တောင်တန်းများ
တောင်တန်းများ
+++++++++
အခုတစ်လော ဘာကြောင့် မှန်းမသိ တောင်တန်းများ အကြောင်းကို တွေးနေ မိသည်။ တကယ်ဆို တောင်တန်းတွေနှင့်ဝေးရာ.. တောင်တန်းများကိုမမြင်ရ၊ သူနှင့် မသက်ဆိုင်သော၊ သူ၏ အငွေ့အသက် စိုးစဉ်းမျှမရှိသော နေရာတွင် ရောက်နေတာ ကြာခဲ့ပြီ။ သို့သော် တောင်တန်းများ နှင့်ပတ်သက်သည့် အတွေး၊ လွှမ်းမိုးမှုကိုတော့ ဖျောက်မရ၊ ဘယ်တော့မှလည်း ဖျောက်ရမည် မထင်။ တောင်တန်းများကို ကျွန်တော် ချစ်သည်။
ငယ်စဉ် ကလေးဘ၀က တောင်တန်းများကို အဝေးမှ ငေးကြည့်ပြီး ထိုတောင်တန်းများ၏ စိမ်းညို့ညို့ သစ်တောများကြားမှာ ဘာတွေရှိ မလဲဆိုတာ တွေးရသည်ကို နှစ်သက်သည်။ လူတွေများ တောင်စောင်းမှာ သွားလာ နေမလား၊ သားရဲတိရိစ္ဆာန်တွေများ ရှိနေမလား၊ စီးဆင်းနေသော စမ်းချောင်းငယ်များ ရှိလေမလား တွေးမိသည်။ ထိုနောက် ဖြစ်ပေါ်လာသော အတွေးက အဝေးကြည့် မှန်ပြောင်း တစ်လက် ရူးရူးမူးမူး လိုချင်မှု ဖြစ်သည်။ အဖေက စစ်သုံးမှန်ပြောင်းတွေ အကြောင်း ပြောပြတော့ ပိုပြီး လိုချင်ခဲ့သည်။ ။ ပြီးတော့ အဝေးကြည့်မှန်ပြောင်း တစ်လက် ဖြင့်ဆိုလျှင် တောင်တန်းတွေကို သေချာ မြင်နိုင်မည်ဟု
ယုံကြည်ခဲ့သည်။
မှန်ပြောင်းမရှိလည်း တောင်တန်းတွေအထက် ကောင်းကင်မှာ နွေတိမ်တိုက်
ဖြူဖြူတွေ ခမ်းနားစွာ တအိအိ သွားနေကြသည်ကိုလည်းကြည့်ပြီး ကြည်နူးခဲ့သည်။ တိမ်ဆိုင်တွေလို တောင်တန်းတွေမှာ ရစ်သိုင်းနေချင်သည်။ တိမ်ဆိုင်နှင့် နေရောင်ကြောင့် အရောင်ပြောင်းနေသော တောင်တန်းပြာပြာကြီးများကို သဘောကျသည်။ နွေဦးပေါက်တွင်
လောင်တတ်သော တောမီးများကို ထိုင်ကြည့်ပြီးကြောက်ရွံ့စိုးရိမ်တတ်သလို၊. တောင်ပေါ်မှာ ညဘက် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် အလင်းရောင်လေးတွေက ဘာတွေ ဖြစ်မလဲ တွေးကြည့်၊ အဖြေထုတ် ကြည့်သည်။ အဖြေမထွက်သည့်အခါ ထိုနေရာကို ချက်ချင်း ရောက်အောင်သွားနိုင်သော အရာတစ်ခုကို တောင့်တတတ် လာပြန်သည်။
ရံဖန်ရံခါ ရုတ်တရက် လင်းလက်သွားသော အလင်းတန်းကိုတွေ့မိစဉ် ထိုအရာသည် မိဘများ ပြောပြဖူးသော ပတ္တမြားငမောက်လို တန်ဖိုးရှိသော ရတနာတစ်ခုများ ထလင်းလက်တာ များလားဟု တွေးမိကာ .ထိုအရာကို မြင်ဖူး၊ကြည်ဖူး ရဖူးချင်ခဲ့သည်။ ထိုစဉ်က ကျွန်တော်အသက်မှာ ၆ နှစ်ခန့်ရှိမည် ထင်သည်။ တောင်တန်းများသည် ကျွန်တော့် အတွက်တော့ နက်နဲလှသော ပုစ္ဆာတစ်ပုဒ်လိုပင်.
