ပထမဆုံး အတွေ့အကြုံ(၂)steemCreated with Sketch.

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ပထမဆုံး အတွေ့အကြုံ(၂)
❇❇❇❇❇❇❇❇❇❇❇


Credit to google image

ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည့် နေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ကလေးတွေ လန်းဆန်းတက်ကြွနေမည့် မနက်ပိုင်းအချိန်ပေးထားသဖြင့် အချိန်မီ အရောက်သွားလိုက်သည်။ ကလေးတွေကလည်း ဆရာအသစ် စ,ဝင်မည့်ရက်ဟု သိထားသဖြင့် အားလုံးစုံစုံလင်လင် ရှိနေကြသည်။ ဆရာအသစ်အပေါ် စိတ်ဝင်စားနေကြသည်။ ဘယ်လိုပုံစံလဲ၊ ဘယ်လိုတွေ သင်မှာလဲ၊ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ ကျွန်တော့်ကိုလည်း ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်။ ဆရာအသစ်မှာ ကျွန်တော်မှန်းသိနေသည့် ကလေးအချို့ကလည်း မင်္ဂလာပါဆရာ ဟု အတန်းမဝင်ခင် လာရောက်နှုတ်ဆက်ကြသည်။ ဘာပဲဖြစ်ဖြစ် ကလေးတွေကတော့ ပျော်နေကြပုံပါပဲ။ အထူးသဖြင့် လူငယ်ပိုင်းဆရာနှင့် သူတို့ မသင်ဘူးကြသဖြင့် ပို၍စိတ်ဝင်စားနေကြသည်။

အတန်းဝင်ချိန်ရောက်တော့ ဆရာက ကျွန်တော့်ကို အတန်းနှင့် မိတ်ဆက်ပေးပါသည်။ သေချာသင်ယူကြဖို့ မှာကြားပြီး ထွက်သွားပါသည်။ ကျွန်တော်တစ်ယောက်နှင့် ကလေးများ ထိတွေ့မှု စ,တင်ပါပြီ။ အရင်ဆုံး မင်္ဂလာပါနှုတ်ဆက်လိုက်သည်။ ကလေးများက ပြုံးစိစိနှင့် မင်္ဂလာပါ ပြန်၍နှုတ်ဆက်ကြသည်။ နောက်မှသတိရသည်မှာ ဒုတိယအကြိမ်နှုတ်ဆက်ခြင်း ဖြစ်နေခြင်းပါ။ ကိစ္စမရှိ။ ခပ်တည်တည်နှင့် ကျွန်တော့်ကိုကျွန်တော် ထပ်မံမိတ်ဆက်လိုက်သည်။ အင်္ဂလိပ်စာသင်မည်ဖြစ်၍ အင်္ဂလိပ်စာ၏ အရေးပါမှုအကြောင်း အနည်းငယ်ပြောပြဖို့ စိတ်ကူးထားသဖြင့် အမေးအဖြေပုံစံ ဆွေးနွေးဖို့ စ,တင်လိုက်သည်။ ကလေးများနှင့် ရင်းနှီးမှုလည်း ဖန်တီးချင်၍ဖြစ်သည်။

အရင်ဆုံး ကျွန်တော် ဘာဘာသာသင်မှာလဲဟု မေးလိုက်သည်။ ကလေးများ တက်ကြွစွာ အင်္ဂလိပ်သင်မှာပါဆရာကြီးဟု ဖြေကြသည်။ ကျွန်တော် နောက်တစ်ခွန်း ထပ်မေးလိုက်သည်။ ဒါဖြင့် အင်္ဂလိပ်စာဆိုတာ ဘာကိုခေါ်တာလဲ။ ကလေးများ ခေတ္တအသံတိတ်သွားသည်။ သူတို့ တစ်ခါမှမစဉ်းစားမိသော မေးခွန်းဖြစ်၍ထင်သည်။ အတော်ကြာမှ တစ်ယောက်တစ်ခွန်းထ၍ ဖြေဆိုကြသည်။ မှန်သည်များပါသလို အနည်းငယ်လွဲနေသည်များလည်း ပါသည်။ သို့သော် မှားနေသည်ဟု ကျွန်တော်မပြော။ ဒီလိုလေးဆို ပိုမသင့်တော်ဘူးလားဟု ပြင်ပြောခိုင်းသည်။ ကလေးတွေ ပိုသဘောပေါက်လာပြီး အပြိုင်အဆိုင် ပြောကြပြန်သည်။ ကျွန်တော်လိုချင်သည်မှာလည်း ဤပုံစံပင် ဖြစ်သည်။ ရင်းနှီးမှုလည်း ပိုရလာပေသည်။

နောက်ဆုံးတွင် သူတို့လေးတွေ ပြောဆိုကြသည်များကို အနှစ်ချုပ်၍ အဓိကအချက်အလက်များကို ပြောပြလိုက်သည်။ ဆက်လက်ပြီး အင်္ဂလိပ်စာ၏ အရေးပါပုံကိုလည်း တစ်ဆက်တည်း ပြော၍ အတန်းငယ်စဉ်မှာ အခြေခံပါသွားအောင် လေ့လာသင်ယူထားသင့်ကြောင်း ပြောပြသည်။ သူတို့နားလည်လက်ခံနိုင်လောက်သည့် စကားအသုံးအနှုန်းဖြင့် ပြောရခြင်းဖြစ်သည်။ ထိုစဉ်ကာလက ယခုခေတ်လို အင်တာနက် ခေတ်မစားသေးသဖြင့် အင်တာနက်အကြောင်းတော့ မပါခဲ့ပေ။ ထိုအကြောင်းပါလျှင်တော့ သူတို့ပို၍ စိတ်ဝင်စားပေလိမ့်မည်။


