Impects of Modernity to our livings !
ဈေးဝယ်ရတာ ပင်ပန်းလိုက်တာတော် ... ဘူးသီးလေးလိုချင်တာ ဒီဘက်ဈေးမရှိလို့ ဟိုဘက်ဈေးကို တစ်ခါ ပြန်ရှာရတယ် ... ဈေးသည်တွေကလည်း ဘယ်လိုလုပ်နေမှန်း မသိတော့ပါဘူး
မဟေသီ ဈေးက ပြန်လာလျှင် ထိုသို့ ညဉ်းတွားသံကို တစ်ရက်ခြား နှစ်ရက်ခြား တစ်ခါလောက်ကြားရသည်။ ဟုတ်လည်း ဟုတ်ပေသည်။ ယခင်တုန်းက ဈေးသွားလျှင် တစ်ခါတည်း ကိစ္စပြီးသည်ကိုး။ ဒါဟာ အဲဒီတံတားကြောင့်ဟု အဝေးက လှမ်းမြင်နေရသည့် ကွန်ကရစ် မြစ်ကူးတံတားကိုသာ အပြစ်ဖို့နေမိသည်။
ငမိုးရိပ်ချောင်းကို ဖြတ်ကူးနေသည့် ကြိုးတံတားသည် မြောက်ဒဂုံက လူတွေအတွက်တော့ ပစ်ပယ်၍ မရသည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါသည်။ ဘေလီက ပတ်သွားလျှင် အချိန်ကြာပြီး ကားပိတ်သည်များကို ကြုံတွေ့နိုင်သောကြောင့် ချောင်းတစ်ဖက်ကမ်းကို ကူးကာ မြောက်ဥက္ကလာဘက်ခြမ်းမှ ကားစီးသည့်သူ များပါသည်။ ကားဂိတ် ၂ဂိတ်လည်း ရှိနေပြီး မိမိအလိုရှိသည့်နေရာကို မရောက်တောင် လမ်းတစ်ဝက်လောက်တော့ ကားစီးဖြစ်ကြပါသည်။ သူများတွေလို ကားကူးတံတားကို လိုချင်သော်လည်း အိပ်မက်က အတော်ကြာဝေးနေပါသည်။ တစ်နေ့တော့ တံတားဆောက်ဖို့ စီမံချက်ကျပြီဟု ကြားခဲ့သည်။ ဒီဘက်ကမ်းမှ လူတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့သည်။ ယခုလို လူစည်ကားသော ညနေဈေးကြီး ပျောက်ကွယ်သွားမည်ဟုတော့ မတွေးမိခဲ့ပေ။ ထိုသို့သာ တစ်နေရာတည်း အစုံဝယ်ယူနိုင်ပြီး လူတန်းစားပေါင်းစုံ အားကိုးအားထားပြုရာ ညနေခင်းစေျးကြီး ပျောက်ကွယ်တော့မှန်းသာ သိလျှင် အဆိုပါ တံတားကို တောင်းဆိုမိမည် မဟုတ်ပါ။
Image credit - original source
ကလေးအတွေးကို တွေးနေမိသည့် ကိုစပ်စုလည်း တံတားပြီးစ အခြေအနေကို ပြန်လည် စဉ်းစားမိပြန်သည်။ တံတားအတွက် ဈေးကို ဖျက်သိမ်းလိုက်ရပေမယ့် အစိုးရကတော့ မီးတားကွက်တစ်ခုမှာ ဈေးအတွက် နေရာချပေးခဲ့ပါသည်။ ဆိုင်ခန်းများလည်း ဆောက်ပေးခဲ့ပါသည်။ သို့သော် အခွန်လွတ်ဈေးများကဲ့သို့သာ ဖြစ်နေပါသည်။ တချို့ဈေးသည်များက မူလဈေးရောင်းခဲ့သည့်နေရာတွင်သာ ပြန်လည် ရောင်းချခဲ့သည်။ ကားလမ်းမနံဘေးတွင် ကျိုးတိုးကျဲတဲ ဈေးသည်တချို့ရှိခဲ့သည်။ တဖြည်းဖြည်း ရောင်းရမှန်း သိလာသောအခါ ထပ်မံပူးပေါင်းလာသူများ ရှိလာသည်။ ထိုအခါ ဈေးက ၂ဈေးကွဲသလို ဖြစ်သွားပါသည်။ မဟေသီပြောလည်း ပြောချင်စရာပါ။ ဈေးဝယ်သူများက တောင်ပြေးရမလို မြောက်ပြေးရမလို ဖြစ်သွားပါသည်။ တံတားအဆင်း ကားလမ်းမနံဘေးက ဈေးကလည်း အားပေးသူ ရှိလာတော့ လမ်းမပေါ် နေရာချဲ့ထွင်လာပြန်သည်။ ကားပိတ်တာကို လျှော့ချဖို့ တည်ဆောက်သော တံတားက ဈေးသည်တွေကြောင့် ကားအသွားအလာနှေးကွေးစေပြန်သည်။ ထိုအခါ စည်ပင်ကလည်း တစ်နည်းတစ်ဖုံ ကြံစည်ပြန်သည်။ လမ်းမပေါ်က ဈေးသည်များကို အဲဒီနားက လမ်းတိုတစ်ခုအထဲ ထည့်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ဈေးတန်းတိုလေးတစ်ခုအဖြစ် ပုံစံပေါ်လာပါသည်။ တံတားအဟောင်းကို မဖျက်ဘဲ ဒီအတိုင်း လူသွားသည့်အခါ အသုံးပြုရန် ထားပေးထားသဖြင့် တံတားကလည်း ၂စင်း၊ ဈေးကလည်း ၂ဈေး ဖြစ်သွားပါသည်။
Image credit - original source
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် စီစဉ်ပေးသည့် အစိုးရ၏အကြံအစည်များသည် ကောင်းမွန်ပါသည်။ သို့သော်လည်း နောက်ဆက်တွဲ ပြဿနာများကို မစဉ်းစားသည့် အချက်ကြောင့် ဆေးတော့ တိုက်ပါသည် ... တခြားရောဂါနှင့် မတည့်သည့် အခြေအနေများကို ကြုံတွေ့လာရပါသည်။ ယခုတံတားကြောင့် အခြားနေရာများတွင် ကားအသွားအလာပိတ်ဆို့မှုကို လျှော့ချနိုင်ပါပြီ ... မြောက်ဒဂုံ အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များမှ မြောက်ဥက္ကလာဘက်သို့ လမ်းပေါက်သွားပါပြီ ... ဒဂုံတက္ကသိုလ်တက်သည့် မှော်ဘီ ထောက်ကြံ့ ရွှေပြည်သာဘက်မှ လူတွေအတွက်လည်း ခရီးတိုသွားပါပြီ ... မြောက်ဥက္ကလာအ၀ိုင်းမှ ကားကို ပတ်ဝင်စရာလည်း မလိုအပ်တော့ပါ ... တစ်ချိန်တည်း တည်ဆောက်လိုက်သည့် ရွှေပေါက္ကံတံတားကြောင့်လည်းကောင်း ပြုပြင်လိုက်သည့် ကျန်စစ်သားလမ်းမကြီးကြောင့်လည်းကောင်း နေရာပေါင်းစုံမှ လာသောကားများအတွက် အချိန်ကုန်လည်း ပိုမိုသက်သာသလို ဆီကုန်သည့်စရိတ်လည်း ပိုမိုသက်သာလာစေပါသည်။ သို့သော် မြောက်ဒဂုံနှင့် တစ်ဖက်ကမ်း မြောက်ဥက္ကလာမှ လူအများအားကိုးရာ ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်သော တစ်ခုတည်းသော ဈေးဖြစ်သည့် ကြိုးတံတားညနေခင်းဈေးကတော့ နှစ်ပိုင်းကွဲသွားပြီ ဖြစ်ပါသည်။ တံတားကိုလည်း ဆောက်မည် ... မူလအခြေအနေကိုလည်း ထိန်းသိမ်းမည်ဆိုလျှင် မည်မျှ ကောင်းပါမည်နည်း ...