ကျွန်တော့်အသက် ၁၀နှစ်ခန့်တွင် အိမ်ဘေးသို့ပြောင်းလာသော အန်တီကြီးပြောပြသည့် သူတို့ရွာအနီးမှ တောင်တန်းများ အကြောင်းသည် ကျွန်တော့်လို တောင်တန်းတွေ ငေးတတ်သည့် သူအတွက်တော့ မရိုးနိုင်သည့် နားဆင်စရာ များဖြစ်လာ ပြန်သည်။
သူတို့ရွာအနောက်ဘက်မှ မြေဖြူတောင်၊မြေနီတောင်၊မြေ၀ါတောင်များ အကြောင်း၊ ယာခင်းထဲမှ ၀က်ဝံကြီးများအကြောင်း၊ ပါးစပ်ရာဇ၀င်အရ ပျူခေတ်တွင် စစ်ပြေးလားရင်း ထိုတောင်များ ထဲတွင်ရှိသော ကျောက်လိုဏ်ဂူ၌ ယာယီနန်းတော်တည်ကာ ပုန်းရှောင်နေသည့်
ဘုရင်နှင့် နောက်လိုက်၊နောက်ပါများအကြောင်း၊ ထိုမင်းများက အမှားအယွင်း ပြုမိသောအခါ လိုဏ်ဂူကြီးပိတ်သွားခဲ့ပြီး ၊ ထိုလူများ ပိတ်မိနေခဲ့သော တောင်တန်းကြီးများ အကြောင်းကိုကြားပြီးနောက် ထိုနေရာများကို သွားကြည့်ချင်ခဲ့သည်။ ထိုလိုဏ်ဂူကြီးထဲမှ လပြည့်ညဘက်ဆိုလျှင် ပျူခေတ်တေးသွားများ တီးမှုတ်၊ ကခုန်သံတွေ ကြားရတတ်သည်ဟုလည်း ဆိုသည်။ လပြည့်ညဆိုလျှင် ထိုစကားအား သတိရမိ တတ်ခဲ့သည်။ထို့အတူ တောင်တန်းတွေမြင်တိုင်း ထိုသို့သော ယုံတမ်းပုံပြင်များထဲကလို များ ရှိမလားဟု အတွေးနယ်ချဲ့တတ်သည်။ ကျွန်တော်နှင့် နီးစပ်ရာ တောင်တန်းများသည် ကျွန်တော်အတွက် စိတ်ကူးယဉ်စရာ တကယ့်ကမ္ဘာကြီး အဖြစ်နှင့် စိတ်ကူးယဉ် ဒဏ္ဍာရီ နယ်မြေတစ်ခုအဖြစ် ထပ်မံတွန်းပို့ ခံခဲ့ရပြန်သည်။
တောင်တန်းများကို ချစ်တတ်သော အကျင့်သည် လူငယ်ဘ၀တွင်လည်း မပျောက်။သို့သော် အတွေးများကတော့ ပြောင်းလာခဲ့သည်။ ငယ်စဉ်က အဝေးမှ ငေးခဲ့သော ထိုတောင်တန်များဆီသို့ အရောက်သွားခဲ့သည်၊ ထိုတောင်တန်းများ၏ သစ်တော စိမ်းများအောက်တွင် စီးဆင်းနေသော စမ်းချောင်းများ၌ ရေကူး အနားယူခဲ့ဖူးသည်။ သစ်ခွပန်းလေးတွေရဖို့ အပင်ပေါ်တက်ခွာ. ပျော်စရာကောင်းလှသည်။ ရာသီအလိုက် အရောင်တွေပြောင်းတတ်သော တောင်တန်းတွေလို ကျွန်တော်တို့လည်း အရောင်တွေ စုံလာသည်။ အရောင်တွေနဲ့ ဘ၀ကို အလှဆင်တတ် လာသည်။ တောင်တန်းကြီးတွေလို ခန့်ညားသူ၊ တည်ကြည်သူ ၊ မပြောင်းလဲတတ်သူ။ လူ့လောကကောင်းကျိုးပေးသူ တွေဖြစ်ဖို့ အိပ်မက်ကြီးတွေ မက်တတ်လာသည်။
တောင်တန်းကြီးတွေလို ကြီးမြတ်သူတွေ ဖြစ်ဖို့ကြိုးစား ကြသည်။
အမြင့်ဆုံးသော တောင်တန်းများပေါ် ရောက်ဖို့ ကြိုးစားရင်း ဘ၀မှတ်တိုင်များကို ဖြတ်ကျော် စံသတ်မှတ်ရင်း၊ မောပန်းနွမ်းနယ်ကာ ရပ်တန့်ဖြစ်ဖို့ ကြိုးစားမိသည့် အခါများစွာလည်း ကြုံခဲ့သည်။ အမြင့်ဆုံးသော တောင်တန်းများ အပေါ်ကို ရောက်ဖို့ကြိုးစားသည့်အခါ ပင်ပန်းလွန်းလို့ လက်လျှော့ခဲ့ချင်ပေမယ့် အောင်မြင်သွားသည့်အခါ အသက်ရှုမှားလောက်သည့် အလှအပကို ခံစားမိချိန် ထိုပင်ပန်းမှုကို မေ့ပျောက်သွားပြီး ထပ်မံတားဆီးနေသော အခက်အခဲလို တောင်တန်းများကို ကြိုးစားတက်မိပြန်သည်။
