ခစားလှည့်ပါ
ခစားလှည့်ပါ
အပိုင်း ၈မှ ၁၃
"ဖေ့"
"ဝေ့"
ကားပေါ်မှဆင်းလာသည့် သက်နိင်ကို ကြွေသဲပန်က ရိုလာစကိတ်စီးရင်း အနောက်မှ ဖက်ကာ ခေါ်လိုက်သည်။
"ဘာလိုချင်လို့ လာချွဲနေတာလဲ"
"ဘာမှ မလိုချင်ဘူး ဖေက မေ့ကိုရွဲ့လာတာလား"
သူမက ရိုလာစကိတ်စီးထားသဖြင့် သက်နိင်နှင့်အရပ်တူနေကာ အနောက်ကနေ ခါးလည်းဖက်ထား၍ နားနားကပ်ကာပြောနေသည့်အတွက် မသိလျင် သမီးရီးစားလိုလို၊ဘာလိုလိုဖြစ်နေသည်။
"ဟိတ် ဖေဘာမှ မရွဲ့ဘူး သဲရော ဘယ်မှာလဲ "
"ဝရန်တာမှာရှိတယ် မရွဲ့ရင် ဟိုလူကဘာလို့ပါလာတာလဲ"
"အဲ့ဒါလား သမီးအမေကိုစွဲပြီး ပါလာတာ"
"ဘာ ဘာပြောတယ်"
"ဟာ ဖြေးဖြေး တွန်းပါ ကြွေသဲရာ ဖေက ငယ်တော့တာမဟုတ်ဘူး"
သက်နိင်စကားကြောင့် သူမ ဖခင်ဖြစ်သူကို အော်ပြီး အသာလေး တွန်းလိုက်ပေမည့် မထင်မှတ်ထားသော သက်နိင်အဖို့ ဟတ်ထိုးမလဲတာ ကံကောင်းပင်။
"ဖေပြောတာ မေ့ကိုသူက ဝူး "
"ဟေ့ မဟုတ်ဘူး ပြောတာလောသွားတာ"
သက်နိင်က အချိန်မှီ သမီးပါးစပ်ကို လှမ်းပိတ်လိုက်တော့သည်။
"ဒီ သားအဖတွေ ဘာဖြစ်နေတာလဲ လူမြင်မကောင်းဘူး"
"သက် ကိုယ်ရှင်းပြ အဲ့ ကိုယ်ပြောပြမယ်"
အိမ်ထဲမှ ထွက်လာသော သဲသူပန်စကားကြောင့် သက်နိင်လည်း အယောင်ယောင်အမှားမှားဖြစ်သွားတော့သည်။
"သဲ နိုဝဲလ်က သဲရဲ့ထမင်း၊ဟင်းစားချင်လို့တဲ့"
"ဩော် ဟုတ်လား အဲ့ဒါဆို နှင်းသူနဲ့ထွေးလေး ချက်တာတွေပဲလေ သဲတစ်ခါမှ မချက်ဖူးဘူး "
"ဟင် ဟုတ်လား နိုဝဲလ် ငါ့မိန်းမလက်ရာမဟုတ်ဘူးတဲ့ အဲ့ဒါကြောင့် နှင်းသူတို့ဆီမှာပဲ သွားတောင်းစားတော့"
ဝမ်းသာအားရပြောပြီး ထွက်သွားသော သက်နိင်နှင့် သူ့ကိုမျက်စောင်းထိုး၍ထွက်သွားသောကြွေသဲပန်ကိုကြည့်ပြီး သူကြောင်သွားသည်။
"ခက်ပါတယ် ဧည့်သည်ကိုထားပြီး အိမ်ရှင်တွေ ဘယ်ရောက်နေလဲ"
နှင်းသူပန်က ကားမောင်းလာရင်း နိုဝဲလ်အရှေ့တွင်ရပ်ပြီး ပြောလိုက်သည်။
"အစ်ကိုက မမနောက်လိုက်သွားတယ် ကြွေသဲက အိမ်ထဲဝင်သွားတယ်"
"ဟင် ဒါဆို လာလေ"
"မလာတော့ဘူး ကျွန်တော် ပြန်တော့မယ်"
"ပြန်လို့မရသေးဘူး ထမင်းစားမယ်ဆို ခူးထားပေးတယ် လာစားတော့"