ကိုယ့်နေရာလေး တစ်ကွက်ကိုပဲ ကြည့်နေတာ ... ပြန်စဉ်းစားကြည့်တော့ ရန်ကုန်တစ်မြို့လုံးက အဲဒီတိုင်း ဖြစ်နေတာပါ ... လူဦးရေထူထပ်မှုကြောင့် အထပ်မြင့်တိုက်တွေ ဆောက်လုပ်မှု ပိုများလာပါတယ် ... အိမ်နီးနားချင်းအချင်းချင်း ရိုင်းပင်းတဲ့ ချစ်စရာ မြန်မာဓလေ့တွေလည်း အထပ်မြင့်တိုက်တွေအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ် ... သူခိုးသူဝှက်ကို ကြောက်ပြီး တံခါးပိတ်နေတဲ့ ဓလေ့က အစားထိုး နေရာယူလာပါပြီ ... ထိုအခါ အခက်အခဲတစ်စုံတစ်ရာကြုံမယ်ဆိုရင် အကူအညီတောင်းဖို့က ခက်ခဲလာပါပြီ ... တိုက်တွေ အထပ်မြင့်လာသလိုပဲ အရာရာမှာ ကိုယ့်အားကိုယ်ကိုးရတာကြောင့် အရာရာမှာ စရိတ်ကုန်ကျမှုကလည်း ပိုမြင့်မားလာပါတယ် ... သံသယစိတ် ကြောင့်ကြစိတ်ကလည်း မြင့်မားလာပါတယ် ... မီးလောင်မှုလို သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့အခါမှာလည်း ပျက်စီးဆုံးရှုံးမှု ပိုမိုမြင့်မားလာပါတယ် ... လတ်တလော စိုးရိမ်နေရတာကတော့ ငလျင်ဒဏ်ပါ ... အဆက်မပြတ်လှုပ်ခတ်မှုတွေနဲ့ ဘယ်အချိန်မှာ ကိုယ့်ဆီ လာမလဲ ဘုရားတနေရမယ့်အဖြစ်ပါ ... ရတဲ့မြေနေရာမှာ ရတဲ့ငွေနဲ့ လောက်အောင် ဆောက်လုပ်ထားမှုက အဆောက်အဦရဲ့ကြံ့ခိုင်မှုကို မေးခွန်းထုတ်ရင် ဘဲဥမကွဲစေတဲ့အခြေအနေပါ ... ဒါဟာ တိုးတက်မှုလား ဆုတ်ယုတ်မှုလား ....
Image credit - original source
ဒီလိုတွေးနေပေမယ့် ကိုယ့်အနေနဲ့ ဘာမှ လုပ်မရနိုင်တဲ့အခြေအနေပါ ... ကိုယ့်လက်ထက်က အခြေအနေကို မပြောင်းလဲနိုင်ပေမယ့် ကိုယ့်သမီးလေး လက်ထက်မှာ ဒီလိုမကြုံတွေ့အောင် ဘယ်လိုလုပ်မလဲ စဉ်းစားမှပဲ လတ်တလောအခြေအနေနဲ့ ကိုက်ညီမှာပါ ... ဘယ်လိုတွေ လုပ်သင့်လဲဆိုတာကိုလည်း စပ်စုအနေနဲ့ စဉ်းစားရင်း... ပြည်ပခရီးသွားတုန်းက တွေ့ခဲ့ရတဲ့ တရုတ်ပြည် ဆူကျိုးမြို့ရဲ့မြင်ကွင်းကို ပြန်မြင်ယောင်လာမိပါတယ် ... ခေတ်မီတိုးတက်မှုနဲ့ ခေတ်ဟောင်းယဉ်ကျေးမှုကို ထိန်းသိမ်းမှုက မျှတနေတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်သွားပါတယ် ... မြို့ဟောင်းကို ဖျက်ပြီး မြို့သစ်မဖော်ဘဲ မြို့ဟောင်းကို ထိန်းသိမ်းပြီး မြို့သစ်ကို သပ်သပ်တည်ဆောက်တဲ့ တရုတ်ပြည်ရဲ့စင်ကာပူ ... ဆူကျိုးမြို့အကြောင်းကို နောက်များမှာ အခွင့်ကြုံရင် ဖော်ပြပါဦးမယ် ... အခုတော့ ကိုယ်လုပ်ချင်တာကို မြိုသိပ်ရင်း အခြေအနေပေးတဲ့အချိန်ကို စောင့်စားနေပါတယ် ...
