မုန်းသစ်ပင်
နွေ မုန်းသစ်ပင်
သည်နွေရောက်လျှင်
သည်လောက်ပူမယ်
သည်နှယ်ညှိုးခြောက်
သည်လောက် သွေ့ ယော်
မွေ့ မပျော်လို့ 
ကျနော် နွေကိုမုန်းလိုက်သည် ။
ပြေပြေသုတ်ဖြူး
နွေလေရူးမှာ
ယစ်မူးခဲ့တုန်းကတခါ ....
ပျံ့ ပျံ့ ထွေးထွေး
နွေဦးတေးမှာ
ငေးမောခဲ့ရင်းတကြိမ် .....
ဝိုးဝါးယိုဖိတ်
မသိစိတ်နှင့် ချော့သိပ်မွေ့ ညင်
နွေရင်ခွင်မှာ ခိုဝင်တွယ်ငြိခဲ့ဘူးသည် ။
တစစနှင့်
မြကိုင်းမြခက် ကျနော့လက်တို့ 
ပျက်စီးညှိုးခြောက်လာသည့်အခါ....
တဖြေးဖြေးနှင့်
မြသွေးစိမ်းစို ကျနော့ကိုယ်တို့ 
ယွင်းယိုသွေ့ ခြောက်လာသည့်အခါ .....
တစစနှင့်
မြရွက်မြလွှာ ရင်အမွှာတို့ 
ကြေကာနွမ်းလျလာသည့်အခါ ....
ဪ. နွေဆိုသည်မှာ
သည်လိုပါလား ရင်မှာအသိ
ခိုဝင်မိ၏ သတိစိတ်ဝင်
ကျိုးကြောင်းယှဉ်ကာ ရှောင်ကြဉ်လိုစိတ်
မုန်သည့်စိတ်ဖြင့်
နွေရိပ်နွေယောင် မမြင်လို ။
အေးလေ ....
နွေဟာနွေပဲ သွေလို့ မလွယ်
ဖယ်လို့ မဖြစ် ရှောင်မဖြစ်တိုင်း
နွေအရိုင်းမှာ ရိုးပြိုင်းရွက်လျော
ရင်မောမောနှင့်
ဥသြသံကို မျှော်မိသည် ။ ။