ခပ်လှမ်းလှမ်းက_အချစ်။
ခပ်လှမ်းလှမ်းက_အချစ်။
ကျနော် ဆယ်ကျော်သက်ဘဝကတည်းက၊ ခပ်လှမ်းလှမ်းက ရင်ခုန်ခဲ့ဖူးတယ်။
နုနယ်ပျိုမြစ်တဲ့ နှလုံးသား အရိုင်း ဟာ၊ အချစ်ကို အကြမ်းပတမ်း မထိတွေ့ချင်ဘူး။
တို့လိုက် ထိလိုက်…. ရင်ခုန်လိုက်။
အနားနားတိုးလိုက်…၊ ခပ်လှမ်းလှမ်းက ခွာကြည့်လိုက် နဲ့ သူ့ရင်ခုန်သံကို သူ စမ်းသပ်နေတတ်တယ်။
ဒါကို ကျနော် ရခဲ့ဖူးတယ်။
တခါတလေတော့လည်း၊ အချစ်ဟာ နီးလွန်းရင် မကောင်းလှပြန်ဘူး။
ထို့အတူ၊ ဝေးလွန်းရင်လည်း မကောင်းလှပြန်ဘူး။
မနီးမဝေး ရင်ခုန်သံတွေနဲ့ တိုးတိုးတီးတီး စွဲမက်နေခြင်းဟာ၊ ကျနော့်အတွက် ကဗျာတစ်ပုဒ်။
ကျောင်းရဲ့ ကော်ရစ်ဒါနဘေးမှာ၊ ခပ်လှမ်းလှမ်း ခိုးကြည့်ဖူးတယ်။
သူလမ်းလျှောက်လာလေမလားလို့၊ မျှော်လင့် တောင့်တဖူးတယ်။
ရင်ခုန်ခြင်းဟာ၊ အရိပ်နဲ့တင် ပြည့်စုံနေတယ်လို့ ထင်ခဲ့ဖူးတယ်။
တွန့်ဆုတ်ခြင်း များစွာ နဲ့ မရဲတရဲ ခြေလှမ်းတွေဟာ ၊ တက္ကသိုလ် ပရဝုဏ်မှာ ဗျာများခဲ့ဖူးတယ်။
အချစ်ရဲ့ စာမျက်နှာကို တစ်ရွက်ချင်း လှန်ဖို့ လိုပေမယ့်၊
နောက်ဆုံးစာမျက်နှာကနေ ကျနော် စ,ဖတ် ပစ်လိုက်တယ်။
အဆုံးသတ်ဟာ၊ ခပ်လှမ်းလှမ်းကပဲ ချစ်လို့ ဆိုင်းဘုတ်ထောင်ပြီး ပြောတယ်။
သစ်ရွက်ခြောက်တောထဲ စိတ်ကူးယဉ်ဖို့၊ စာအုပ်တွေက ပြောတာ ယုံလိုက်တယ်။ တကယ် သွားတော့၊ “ဟင်းးး ပူလိုက်တာ” အချစ်ဆိုတာ၊ လိမ်လည်ခြင်းလား…. လို့ သံသယရှိခဲ့ဖူးတယ်။
အချစ်ကို ခပ်လှမ်းလှမ်းက ကြည့်တဲ့သူဟာ၊ တကယ့်အသေးစိတ်ကို မမြင်နိုင်ဘူး။ ဒါ့ကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်တယ်။ ဒါကို အမှန်လို့ မှတ်ထင်နေပြန်တယ်။
ဆယ်ကျော်သက်ဘဝမှာ၊ အချစ်က ကျနော်နဲ့ ခပ်လှမ်းလှမ်းမှာသာ ရှိခဲ့တယ်။
ဒီလောက် နုဖတ်နေတဲ့ပျိုမြစ်မြစ် ယမင်းရုပ်လေးဟာ၊ သကောင့်သား ကျနော်နဲ့ အပ်စပ်ပါ့မလားလို့ ရူးကြောင်မူးကြောင်တွေးမိတယ်။
သူ့ကို ရင်ခုန်ရင်တောင် အပြစ်သင့်နိုင်သတဲ့လား။
ကျနော် နုံအ လိုက်တာ။
အိပ်မက်က၊ လာနိုးတော့…. မနက်ခင်း တက္ကသိုလ်ကျောင်းရှေ့ဆင်ဝင်မှာ၊ ခပ်လှမ်းလှမ်းက စောင့်ကြည့်တယ်။
ဟော.. ဟိုးရှေ့မှာ သူလာနေပြီ။
ခေါင်းကို ငုံ့လိုက်တယ်။
ငါ့အကြည့်တွေ ရိုင်းသွားမလားလို့၊ ကိုယ့်ဘာသာ မေးလိုက်တယ်။
အဲ…၊ သူ မရိပ်မိပါစေနဲ့….