ကြွေသဲပန်ကအိမ်အပြင်ထွက်လာပြီး ပြောလိုက်သဖြင့် သူနှင့်နှင်းသူပန် အံ့ဩသွားသည်။
"တီတီနှင်းရော ဗိုက်ဆာတယ် မဟုတ်လား တစ်ခါတည်းဝင်စား"
"အေး အေး ဟုတ်တယ် အခုမှ ဗိုက်ဆာမှန်းသိတော့တယ် လာကိုနိုဝဲလ် သွားစားရအောင်"
အစ်မဖြစ်သုနှင့်ခဲအို စစ်အေးဖြစ်နေပြီဆိုတာ သူမ ရိပ်မိလိုက်သည့်အတွက် နိုဝဲလ်ကို ခေါ်ပြီး ထမင်းစားခန်းသို့ထွက်လာခဲ့တော့သည်။
"စားလေ"
ငါးကြော်ကို နှပ်ထားသည့်ဟင်းပန်ကန်နှင့် ချဉ်ပေါင်းနှင့်မျှစ်ချဉ်ဟင်း၊ငရုပ်သီးပွလှော်တွေကို တွေ့ပြီး သူ သက်ပြင်းချလိုက်မိသည်။
"မကြိုက်လို့လား ဟင်"
နှင်းသူပန်က ဇွန်းနှင့်ခက်ရင်းကို မကိုင်ပဲ စားပွဲပေါ်မှ စားစရာတွေကို ကြည့်နေသည့် နိုဝဲလ်ကို မေးလိုက်သည်။
"ကြိုက် ကြိုက်ပါတယ်"
"ရော့ "
ကြွေသဲပန်က သူမပန်ကန်ကို သူ့ကိုပေးလိုက်ပြီး သူ့ပန်ကန်ကိုသူမ ယူလိုက်သည်။ သူရှေ့ရောက်နေသည့် ပန်ကန်ထဲတွင် အရိုးနွှင်ပြီးသားငါးနှင့် ကြက်သွန်းအနှစ်တွေကို တွေ့လိုက်ရသည်။
"သူက မကြိုက်တာ ဟုတ်ဘူး အရိုးပါလို့ တီတီနှင်းရဲ့ ဟုတ်တယ်မဟုတ်လား"
ကြွေသဲပန်က နှင်းသူပန်ကိုပြောရင်း သူ့ကိုမေးလိုက်သဖြင့် သူကပြုံးပြီး
"ဟုတ်တယ် ဟုတ်တယ် အရိုးကြောက်တာတော့အမှန်ပဲ"
သူ ဇွန်းနှင့် ခက်ရင်းကိုကောက်ကိုင်ပြီး စားနေသည်။
"ထပ်လိုချင်ရင်ပြောနော် နွှင်ထားတာတွေ ရှိတယ်"
သူမက ပန်ကန်ပြားတစ်ခုထဲ ငါးနွှင်ထားတာတွေ ထည့်၍ ပြောလိုက်သည်။
"အရမ်းကောင်းတယ် နှင်းသူပန် ချက်တာလား"
"မဟုတ်ဘူး ထွေးလေးချက်တာ ချဉ်ဟင်းတော့ ကျွန်မချက်တာ "
"ကြွေက အရိုးနွှင်ပေးတယ်နော်"
"ကျေးဇူးပါ စားလို့အရမ်းကောင်းတယ် ထမင်း ထပ်ယူလို့ရမလား"
"ရတာပေါ့ ထွေးလေးရေ လိုက်ပွဲယူလာခဲ့"
နှင်းသူပန်က မီးဖိုဘက် ကြည့်ပြီး ပြောလိုက်သည်။
"ခေါ်မနေနဲ့ ထွေးလေးရှိဘူး ဒီ ထမင်းပွဲ ကြွေကိုယ်တိုင် ပြင်ထားရတာ"
"ဘုရားရေ တစ်ကယ်ကြီးလား"
နှင်းသူပန်က ရင်ဘတ်ကို ဖိပြီးမေးလိုက်သည်။ ဘယ်တုန်းကမှ ထမင်းပွဲမပြင်ဖူးသောတူမက အခုကျထမင်းပွဲ ပြင်ပေးသည့်အတွက် အံ့အားသင့်မိနေတော့သည်။
.............။.................