ငယ်စဉ်ကလို ထိုနေရာကို အလျှင်အမြန်ရောက်ဖို့ မလွယ်ကူမှန်းသိလာသည်။ တန်ဖိုးရှိသော ရတနာ တစ်ခု ဟာ ရှာဖွေရခက်လာသည်ဆိုတာကိုလည်း သိလာသည်။ အဝေးမှ ငေးကြည့်ခဲ့ရသော တိမ်ဆိုင်များ ကို အတူတကွ သော်လည်းကောင်း ၊ အပေါ်စီးမှသော်လည်းကောင်း ထိတွေ့ခွင့်တွေရလာခဲ့သည်။ ငယ်စဉ်ကယုံကြည်ထားသည်မှာ တောင်တန်းများသည်. တည်ငြိမ်သည်။ အရောင်များသည် သူ့ကိုလှပစေသည်..သိုသော် သူသည်အရောင်များသည် အများကြီးမပြောင်းလဲပေ။လောကဓံလို တောမီးများ လောင်ကျွမ်းလည်း ထိုအရာသည် သူ့အား အလဲမထိုးနိုင်။ အချိန်တန်တော့ စိမ်းစိုမြဲ.၊ စမ်းချောင်းများက စီးဆင်းဆဲ.။ နက်နဲမှုတွေနှင့် ပြည့်နေဆဲပါ။
ကျွန်တော်ယုံကြည်ခဲ့သော အချစ်သည် တောင်တန်များလိုပင်..တည်ငြိမ်သည်။ ခန့်ညားသည်၊
တစ်ခါတစ်ရံ မယုံကြည်နိုင်ဖွယ် အဖြစ်အပျက်တစ်ခု လိုလည်း ဖြစ်သည်။ အဖြေမရှိ ၊ အဖြေရှာရန်မလို။ တန်ဖိုးရှိမှုသည် မည်သည့်နေရာတွင် မသိ။ နားလည်းမလည်။ အဝေးကငေး ကြည့်ခဲ့ရသည် တိမ်ဆိုင်ဖြူလို ရူးသွပ်ခဲ့ရသည်။ မီးတောက်တွေလိုလည်း အဝေးမှ ပူလောင်ခဲ့ ရသည်။ သူ့ရဲ့ အရောင်တွေအောက် .စမ်းချောင်းဘေး. .အ၀ါရောင်လမ်းလေးတစ်ခု ကိုလျှောက်ရစဉ်မှာတော့ အရာရာဟာ ပြည့်စုံခဲ့ဖူးသည်။ အမြင်ဆုံး တောင်ထိပ်မှာ .လောကရဲ့အလှတရားကို မြင်ခွင့်လည်းကို .အချစ်ကပေးစွမ်းသည်..
ကျွန်တော်တို့ဘ၀များသည်လည်း တောင်တန်းများလိုပင်........အမြင့်ဆုံးသော တောင်တန်းများ ဖြစ်ဖို့ ..အများဆုံး ကြိုးစားရသည်၊ ပေးဆပ်ရသည်။ အနာဂါတ်တွင် ဘာဖြစ်လာမည်ကို သိဖို့ မှန်ပြောင်းများမရှိ။ ရင်ဆိုင်ရသည်။ အခက်အခဲများ ဆိုသည့် မီးတောက်များလည်း ကြုံရသည်။ တပြိုင်နက်ထဲလိုလိုပင်..........အေးချမ်းသည့် စမ်းချောင်းလို အရာများလည်း ရင်မှာ ပိုက်ထားတတ်ရ ပြန်သည်။ ခဏတာလင်းလက်သွားသည့် လူတွေ၊ ပျောက်ကွယ်သွားတဲ့လူတွေ၊ တိမ်ဆိုင်တွေ၊ မိုးရေတွေအောက် ပြန်အေးချမ်းရ ပြန်သည်။ အချိန်တွေ ကြာလာပြန်တော့...
တည်ကြည်သည် ထင်ရသော တောင်တန်းများသည်ပင် အရောင်မရှိတော့
နောက်ဆုံး ပျောက်ကွယ်ရသည့် တောင်တန်းများလည်း ယခုရှိလာသည်...
ထိုတောင်တန်းများသည် သူစိမ်းလည်း ဆန်တတ်သည်။....သူနေတတ်သလိုပဲလားမသိ
နေတတ်ပြန်သည်။ တိမ်ဆိုင်ဖြူတွေကတော့ သူအနားရှိဆဲ...
ယခင်က ကျေးငှက်သံလေးတွေ
ညံစီနေသည့်
တောင်တန်းများသည် .........ငြိမ်သက်နေတတ်ပြန်သည်
သို့သော် ...ကျွန်တော် တောင်တန်းတွေကို ချစ်သည်။