တိုးတက်မှုက တွေးခေါ်မှုတွေနဲ့တိုက်ရိုက်ဆက်သွယ်နေတဲ့သဘောလားကိုစောရေ
တစ်ဖက်ကမ်းပြို တစ်ဖက် သောင်းထွန်းဖြစ်နေတဲ့ မြန်မာပြည်ကြီးများလားဗျာ
မှန်တာပေါ့ ကိုမိုးရေ ... အသိပညာမရှိဘဲ အတတ်ပညာပဲ ရှိနေတော့ ဘာအသုံးဝင်တော့မှာလဲ
လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့မှအချိန်ကုန်သက်သာအလုပ်အဆင်ပြေချောမွေ့တာကိုပြီးခဲ့တဲ့အပါတ်ခရီးရှည်ထွက်ကာမှသိရတယ်အစ်ကိုရေ နောက်ထပ်ဖော်ပြမည့်အကြောင်းအရာများကိုလဲစိတ်ဝင်းတစားစောင့်မျှော်ဖတ်ရှုနေပါ့မယ်ဗျာ
အဲဒါတော့ အမှန်ပါပဲ ... လမ်းပန်းဆက်သွယ်ရေး အရေးပါပုံကို ခရီးရှည်ထွက်မှ သိကြပါတယ်
တိုးတတ်မှုနှင့်ဆုတ်ယုတ်မှုက ဒွန်တွဲနေတတ်ပါတယ်လေ
ကြိုတွက်ထားသင့်တဲ့အရာပါ ကိုဟိန်းရေ
ဖတ်ခဲ့တယ် အစ်ကိုရေ
ဘာမှတ်ချက်ပေးရမလဲတော့မသိတော့ပူး
အခုလို ဖတ်ရှုပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ဗျာ
ရောင်းရေးဝယ်ရေးကလည်း လမ်းပမ်းဆက်သွယ်ရေးနဲ့ ဆိုင်တယ်ဗျား
ဟုတ်ပါတယ် ... သို့သော်လည်း မထင်မှတ်တာတွေ ဖြစ်လာသော အခါမှာ ...?
တိုးတက်လာတာနဲ့အမျှလမ်းပန်းဆက်သွယ်ရေး ကလည်းအရေးပါလာတယ် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှပဲ တိုးတက်လာတယ်လို့ မြင်ကြတာပဲလေ ပြည်သူတွေက
အင်း ... တိုးတက်မှုဆိုတာ ဘာလဲဆိုတာ ကိုယ့်အသိပညာက အခြေခံပါတယ် ... ရုပ်ပိုင်းတိုးတက်မှုလား .. စိတ်ပိုင်းတိုးတက်မှုလား ... သေချာတွေးကြည့်ပါဗျာ
ငါကတော့အဲ့တံတားကိုကျေးဇူးတင်နေတာ ကားဝင်းကနေတက်စီငှါးရင်အရင်လို အများကြီးမကုန်တော့ဘူးလေ ၂၅၀၀လောက်ဆိုရပြီ အရင်က ၅၀၀၀လောက်ပေးရတယ် အဝိုင်းဘက်ကပတ်ရတော့
အကောင်းဘက်ကနေ မြင်ရင်တော့ ကောင်းပါတယ်လေ
လမ်းပန်းဆက်သွယ်ရေးတွေ အစဉ်ပြေလာတော့ အချိန်ကုန်
သက်သာတာပေါ့ဗျာ
အဲဒီသက်သာတဲ့အချိန်က ဘယ်နေရာမှာ သွားကုန်မလဲ ... စဉ်းစားကြည့်မိရဲ့လားဗျ
ကျန်တော်တို့ဆီတော့ တံတားဖြတ်စရာတော့မလိုဖူး။
ဆိုင်ကယ်လေးနဲ့ အေးဆေးပဲ။ နယ်လာနေပါဘဒို 😁
အစီအစဉ်တွေ ဆွဲထားပါတယ် ကိုစိုင်း ... သို့သော်လည်း မြေတစ်ကွက်ကို သိန်းထောင်ချီတန်သည်ဟု သိလိုက်ရသောအခါ ... ?
ဟုတ် ကိုစိုင်း အဲဒီလောက်ဆိုလည်း မဆိုးပါဘူး ... ရေ မီး စုံလင်မယ်ဆိုရင်ပေါ့
မြို့နဲနဲအပြင်ကျရင် ၃၀၀ လောက်ပဲရှိတာပါ ဘဒိုရ
အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပါဘဲ မြို့နေတဲ့ဒုက္ခတွေပေါ့ဗျာ တောမှာဆို တွေ့တဲ့အပင်ကြိုက်သလိုခူးစားလို့ရတယ်
အဲ ... မတည့်သောအစားအစာများဆိုတဲ့ စာရွက်လေးတော့ ဆောင်ထားနော်