အထက်တွင် ဖေါ်ပြခဲ့သော ဆွေမရှိ မျိုးမရှိ ပရလောကသားများကတော့ ထိုကဲ့သို့သော ဘုံကျွေးမွေး လှူဒါန်းမှုတွင်သာ ဝင်ရောက်ခွင့် ရှိကြသည်ဟုဆိုပါသည်။

02.JPG
04.JPG

အများအား ဖြင့် ယခုလို ငရဲသားများ လူ့ပြည်တွင် လွတ်နေသော အချိန်တွင် သူဌေးများက အလုပ်ကြီးကြီးမား မား မလုပ်ကြပါ။ အနှောက်အယှက်များ ဖြစ်တတ်သည်ဟု ယုံကြည်ကြပါသည်။ တခါတရံလည်း ထူးဆန်းသော အဖြစ်အပျက်များ ကြုံတွေ့ကြသည်ဟု ဆိုပါသည်။ ဥပမာ တိုက်ပေါ်မှ တစုံတယောက် ခုန်ချတော့မည်ကို တွေ့၍ ရဲစခန်းသို့ ဖုန်းဆက်ကြ ပြီးနောက် ထို ခုန်ချမည့်သူ အား မတွေ့ရတော့သည့် အဖြစ်အပျက်။

Taxi ငှားစီးလာရင်း လိုရာခရီးရောက်သောအခါ ခရီးသည် မရှိတော့သည့် အဖြစ်အပျက်။ စသည်စသည်ဖြင့်။ ဤ အချိန်တွင် ပရလောကသားများအား ကျွေးမွေးရာတွင် အချို့က အစားအသောက် များသာ မက ဖျော်ဖြေရေးပါ တွဲဖက်ထည့်ပေးကြပါသည်။ ရုပ်သေးပြ ဇာတ်များ ၊ စင်တင် တေးဂီတများ စသည်ဖြင့်။

ဤသို့သော ဖျော်ဖြေပွဲများတွင် ပရလောကေသားများ အတွက် ခုံသပ်သပ် ၊ အများပြည်သူ ပရိတ်သတ်များ အတွက် ခုံသပ်သပ်ပေးထားကြပါသည်။ စတိတ်ရှိုးများ တွင်တော့ တခါတရံ နာမည်ကြီး အဆိုတော်တို့ လာရောက် သီဆိုကြသည်ဖြစ်ရာ ပရလောကသားများ သာမက လူပရိတ်သတ်များကလည်း အုံးအုံးကျက်ကျက်။

03.JPG

သို့သော် ပရလောကသားများကလည်း စင်္ကပူစည်းကမ်း လိုက်နာကြရပါသည်။ စင်္ကပူတွင် ပျော်ပွဲ ရွှင်ပွဲ ပြုလုပ်လျင် ည ၁၀ ခွဲ ထက်ကျော်ခွင့် မရှိ။ ၁၀ နာရီ ကျော်လျင် အသံတိတ်ဆိတ်သွားရပါသည်။ လူတို့ အိပ်ချိန်ဖြစ်၍ ဆူဆူညံညံ အသံများ ခွင့်မပြုတော့။ ဆိုလိုသည်မှာ Public Area ဟုခေါ်သော အများပြည်သူပိုင်နေရာတွင် ၁၀ နာရီ နောက်ပိုင်းဆူညံခွင့်မရှိ။

ထိုထက် ပိုပျော်ချင်လျင်တော့ အသံလုံ ခန်းမများ ငှား၍ ညလုံးပေါက် ပျော်ချင်ပျော် ။ အခြားသူများအား မထိခိုက်လျင် ဘားမှ မဖြစ်။ ထို့ကြောင့် စင်္ကပူရှိပရလောကသားများ လည်း အစိုးရမင်းတို့ ချမှတ်ထားသော စည်းကမ်းများ လိုက်နာကြရပါသည်။ ဤ အချိန်တွင် ပရလောကသားများ အတွက် ပျော်ရွှင်ဖွယ်ရာများ အစား အသောက်များ ကျွေးမွေးကြသည့် အပြင် ရုပ်ရှင် ရုံများကလည်း ပရလောကသားများ အတွက် ထိုင်ခုံ ချန်ထားပေးရသည်ဟု ဆိုကြပါသည်။