ခပ်လှမ်းလှမ်းကပဲ ငါ ကြည့်နေပါရစေ….
အဲ့သည့်တုန်းက၊ ခပ်လှမ်းလှမ်း အပြုအမူတွေဟာ မျှော်လင့်ချက်တွေ မပါဘူးဆိုတာ ကျနော် ဝန်မခံချင်ဘူး။
သူ သိမှာ ကြောက်တယ်။
ဒေးလ်ကာနက်ဂျီ စာအုပ်ကို မျက်နှာအပ်ပြီး၊ မသိချင်ယောင် ဆောင်နေလိုက်တယ်။
သူကျောပေးပြီး လျှောက်လိုက်တဲ့ အခါ၊ ကျနော် ရဲရဲဝံ့ဝံ့ကြည့်ရဲခဲ့တယ်။
သူ့အကြည့်ကို မခံနိုင်ဘူးလေ။ ဒါ့ကြောင့် ခပ်လှမ်းလှမ်းကပဲ၊ ကဗျာတချို့ရေးဖို့ ကြိုးစားနေတယ်။
ကျနော့် ချစ်သူအဖြစ်၊ အချစ်က ရှိနေရင်….
သူ့လက်ကို ကျနော် ကိုင်ရဲပါ့မလား….
သူ့ကို စေ့စေ့စားစား ကြည့်ရဲပါ့မလား….
ကျနော့် နှုတ်က စကားလုံးတွေ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေမလား….
သူ့မျက်ခွံလေး ပိတ်ပေးရင်၊ ကျနော် နမ်းရဲပါ့မလား…..
သူ့ထမင်းချိုင့်ခြင်းကိုတော့ ကျနော် ရဲရဲဝံ့ဝံ့ သယ်ကိုင်ရဲဝံ့ပါလိမ့်မယ်….။
ကျနော် မှတ်စုထဲမှာ သူ့အကြောင်း ကဗျာတွေ ခိုးရေးတယ်….
ဟိုကောင် အာလူးးး၊ ကျနော် မှတ်စုတွေ သူ, ခိုးဖတ်တယ်….
ကျနော် မျက်နှာတွေ နီလို့၊
မျက်နှာရူး အာလူး… ပါးစပ်ဖွာဖွာနဲ့ ကောင်မလေးကို သွားမပြောပါစေနဲ့….
ဒါဆို ကျနော် ကျောင်းလာရဲတော့မှာ မဟုတ်ဘူးးး….
ဒါပေမယ့်…. ကျနော့် မျက်နှာပိုးများက ပြုံးစိစိ။
ခပ်လှမ်းလှမ်းမှာ ကျနော် ကြိတ်ရယ်ခဲ့တယ်….
သူလည်း ရှက်ပြုံးနဲ့ ကျနော့်ကို ကြည့်တယ်….
ကျနော် ခေါင်းကို အတင်းငုံ့ပစ်လိုက်တယ်…..
ငါ… အဲ့လောက်တောင် ခပ်လှမ်းလှမ်းက သတ္တိရှိနေရော့သလား….
အချစ်နဲ့ဆိုရင် ကျနော် အလွန်အမင်း ရှက်ခဲ့ဖူးတယ်….
ဒါ့ကြောင့်….
အတိတ်တုန်းက၊ အချစ်နဲ့ ခပ်လှမ်းလှမ်းမှာပဲ ကျနော်နေတယ်….
ဒါကို သူ သိတယ်….။
မင်းသေ့
photo : facebook