"ဘယ်လိုလဲ ခရီးသွားလုပ်ငန်းကို စရတော့မှာလား"
"စမယ် မြန်မာပြည်မှာ မသိသေးတဲ့နေရာတွေမှာ ရေတွေအရမ်းလှတာပဲလို့ ပြောတယ် အဲ့ဒါ အရင်ဆုံးသွားပြီးမှ စီစဉ်ရမှာပေါ့"
"မင်းအစ်ကိုကရော ဘယ်လိုသဘောရလဲ"
"ဘယ်အစ်ကို ပြောတာလဲ"
"မင်းကလဲ ကိုသက်နိင်ကို ပြောတာ"
ကိုသက်နိင်ဟု ပြောလိုက်သဖြင့် သူ့မျက်နှာရှုံ့မဲ့သွားသည်။ ဟိုတစ်ခါအိမ်သွားတုန်းက ကြွေသဲပန်တို့ပဲ သူ့ကိညဧည့်ခံခဲ့ပြီးသူက မိန်းမနှင့်ကြက်ပျောက်၊ငှက်ပျောက် ပျောက်သွားသည်မှာ ဒီနှစ်အထိပင်။
"ဘာအသံမှ မကြားဘူး မင်းတို့ရော ဘာအသံကြားလို့လဲ"
"ကြားတယ် အဲ့ဒါ မင်းအတွက်မကောင်းဘူး"
ဖြိုးလွင်စကားကြောင့် သူမျက်ခုံးပင့်သွားမိသည်။
"ဘာသတင်းလဲ"
"ကိုသက်နိင်က မင်းအစ်မကြီးကို တစ်ဖက်သတ် ကြိုက်ခဲ့တာတဲ့"
"ဟင် ဘယ်ကကြားတာလဲ"
သူ့အမေးကြောင့် ဖြိုးလွင်နှင့် တူးနိင်ကတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။
"ဒီလိုကွ ငါ့မိန်းမအစ်မနဲ့ ကိုသက်နိင်မိန်းမကသူငယ်ချင်းလေ သူ့ယောက်ျားတစ်ဖက်သတ်ချစ်ရတဲ့မိန်းမနဲ့ ပြန်တွေ့ရလို့ သူစိတ်ညစ်တယ်၊ သူ့ယောက်ျားကိုစိတ်မချဘူးဆိုပြီး ပြောတာ ငါ့မိန်းမပြန်ပြောပြလို့သိတာ"
"ဘာမှမဆိုင်ပါဘူး ငါ့မကြီးက သူ့ကိုမောင်လေးလိုပဲ သဘောထားတာ"
"ဟုတ်တယ် ဘာမှမဆိုင်ဘူး တွေ့ဦးမယ် ဒီမိန်းမနဲ့"
"ဟင် အစ်ကို"
"ကိုသက်နိင်"
သူတို့နောက်မှ သက်နိင်စကားကြောင့် နိုဝဲလ်အမြန် သက်နိင်ကို ဆွဲထားလိုက်သည်။
"မကြီးမှ မသိတာ ထားလိုက်ပါ အစ်ကို"
"ထားလိုက်တာ ကြာပြီ အခုသူ့ကြောင့်ပဲ အားလုံးနီးပါး သိနေပြီ အဲ့ဒီ့မိန်းမနဲ့ ရှင်းမှဖြစ်မယ်"
"မရှင်းပါနဲ့ အစ်ကို ပြီးရင်လည်း ပြီးသွားမှာပါ "
"မပြီးဘူး ကွာ ငါ့မှာတော့သူ့ကို ချစ်လိုက်ရတာ"
သက်နိင်ကပြောပြီး သူတို့စားပွဲပေါ်မှ ဘီယာကို ယူသောက်လိုက်သည်။
"အစ်ကို ဒါတွေသောက်လို့မရဘူး နဲနဲသောက်တာနဲ့ မူးနေတာ "
နိုဝဲလ်က သက်နိင်လက်ထဲမှ ဘီယာခွက်ကို လုကာပြောလိုက်သည်။
"ကောင်းပြီလေ ဒီဘီယာကို ငါမသောက်ရရင် အဲ့ဒီ့မိန်းမနဲ့သွားရှင်းမယ်"
"ဟာ အစ်ကို အဲ့လိုလည်း သွားရှင်းလို့မရဘူးလေ"
"ကိုသက်နိင် ရော့ သောက်ချင်လား တစ်ခွက်ပဲသောက်ရမယ်"
