ယနေ့ Hong Kong - အပိုင်း (၂ ) (Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ယနေ့ဟောင်ကောင် အကြောင်း ဆက်ပါအုံးမည်။ ယနေ့ထုတ် Singapore Strait Time သတင်းစာ တွင် ဖေါ်ပြထားချက်အရ ယမန်နေ့ကအထိ ဟောင်ကောင် ဆန္ဒပြမှုတွင် အဖမ်းဆီးခံရသူ ၅၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်းနှင့် လူပေါင်း ရာနှင့်ချီ၍ ထိခိုက်ဒါဏ်ရာ ရကြကာ ဆေးကုသခံယူနေရကြောင်း ဖေါ်ပြထားပါသည်။

ဟောင်ကောင်တွင် အဘယ်ကြောင့် ဤကဲ့သို့သော အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားလာရသနည်း။ အစကောက်ရလျင် ဟောင်ကောင်၏ နိုင်ငံရေး နောက်ခံသမိုင်းကြောင်း အား အနည်းငယ်သိထားရန် လိုအပ်ပါသည်။ ဟောင်ကောင်အား ဗြိတိသျှ တို့ တရုတ်ပြည်မသို့ ၁၉၉၇ တွင်ပြန်လည် အပ်နှံခဲ့ကြောင်း ဖေါ်ပြပေးပြီး ဖြစ်သည့် အတိုင်း အားလုံးအသိဖြစ်ပါသည်။

သို့ရာတွင် ချွင်းချက်အနေဖြင့် ဗြိတိသျှ တို့၏ အုပ်ချုပ်ရေး ( Basic Law ) အခြေခံဥပဒေမှာ နှစ် ၅၀ ထပ်မံ အကျိုးသက်ရောက်နေအုံးမည် ဖြစ်ပါသည်။ ဤ ဟောင်ကောင် ( Basic Law ) အခြေခံဥပဒေအား တရုတ်ပြည်မကြီးကလည်း လက်ခံ၍ ဟောင်ကောင်အား တနိုင်ငံ စနစ် ၂ မျိုး ဖြင့်အုပ်ချုပ်ရန် ဗြိတိသျှ တို့ဖြင့် သဘောတူခဲ့ပြီး ဖြစ်ပါသည်။

ဆိုလိုသည်မှာ ဟောင်ကောင် အနေဖြင့် ၂၀၄၇ အထိ ကိုယ်ပိုင် အုပ်ချုပ်ရေး ၊ ကိုယ်ပိုင်ငွေကြေး ၊ ကိုယ်ပိုင် ကာကွယ်ရေး ၊ ကိုယ်ပိုင်စီးပွားရေး နှင့် ဒီမိုကရေစီ လူ့အခွင့်အရေး စသည်တို့ အပြည့်အဝရရှိမည် ဖြစ်ပါသည်။ ၂၀၄၇ ရောက်မှ တရုတ်ပြည်မကြီး၏ ဥပဒေများ သက်ရောက်လာမည် ဖြစ်ပါသည်။

HK5.jpg

Original Source

သို့သော် တရုတ်ပြည်မကြီးတွင် ၂၀၁၂ ခုနှစ် သမ္မတ ရှီကျင်းပင် တက်လာပြီးနောက် နိုင်ငံရေး ၊ စီးပွားရေး ပေါ်လစီများ တစစပြောင်းလည်းလာပါသည်။ ထို့အတူ ကွန်မြူနစ် တစ်ပါတီ စနစ်အောက်တွင် လူ့အခွင့်အရေး ၊ စာနယ်ဇင်းလွတ်လပ်ခွင့်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအား တင်းကျပ်စွာကိုင်တွယ်လာခဲ့ပါသည်။

ဟောင်ကောင် ဆန္ဒပြပွဲများ အကြောင်း ဆက်ပါအုံးစို့။ လူထုအုံကြွမှုဟူသည်မှာ ပြည်သူ လူထု၏ စိတ်ထဲတွင် တအုံနွေးနွေး ဖြစ်နေသော မကျေနပ်စိတ်များ အုံကြွ ပေါက်ကွဲထွက်လာသော အဖြစ်အပျက် ဖြစ်ပါသည်။ ဤကဲ့သို့ပင် ဟောင်ကောင်လူထုကလည်း ယခုကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်ပေါ်လာစေရန်သူတို့ စိတ်ထဲတွင် တအုံနွေးနွေးရှိနေသော မကျေနပ်စိတ်များရှိနေပါသည်။

