ပထမဆုံး အတွေ့အကြုံ
ပထမဆုံး အတွေ့အကြုံ
❇❇❇❇❇❇❇❇❇❇
လူတိုင်းလူတိုင်း မည်သည့်ကိစ္စရပ်မဆို ပထမဆုံး အတွေ့အကြုံကိုယ်စီ ရှိကြမည်ဖြစ်ပါသည်။ ရင်းနှီးကျွမ်းဝင်သော နယ်ပယ်တွင် ဖြစ်ပါက သိပ်မသိသာသော်လည်း အစိမ်းသက်သက် နယ်ပယ်များဖြစ်ပါက မမေ့နိုင်သော အကြောင်းတရားများ ဖြစ်လာတတ်ပေသည်။ အချိန်အတော်ကြာမှ ပြန်စဉ်းစားကြည့်မိသည့် အချိန်တိုင်း ထိုအတွေ့အကြုံများသည် ရယ်စရာများ ဖြစ်နေတတ်သလို သင်ခန်းစာရယူစရာများလည်း ဖြစ်နေတတ်ပါသည်။
ယခု ကျွန်တော် ပြောပြမည့် ပထမဆုံး အတွေ့အကြုံမှာ ဆရာတစ်ယောက်အနေဖြင့် ပထမဆုံး ဘာသာရပ်တစ်ခုကို စတင်သင်ကြားခဲ့စဉ်က အတွေ့အကြုံများ ဖြစ်ပါသည်။ ထိုစဉ်အချိန်က ကျွန်တော် ဂျီတီအိုင် နောက်ဆုံးနှစ် ဖြေဆိုပြီးသည့် နွေရာသီကာလအတွင်းက ဖြစ်ပါသည်။ ကျွန်တော်၏ ငယ်ဆရာတစ်ဦးမှ အိမ်ကိုရောက်ရှိလာပြီး စာသင်ကြားခြင်းလုပ်ငန်း လုပ်ဆောင်ရန် လာရောက်ခေါ်ဆောင်ပါသည်။ ထိုဆရာမှာ ကျူရှင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ တစ်ဦးဖြစ်ပါသည်။ ၎င်းဆရာမှာ သင်္ချာဘာသာရပ်ကို အဓိကသင်ကြားပြီး အင်္ဂလိပ်စာလည်း အတန်းငယ်များကို သင်ကြားနေသူ ဖြစ်ပါသည်။ ထိုစဉ်အချိန်က ဘာသာစုံဝိုင်းများ ခေတ်မစားသေးဘဲ ဘာသာရပ်အလိုက်သာ သီးသန့်သင်ကြားကြပါသည်။
ကျွန်တော်က ရှစ်တန်းကတည်းက ထိုဆရာထံတွင် အင်္ဂလိပ်၊သင်္ချာ နှစ်ဘာသာ သင်ကြားခဲ့ပါသည်။ ဝါသနာအရ အင်္ဂလိပ်စာကို ပိုမိုလေ့လာလိုက်စားခဲ့သဖြင့် အင်္ဂလိပ်ဘာသာရပ်ကို သင်ကြားပေးရန် လာရောက်ခေါ်ဆောင်ခြင်း ဖြစ်ပါသည်။ အခြားသူများကို သင်ကြားပေးသည့် အတွေ့အကြုံ ကျွန်တော့်မှာ ရှိသည်ပြောလို့ရသလို၊ မရှိဘူးဟုလည်း ပြောလို့ရပါသည်။ ကျောင်းသားဘဝ၌ စာမေးပွဲနီးလာသည့် တစ်လလောက်လိုသည့်အချိန်များတွင် ကျွန်တော့်မှာ စာကြည့်ချိန်မရှိတော့ပါ။ သူငယ်ချင်းပေါင်းများစွာ အိမ်ကိုလာရောက်ကြပြီး ကျွန်တော့်ကို စာရှင်းခိုင်းကြသဖြင့် ဖြစ်ပါသည်။
ဆိုလိုသည်မှာ တစ်ဦးတစ်ယောက်၊သုံးလေးယောက်ကို စာရှင်းပြသည့်ဂိုက်အတွေ့အကြုံ ရှိပါသည်။ သို့သော် လူအများကို သင်ကြားပေးသည့် အတွေ့အကြုံမရှိသေးပါ။ လာရောက်ခေါ်ဆောင်သည့် ဆရာကလည်း ပင်မဆရာအဖြစ် သင်ကြားပေးရန် ယုံယုံကြည်ကြည်ဖြင့် ခေါ်ယူခြင်းဖြစ်သည်။ အစိုးရအလုပ်,လုပ်ရန် နဂိုယ်ကတည်းက ရည်ရွယ်ချက်မရှိပါ။ ကိုယ်ဝါသနာပါသည့် လုပ်ငန်းဖြစ်သဖြင့် လက်ခံလိုက်ပါသည်။ သို့သော် ဆယ်တန်းကိုတော့ သင်ဖို့ရန် ငြင်းပယ်လိုက်ပြီး ကိုးတန်း အင်္ဂလိပ်ဘာသာ သင်ကြားပေးရန် သဘောတူလိုက်ပါသည်။ ထို့အတူ ဘာသာရပ်ဆိုင်ရာ လေ့လာမှုများ ပြန်လည်ပြုလုပ်ရသည်။ အမြဲထိတွေ့နေသည့် ဘာသာရပ်ဖြစ်သဖြင့် သင်ပေးရန်အခက်အခဲမရှိပါ။ သို့သော် ကလေးတွေ နားလည်အောင် သင်ကြားပေးရန်မှာ အနည်းငယ်တော့ စိုးရိမ်မိသည်။ ဘာသာရပ်ကျွမ်းကျင်သည်နှင့် အခြားသူများ နားလည်အောင် သင်ကြားပေးနိုင်စွမ်း ကွာခြားသည်ကိုလည်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသဖြင့် သင်ကြားနည်းစနစ်အရေးပါပုံကို သဘောပေါက်သည်။