မည်မျှ ကောင်းသော ဇာတ်ကား ဖြစ်စေ ရုံပြည့် ပြီ၊ လက်မှတ်ကုန်သွားပြီဟု ဆိုသော်လည်း အနည်းဆုံး ထိုင်ခုံ ၄ နေရာစာတော့ ချန်ထားရသည်ဟု ဆိုကြပါသည်။ ဟုတ်မဟုတ်တော့မသိ။ ဆိုခဲ့သည့် အတိုင်း တလတိတိ လူ့ပြည်တွင် ရှာဖွေစားသောက် ပျော်ပါးခွင့်ရသော ပရလောကသားများ တလပြည့်၍ ၁၂ နာရီ မထိုးခင် ငရဲဘုံသို့ ပြန်ကြရသည်ဟု ဆိုပါသည်။ သူတို့ အတွက် ပျော်ပါးခွင့်ကာ တနှစ်လျင် တလမျှသာ။

03.JPG
05.JPG

ဤ အကြောင်း အရာနှင့် စပ်လျင်၍ မြန်မာပြည်၌ရှိသော နတ်တို့ အကြောင်း လည်း စဉ်းစားမိပါသည်။ မြန်မာပြည်ရှိ နတ်တို့ကလည်း ပရလောကသား များ လော သို့မဟုတ် ထိုထက် အဆင့်မြင့်သူများလော ကျွန်တော်မသိပါ။ သူတို့ကတော့ ကိုယ်းကွယ် ခံရသူ များ အဆင့် ဖြစ်၍စင်္ကပူရှိပရလောကသားများထက် အဆင့်မြင့်ကြသည်ဟု ထင်ပါသည်။

အဘယ်ကြောင့်ဆိုသော် တနှစ်ပါတ်လုံး လူ့ပြည်တွင် နေထိုင်နိုင်ကြသောကြောင့် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် နတ်အကြောင်း ၊ ပရလောကသားများ အကြောင်း အများကြီး နားမလည်ပါ။ သို့သော် စင်္ကပူရှိ ပရလောကသားများအား အလှူပေး ရန် ပြင်ဆင်ထားသော စားသောက်ဖွယ်ရာများ ၊ ဝက်ကောင်လုံးကင် ၊ ကြက် ဘဲ ကောင်လုံးကင်များ ၊ သီးနှံများ အား ကြည့်၍ မြန်မာပြည်တွင် ရှိသော မရှိဆင်းရဲသားများ ၊ မိဘမဲ့ ဂေဟာများ ရှိခလေးများ ၊ ကျူးကျော်ရပ်ကွက်ရှိ ဆင်းရဲသားများအား သာ ကျွေးမွေးလိုက်ရလျင်.... ဟူသော အတွေးကို ဖြစ်စေပါသည်။

ချမ်းသာသော နိုင်ငံတွင် ပရလောကသားများပင် ဝဝလင်လင် အလျှံ အပယ် စားသောက်နေကြသည်ကို ကြည့်၍ မြန်မာပြည်ရှိ ဗိုက်ပူ နံကား ခလေးငယ်များအားသာ မြင်ယောင်မိနေပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ခရစ်ယန်ဘာသာမှ မဟုတ်ပါ ဗုဒ္ဓဘာသာစစ်ရင်လည်း နတ်မကိုးကွယ်ပါ... မိရိုးဖလာဗုဒ္ဓဘာသာယောင်တွေသာ ကိုးကွယ်ကြပါတယ်။

စလုံးက ပရလောကသားတွေကို ပေးလှူကျွေးတဲ့ အစားအစာတွေကို လူတွေ စားကြသလားဗျ..
မြန်မာတွေ နတ်ဆက်တာတော့ စားကြတာပဲ...

Posted using Partiko Android

ဟုတ်တယ်ကိုဟိန်း... နတ်ဆက်ပြီးတာနဲ့ အစားအသောက်တွေ စည်သွပ်ဘူးတွေ ဆန်တွေ ဆီဘူးတွေ ကို အလုပ်သမားတွေကို ပြန်ဝေ ပေးလိုက်ကြတယ်။ အစားအသောက်တွေလည်း စားနိုင်သလောက် ယူနိုင်တယ်။ ပိုနေရင်တော့ အလုပ်သမား အဆောင်တွေမှာ လိုက် ဝေပေးလိုက်ကြတယ်။

စင်္ကပူ ပရလောကသားတွေ တစ်လစာ အစားအသောက်က မြန်မာပြည် နတ်တွေ တစ်နှစ်လုံးစာနဲ့ ညီမျှပါ ကိုဟင်ရာ

ဒါတောင် ကုမ္ပဏီ တခုတည်း ရှိသေးတယ်။ စင်္ကပူ တနိုင်ငံလုံး က အခြား ကုမ္ပဏီတွေနဲ့ ရပ်ကွက် အလိုက်... အခြား သီးသန့် လှူကြသူတွေနဲ့ ဆို...... တွေးကြည့်ပေတော့ ကို ထွေးရေ..