၂၀၁၂ တရုတ်သမ္မတ ရှီကျင်းပင်တက်လာပြီးနောက် ဟောင်ကောင် သို့ တရုတ်စီးပွားရေး လုပ်ငန်းများ ပိုမိုစီးဝင်လာသည်။ ထို့အပြင် ဟောင်ကောင်၏ အုပ်ချုပ်ရေးနှင့် ပညာရေး ဌာနများတွင် ပြည်ကြီးတရုတ်များ တဖြည်းဖြည်း ဝင်ရောက်လာကြပါသည်။ ဟောင်ကောင်သားတို့အနေဖြင့် ထိုအရာများအား မနှစ်သက်သော်လည်း မကျေနပ်မှုများ အဖြစ်သာ မျိုသိပ်ထားခဲ့ပါသည်။

ထို့နောက် ၂၀၁၅ တွင် Causeway Bay Book ပြသနာပေါ်ပေါက်လာပါသည်။ ဟောင်ကောင်ရှိ Causeway Bay Book စာအုပ်တိုက်မှာ အထူးသဖြင့် နိုင်ငံရေးစာအုပ်များ ထုတ်ဝေသော စာအုပ်တိုက်ဖြစ်သည့်အပြင် တရုတ်ပြည်မကြီး နှင့် ကွန်မြူနစ်ပါတီတို့အား ပွင့်ပွင့်လင်းလင်းဝေဖန်တိုက်ခိုက်သော စာအုပ်များ ထုတ်ဝေပါသည်။ ထို Causeway Bay Book မှ ထုတ်ဝေသော စာအုပ်များ တရုတ်ပြည်မကြီးတွင် ဖြန့်ဝေခွင့် ပိတ်ထားပါသည်။

HK9.jpg

Original Source

ဆိုခဲ့သည့် အတိုင်း ၂၀၁၅ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း Causeway Bay Book မှ ဝန်ထမ်း ၃ ယောက် တရုတ်ပြည်သို့ အလည်အပတ်သွားစဉ် အဖမ်းခံရပါသည်။ အဓိကထုတ်ဝေသူ မှာ ထိုင်းနိုင်ငံတွင် အဖမ်း ခံရ၍ အခြား တယောက်မှာ ဟောင်ကောင်တွင်ရှိနေစဉ် ပျောက်ကွယ်သွားခြင်း ဖြစ်ပါသည်။

ထို့နောက်များ မကြာမှီ ၂၀၁၆ February လတွင် တရုတ်ပြည် ကွမ်တုံ အစိုးရက ထို ၅ ယောက်အား အရေးယူထားကြောင်း အတည်ပြုပြောဆိုခဲ့ပါသည်။ Causeway Bay Book အကြောင်း အကျယ်ရေးသားရလျင် စာရှည်မည်စိုးသောကြောင့် ဤနေရာတွင် ဖြတ်ခဲ့ပါမည်။ ဤသို့ ဟောင်ကောင် နိုင်ငံသားများ အခြားနိုင်ငံတွင် ဖမ်းဆီးအကျဉ်းချခံရသည်မှာ ဟောင်ကောင်၏ လွတ်လပ်ခွင့် ဆုံးရှုံးခြင်းပင်ဖြစ်ပါသည်။

အကြောင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်ရှိသော ဟောင်ကောင် နိုင်ငံသားမှာ စာနယ်ဇင်းကြောင့် အပြစ်ကျလျင် ဟောင်ကောင်နိုင်ငံတွင်သာ အပြစ်ကျရပါမည်။ အခြားနိုင်ငံတွင် စီရင်ခွင့်မရှိပါ။ ထို့အပြင် ထို Causeway Bay Book ကိစ္စတွင် ဟောင်ကောင်အုပ်ချုပ်ရေး ပိုင်းမှလည်း တရုတ်အစိုးရသို့ ထိရောက်သော တုန့်ပြန်မှုမလုပ်ခဲ့ပါ။

