ခန္ဓာဆိုတာ အငှားနွားလို….
ခန္ဓာဆိုတာ အငှားနွားလို….
ခန္ဓာကို အငှားနွားလို သဘောထားလို့ လယ်တီဆရာတော်ကြီးက မိန့်တယ်။ လယ်တီဆရာတော်ကြီးရဲ့၊ ထေရုပ္ပတ္တိကို လေ့လာပြီး ဒီအဆိုအမိန့်ကို ရခဲ့တယ်။ ဆရာတော်ကြီး ကိုယ်တိုင်လည်း ၊ ဒီလို သဘောထား တယ်။ ဆရာတော်ကြီးက၊ ကျမ်းပြု ဆရာတော်၊ မင်းကိုးကွယ်တဲ့ ဆရာတော်ကြီး ဘဝရောက်သော်လည်းပဲ၊ နေ့စဉ်လိုလို မနက်စောစောမှာ ကျောင်းရဲ့ ကုဋီ (အိမ်သာ) တွေကို ရေဖြည့်တယ်။ သောက်ရေအိုးတွေကို လည်း ရေဖြည့်တယ်။ ဒါကို ကိုရင်၊ ဦးပဉ္စင်းတွေက သိတော့၊ ဆရာတော်ကြီးကို တောင်းပန် လျှောက်ထား တယ်။ ဆရာတော်ကြီး အနေနဲ့ မသင့်တော်ပါဘူး…. မလုပ်ပါနဲ့၊ တပည့်တော်တို့ ငရဲကြီးပါ့မယ်… ဆိုပြီး၊ လျှောက်တယ်။
ဒါကို ဆရာတော်ကြီးက ပြန်မိန့်တယ်။ ခွင့်ပြုကြပါ ဦးပဉ္စင်းတို့…. ဆရာတော်က၊ သံသရာ အဆက်ဆက်မှာ သားကျွန်၊ သမီးကျွန်၊ မယားကျွန်၊ ဆွေကျွန်၊ မျိုးကျွန် ဖြစ်ခဲ့ပြီးပြီ။ ဒီဘဝမှာတော့၊ သာသနာ့ကျွန် အဖြစ် ခံယူ ခွင့်ပေးပါ။ ဆရာတော့် ခန္ဓာကို အငှားနွားလို သဘောထားပါတယ်။ သေရင် ဒီခန္ဓာက ပစ်လိုက်ရမယ်။ မြေဆီ ဩဇာ ဖြစ်ကုန်မှာ။ အဲ့တော့၊ မသေချင် ဒီခန္ဓာကို အငှားနွားလို သဘောထားပြီး တန်အောင် ခိုင်းရမယ်လို့…. မိန့် တယ်။
ဆရာတော် မိန့်တဲ့ စကားလုံး အတိအကျ မမှတ်မိတော့ပေမယ့်၊ ဒီသဘောမျိုး မိန့်တယ်ဆိုတာကို အခုထက်ထိ မှတ်မိနေသေးတယ်။ အဲ့သည့်တုန်းက ၊ ကျနော် အရွယ်က တက္ကသိုလ်ကျောင်းသား။ ဆယ်ကျော်သက် ဘဝ။ တက်ကျမ်းတွေကို စူးစူးနစ်နစ်ဖတ်ပြီး၊ စိတ်အဟုန်တွေ ပြင်းနေတဲ့ အချိန်။
လယ်တီဆရာတော်ကြီးရဲ့ ခံယူချက်ကို နားလည်မိလိုက်ကတည်းက၊ တော်ရုံ တက်ကျမ်းတို့ သိပ်မတိုးတော့ ဘူး။ ဒီခံယူချက်က ၊ ကျနော့်ကို ဘယ်လောက် လွှမ်းမိုးသလဲ ဆိုရင်၊ ညတွေမှာ အိပ်မရအောင် အထိ လွှမ်းမိုး ခဲ့တယ်။
ကျနော့် စာကြည့်စားပွဲပေါ်မှာ စားပွဲတင် နာရီကို တင်ထားတယ်။ နာရီက ညမှာဆို အသံပိုကျယ်ကျယ် မြည်တယ်။ ချက်ချက်ချက်ချက်…. နဲ့၊ စက္ကန့်တစ်ခုချင်းစီက ကုန်ဆုံးသွားပြီ၊ ကုန်ဆုံးသွားပြီ… လို့ သတိပေးနေ သလို။ ကျနော် အချိန်တွေ ကုန်မှာ ကြောက်ခဲ့တယ်။
အချိန်တွေ ကုန်သွားပြီ။ ဆုံးသွားပြီ။
ကုန်သွားပြီ။ ဆုံးသွားပြီ။
အချိန်တွေက လူကို မစောင့်ဘူး။ ငါ အသက်ကြီးရင်၊ လုပ်ချင်တာတွေ လုပ်နိုင်မှာ မဟုတ်ဘူး။ လုပ်ငန်းခွင် ဝင်လို့၊ ကိုယ်ပိုင် အချိန်တွေ နည်းသွားရင် လုပ်ချင်တာ၊ ဖတ်ချင်တာ၊ လေ့လာချင်တာတွေ လေ့လာနိုင်တော့ မှာ မဟုတ်ဘူး။ ဒီတော့၊ အခု နေတုန်း၊ အချိန်တွေကို သုံးရမယ်။ အသုံးချရမယ်။
အသုံးချမှ အသုံးကျမယ်။ အသုံးကျမှ တန်ဖိုးရှိမယ်။
အချိန်တစ်ခုချင်းစီက၊ ဘဝဖြစ်လို့…..