Credit to google image

အင်္ဂလိပ်စာအကြောင်း ပြောရသည်မှာ ပြဿနာမရှိ။ ပြဿနာရှိနေသည်က စကားများကို ပြောလိုဇောဖြင့် တောက်လျှောက်ပြောသည့်အခါတွင် စကားလုံးများ တစ်ခုနှင့်တစ်ခုထပ်သွားခြင်း ဖြစ်သည်။ တစ်ကြိမ်၊ နှစ်ကြိမ်လောက်က ထိန်း၍ပြန်ပြင်ပြောသည်။ စကားလုံးမှားသွားသဖြင့် စိတ်လှုပ်ရှားမှု ဖြစ်လာသည်။ ထိုအခါ လက်ချောင်းလေးများ မသိမသာတုန်လာသည်။ ကလေးတွေမသိအောင် လက်ဟန်ခြေဟန်များဖြင့် အကာအကွယ်ယူရသည်။ အကြောင်းအရာမှားယွင်းမှု မရှိအောင်ကြိုးစားရင်း စိတ်လှုပ်ရှားမှုကိုပါ ထိန်းချုပ်နေရသဖြင့် လူလည်း ဇောချွေးပျံလာသည်။ အသံကလည်း တုန်ချင်လာသည်။

နောက်ဆုံးတွင် ဟာကွာ၊ မင်းတို့ပြောရတာ စကားလုံးတွေလည်း ထပ်ကုန်ပါပြီ ဟု ပြောလိုက်ရာ ကလေးများက သဘောကျစွာ ရယ်လိုက်ကြပါသည်။ ကျွန်တော်လည်း ကလေးများနှင့်အတူ လိုက်၍ရယ်မောလိုက်သည်။ ထိုအခါမှပင် စိတ်ပေါ့သွားသလို ခံစားလိုက်ရသည်။ ကလေးများကလည်း သတိထားမိကြသော်လည်း ကျွန်တော့်ကို အားနာ၍ ငြိမ်နေကြခြင်း ဖြစ်ပေသည်။ ပွင့်ပွင့်လင်းလင်းဝန်ခံရင်း ပျော်ရွှင်စွာ၊ စိတ်လက်ပေါ့ပါးစွာ ဆက်သင်လိုက်မှ အနည်းငယ် အဆင်ပြေသွားပေသည်။ စာသင်ချိန် နာရီဝက်ကျော်လောက်ရှိသည့် အချိန်ကျမှ အတော်အဆင်ပြေသွားသည်။ ဆရာနှင့်တပည့်များ ကာရံကိုက်လာသည်။ အပေးအယူညီမျှလာသည်။

နိဂုံးချုပ်ပါတော့မည်။ ပထမဆုံး စာသင်ခြင်းမှာ ကျွန်တော်စိုးရိမ်ခဲ့သလို ဆိုးဆိုးဝါးဝါးကြီး ဖြစ်မလာခဲ့ပေ။ သို့သော် အမှတ်ရစရာတွေတော့ ဖြစ်ခဲ့ပေသည်။ ထိုအတွေ့အကြုံများသည် တန်ဖိုးမဖြတ်နိုင်ပေ။ လုပ်ငန်းတစ်ခုအကြောင်း ထဲထဲဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ သိရှိခဲ့ရသည်။ မိမိ၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းစွာ သိမြင်ခဲ့ရသည်။ သို့သော် အမှတ်ရစရာအကောင်းဆုံးမှာ ထိုနေ့က အတန်းဆင်းချိန်တွင် ကလေးများက ပျော်ရွှင်စွာဖြင့် ကျွန်တော့်၏ဆရာကို ကျွန်တော့်သင်ကြားခြင်းမှာ အထူးကောင်းမွန်ကြောင်း၊ နောင်တွင်လည်း ကျွန်တော့်ကိုပဲ ဆက်၍သင်ပေးစေလိုကြောင်း လာရောက်ပြောဆိုကြခြင်းပင် ဖြစ်ပေတော့သည်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

စာသင်ပေးရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

ဟုတ် ကျေးဇူး

Thank for sharing your experience

Thanks a lot.

👍👍👍👍👍

😊😊😊😊😊

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

အ​တွေ့အကြုံက​နေ ပညာယူပါ

ဟုတ်ကဲ့

ရီမောခြင်းက ဘဝအမောတွေကိုပြေပျောက်စေနိုင်ပါတယ်ဆရာ အမြဲတမ်းရီမောနိုင်အောင် ကြိုးစားပါဆရာမောင်း

ဟုတ် ဆာ အရီအပြုံးတွေနဲ့ပဲ စာသင်တာပါ

Experience can create our future life.

Absolutely right.

ပထမဆုံးအကြိမ်​ဆို​ လူတိုင်းက ​ချွေစီးပြန်​ကြတယ်​။ ​နောက်​​တော့လည်း ​နေသားကျသွားတာ​ပေါ့ဆရာရယ်​။ experience is the best teacher ​ပေါ့ဗျာ။

ဟုတ်ကဲ့

you are a good writer..