ဤသို့သော အခြေအနေများကြောင့် ဟောင်ကောင်နိုင်ငံသားတို့သည် မိမိတို့၏ လူ့အခွင့်အရေး ၊ စာနယ်ဇင်း နှင့် လွတ်လပ်စွာ ဟောပြောခွင့် တို့မှာ တရုတ်ပြည်မကြီး ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသည်ဟု ခံစားရစေပါသည်။ သို့သော်လည်း ဤ အဖြစ်အပျက်မှာ မကျေနပ်မှုအဆင့်တွင်သာ ရှိခဲ့၍ မည်သို့သော လှုံ့ဆော်မှုမှ မရှိခဲ့ပါ။

HK7.jpeg

Original Source

သို့သော် ထို တရုတ်ပြည်မကြီးအား မကျေနပ်သော စိတ်များ တအုံနွေးနွေးဖြင့်ရှိနေရာမှ ပေါက်ကွဲထွက်လာ၍ လူထုဆန္ဒပြပွဲများအထိ ဖြစ်လာစေသော အဖြစ်အပျက်တခုမှာ ၂၀၁၈ အစောပိုင်းတွင် ဖြစ်ပွားခဲ့ပါသည်။

လက်ရှိ ဟောင်ကောင်၏ စီးပွားရေး အား ဟောင်ကောင် ဒေါ်လာ ဘီလီယံ ၂၀ နီးပါး နစ်နာစေသော ၊ ယနေ့အထိ လူပေါင်းရာနှင့်ချီ ဒါဏ်ရာရ ၊ အယောက် ၅၀၀၀ ကျော် ဖမ်းဆီးခံနေရသော ဆန္ဒပြမှု ၏ အစမှာ ၁၉ နှစ်သား အရွယ်ရှိ ဟောင်ကောင်နိုင်ငံသား Chan Tong-kai ဟူသော ကောင်လေးမှ တိုင်ဝမ် နိုင်ငံတွင် လူသတ်မှုကျူးလွန်ရာမှ အစပြုခဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကွန်မြူနစ်ရဲ့ စာနယ်ဇင်း မီဒီယာ လွတ်လပ်ခွင့်ကတော့
မထင်ရင်မထင်သလို ပြစ်ဒဏ်ကြီးမားလိမ့်မယ် ထင်ပါ့ဗျာ
ဟောင်ကောင်သားတွေ တရားရေး အောင်မြင်ပါစေ။

Posted using Partiko Android

အဲဒီ အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ နိုင်ငံရေးလှည့်ကွက် တွေ အများကြီးပါတယ်.... နောက်ဆောင်းပါးတွေမှာ အပြည့်အစုံဖေါ်ပြပေးပါ့မယ်။

ဖတ်လို့အရမ်းကောင်းဗျာ .. မသိသေးတာတွေသိရတာ အရမ်းကျေးဇူးတင်ပါတယ် အစ်ကိုဟင်ခင်ဗျ

ကျေးဇူးအများကြီးတင်ပါတယ်။ ဆက်လက်ပြီး ကြိုးစားဖေါ်ပြပေးပါ့မယ်။

တဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီ ဆက်လက်စောင့်မျော်နေပါမည်

ဇတ်ရှိန်က ဆက်မြှင့်အုံးမှာ ဦးထွေးရေ...... တကယ်တော့ causeway Bay book စာအုပ်တိုက် က အဓိက လူတွေ ပျောက်သွားရတဲ့ အကြောင်းရင်းက အဲဒီအချိန်မှာ အဲဒီစာအုပ်တိုက်ကနေ ( ရှီနှင့် သူ၏မိန်းမခြောက်ယောက် ) လို့ အမည်ရတဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ကိုယ်ရေး လျို့ဝှက်ချက်စာ အုပ် ရိုက်နှိပ်နေတာ လို့သိရတယ်။

အဲဒီအချက်ကလည်း အဲဒီစာအုပ်တိုက် ပျောက်သွားရခြင်း အကြောင်းတခုပေါ့။ ဒါက နိုင်ငံရေး သီးသန့်ဆိုတော့ ဆောင်းပါးထဲမှာ ချန်ထားခဲ့လိုက်တာ။ တကယ်တော့ အဲဒီ Causeway Bay Book အကြောင်းရေးရင်ကို ဆောင်းပါး တခုစာလောက်ရှိလိမ့်မယ်။