သေရင် ပစ်လိုက်ရမယ့် ခန္ဓာက၊ ဘာမှ တန်ဖိုး မရှိတော့ဘူး။ မသေခင်တုန်း၊ တန်ဖိုးအဖြစ်ကို တည်ဆောက် ထားနိုင်ရမယ်။ မသေခင် တန်ဖိုးရှိအောင် နေရမယ်။ သေရင် တန်ဖိုးမဲ့ပြီဖြစ်လို့၊ မြေကြီးဖြစ်သွားမယ့် ခန္ဓာကို မနှမြောရအောင် များများ ခိုင်းထားမှ တော်ကာကျမယ်လို့… ခံယူလိုက်မိတယ်။
ဒီခံယူချက်ဟာ၊ အခုအချိန်ထိ မပျက်သေးဘူး။ အခုထိ ပြင်းရှရှ ရှိနေတုန်း။
ကိုယ့် ခန္ဓာကို ညှာရင်၊ ရှုံးတယ်။
အငှားနွားကို ငှားတဲ့ အချိန်ရောက်တုန်း၊ များများ ခိုင်းထားမှ တန်မယ်။
ခန္ဓာဆိုတာ ယာယီပဲ ရတာမို့၊ အချိန်တွေကို ဖြန်းလို့ မရဘူး။ သူ့ကို၊ ပိုးမွေးသလို ဥထားလို့ မရဘူး။ တတ်နိုင်သမျှ များများ ခိုင်းထားမှ၊ တော်ကာကျမယ်။ ဒါမှ ကိုယ့်မှာ အမြတ်ထွက်မယ်။ အမှန်ဆိုရင်၊ အရှုံးနဲ့ ရင် ဆိုင်ရမယ်။
လူက ပင်ပန်းလို့၊ ကိုယ့်ကိုယ်ကို သနားမိတိုင်း ဒီအတွေးတွေက ခေါင်းထဲဝင်လာတယ်။ မင်း အရှုံးမခံနဲ့။ ခိုင်း သင့်တာ ခိုင်း။ ခန္ဓာကိုယ်က သန်တုန်း၊ မြန်တုန်းမှာ ကောင်းကောင်း ခိုင်းထား။ ဒါမှ အမြတ်များမယ် ဆိုတာ၊ အမြဲ လိုလိုတွေးတယ်။
အခုလည်း ဒီအတွေးက ကိုယ့်ကို အမြဲ မောင်းနှင်နေတယ်။
ကျနော် အမြဲလိုလို ခရီးတွေ သွားတယ်။ စာတွေ သင်တယ်။ နေ့စဉ် ရက်ဆက်လိုလို သင်ရတဲ့ အချိန်တွေလည်း ရှိတယ်။ တဖက်ကလည်း ဓားသွေးကျောက်လို မဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲ၊ ဖြည့်နေတယ်။ ကျောင်းသား လည်း ပြန်လုပ်နေတယ်။ စာတွေကို ကြေညက်အောင်ဆိုပြီး၊ စာတွေ ရေးကြည့်ပြန်တယ်။ ကိုယ့်အယူအဆတွေ ကို ဖြန့်ဝေဖို့ အားထုတ်တယ်။ ပုံနှိပ်ခြင်းနဲ့ ဖြန့်ဝေနိုင်အောင် ထိ စဉ်းစားပြီး လုပ်ကြည့်တယ်။ စာရေးခြင်း၊ စာသင်ခြင်း၊ စာဖတ်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းတွေကို အမြဲလိုလို လုပ်ဖြစ်တယ်။
တဖက်မှာလည်း မိသားစု ကိစ္စကို၊ တတ်နိုင်သမျှ ဖြည့်တယ်။ ကိုယ်က စာပေနဲ့ နိုင်ငံရေး လုပ်နေတော့၊ ပိုက်ဆံ များများ စားစား မရဘူး။ ဒီတော့၊ ကိုယ်က မိသားစုကို ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ တန်ဖိုးတွေ ပေးနိုင်ဖို့ပဲ ကြိုးစား တယ်။
photo : facebook