သို့ဖြင့် ဆရာကို ခွင့်တောင်း၍ ဆရာသင်ကြားသည့် အချိန်များတွင် တစ်ပတ်ခန့် သင်ကြားနည်း၊ သင်ကြားဟန်များကို လေ့လာသင်ယူခဲ့သည်။ ဘာသာရပ် သင်ကြားနည်းအပြင်၊ အတန်းထိန်းသိမ်းမှုများ၊ ကလေးများ၏ တုန့်ပြန်မှုများကို ပြန်လည်ဖြေရှင်းနည်းများကို မှတ်သားရသည်။ အနည်းငယ်ဆိုးသွမ်းသည့် ကလေးများကို ထိန်းသိမ်းပုံများကို လေ့လာထားရသည်။ ပထမဆုံး အတွေ့အကြုံကို အမှားအယွင်း အနည်းဆုံး ဖြစ်ချင်သဖြင့် အချိန်ပေးပြီး လေ့လာမှတ်သားခဲ့သည်။ ဆရာသင်ပြီးနောက် သင်ကြားနည်းများကို ဆရာနှင့် ထပ်မံဆွေးနွေးသည်။ စ,စခြင်းမှာပင် ပြီးပြည့်စုံသည့် အခြေအနေတစ်ခု ဖြစ်ချင်သည်မှာ ဆရာပေါက်စတိုင်းလိုလိုပင် ဖြစ်ပေလိမ့်မည်။ ဆရာကတော့ သင်ကြားရင်းနှင့်ပင် အတွေ့အကြုံရသွားမည်ဖြစ်ကြောင်း အားပေးပါသည်။ ထို့အတူ စ,သင်စအချိန်မှာ အထူးတက်ကြွနေသည့်အတွက် ကလေးများ မိမိသင်ကြားမှုနောက် မလိုက်နိုင်ဖြစ်တတ်သည်ကို သတိထားဖို့ မှာကြားသည်။
မနက်ဖြန်ဆိုလျှင် ကျွန်တော် စတင်သင်ကြားခြင်း ပြုလုပ်ရပေတော့မည်။ ကလေးတွေတော့မသိ။ ကျွန်တော်ကတော့ မနက်ဖြန်အတွက် ရင်ခုန်နေမိသည်။ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ဖြစ်ပါ့မလား။ ကျွန်တော်သင်တာကိုရော ကလေးတွေ နားလည်ပါ့မလား။ တိုက်ဆိုင်စွာပင် ထိုညက ကျွန်တော် အနှုတ်နှင့်အနှုတ် မြှောက်ရာတွင် အပေါင်းမရေးမိသည့်အတွက် ခြောက်တန်းတုန်းက တစ်ခန်းလုံးက ဝိုင်းရယ်ကြသည့်အကြောင်း အိပ်မက်,မက်လေသည်။
ဆက်လက်ရေးသားပါဦးမည်။
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။
တိုက်ဆိုင်,ဆိုင်၊ မတိုက်ဆိုင်,ဆိုင် မီတာတပ်ဆင်သည့်နေ့ အမှတ်တရပါ။
@mgmgkse
MSC-011



Good Article!
Thanks
အတွေ့ကြုံများလာတော့လည်း။သာသာယာယာပဲလေ
ခုတော့လည်း အ,ဆ ပါ
ကျနော်လဲ ၁၀တန်းဂိုက်လုပ်ဖူးပါတယ်ဆရာ၊၊ ဒါပေမယ့် တစ်ခါမှ ကျောင်းဆရာတွေလိုမျိုး အတန်းထဲမှာ စာမသင်ဖူးဘူး၊ သင်လဲ မသင်ရဲပါဘူးဆရာ၊ အတွေ့အကြုံကို မျှဝေတဲ့အတွက် ကျေးဇူးပါ။
နောက်လာမည့်အပိုင်းများကို ဆက်လက်အားပေးပါမည် ။
Thanks
အတွေ့အကြုံဆိုတာ ပညာပါ
ဟုတ်ကဲ့
အင် စာသင်တာနဲ့ မီတာတပ် တာ
ဆိုင်ပုလားအေ
ဆရာ့ရဲ့ အတွေ့အကြုံတွေကို စောင့်မျှော်နေပါတယ်...
ဆက်လက်ဝေမျှပေးပါအုံး..
Thanks
thank for sharing
Thanks
အနှစ်သာရပြည့်စုံတယ်ကျောင်းဆရာ
ဟုတ်ကဲ့ပါ
နောက်ထပ်တင်မယ့် post တွေ စောင့်မျှော်နေပါတယ် ဆရာရေ!
ကျေးဇူးပါ ဆရာ
ဘဝအတွေ့အကြုံတွေပေါ့
ဟုတ်ကဲ့