ဖြိုးလွင်က မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး သက်နိင်ကို ဘီယာခွက် လှမ်းပေးလိုက်သည်နှင့် သက်နိင်ကတစ်ခါတည်း မော့သောက်လိုက်သည်။
"နောက် တစ်ခွက် နောက်တစ်ခွက်"
ဒုန်း ဒုန်း ဒုန်း
မျက်နှာကိုစားပွဲတွင် အပ်၍ စားပွဲကို တဒုန်းဒုန်းထုနေသော သက်နိင်ကိုကြည့်ပြီး ဖြိုးလွင်တို့ပါ အံ့ဩနေကြသည်။
"အစ်ကိုက အူရိုင်း ဘီယာနဲနဲဝင်တာနဲ့မရဘူး"
"အခု ဘယ်လိုလုပ်မလဲ သူ့မိန်းမကိုအသိပေးမလား "
" အသိပေးလို့မရဘူး အခုအချိန်မှာ သူ့မိန်းမတောင် သိမှာမဟုတ်တော့ဘူး"
"နောက်ထပ် ထပ်ပေး သောက်ချင်သေးတယ် "
ဒုန်း ဒုန်း ဒုန်း
စားပွဲကို တဒုန်းဒုန်းထုနေသဖြင့် နိုဝဲလ်နှင့် သူငယ်ချင်းများ ဘေးကဝိုင်းတွေကို ကြည့်ပြီး အားနာသွားရသည်။
"အစ်ကိုတို့ သူ့ကို ရအောင်ထိန်းပေးပါလား ဘေးလူတွေ ဒေါသထွက်ရင် ဒုက္ခရောက်တော့မယ်"
စားပွဲထိုး စကားကြောင့် သူတို့တွေ သက်နိင်ကိုဆွဲထူလိုက်ကြသည်။
တီတူ တီတူ
"ဖုန်း ဖုန်း လာနေတယ်"
"ဘယ်သူ့ ဖုန်းလဲ ငါ့ဖုန်းတော့ မဟုတ်ဘူး"
"ငါ့ ဖုန်းလည်း မဟုတ်ဘူး "
"ဟင် ကိုသက်နိင်ဆီက သူ့အိတ်ထဲက အသံ"
တူးနိင်ကပြောပြီး သက်နိင် ဘောင်းဘီအိတ်ထဲကဖုန်းကို ထုတ်ယူလိုက်သည်။
"ဟယ်လို ဟင် ကြွေ ကြွေသဲတဲ့"
တူးနိင်က နိုဝဲလ့်လက်ထဲ ဖုန်းထည့်လိုက်သည်။
"ဟယ်လို ကြွေသဲလား ဟို အစ်ကိုက......."
"ထပ်ပေး သောက်ချင်တယ် ထပ်ပေး"
နိုဝဲလ်က ကြွေသဲပန်မေးနေသည်ကို အဖြေခက်နေစဉ် သက်နိင်အော်လိုက်သံကြောင့် သူမျက်လုံးပြူးသွားရသည်။
"ဟို အဲ့ဒါ ကိုသက်နိင်ပဲ ဟိုလေ မမတော့ မသိစေနဲ့ ဒီနေရာကို.........အခုလာမလား"
သူက လိပ်စာကို ပြောပြီး ဖုန်းချလိုက်သည့်အချိန် ဖြိုးလွင်တို့က သူ့ကို မျက်လုံးပြူးပြီး ကြည့်နေသည့်အတွက် တစ်မျိုးဖြစ်သွားသည်။
"ဘာ ကြည့်တာလဲ"
"အချိန်ကိုကြည့်"
"ဆယ်နာရီ ရှိနေပြီလေ"
"နေရာလည်း ကြည့်ဦးလေ"
"ဘီယာဆိုင် ဟင် ကြွေသဲကမိန်းကလေးဆိုတော့ ဟာ အစ်ကို့ကို မြန်မြန်ထူလိုက်တော့"
အခုမှ နိုဝဲလ်ပိုပြီး မျက်လုံးပြူးသွားသည်။ မိန်းကလေးကို ကယောင်ခြောက်ခြာနှင့် သွားခေါ်လိုက်မိသည့်အတွက်ပင်။
"အစ်ကို လာလေ "
နိုဝဲလ်က သက်နိင် ချိုင်းနှစ်ဖက်ကိုမ၍ ထူလိုက်သလို၊ ဖြိုးလွင်က တစ်ဖက်ကနေ ဝင်ကူးတွဲပေးလိုက်သည်။ ပြီးမှ ကားပါကင်တွင် ရှိသောကားပေါ် သက်နိင်ကို တွန်းတင်လိုက်သည်။
တီ တူ တီ တူ
ဖုန်း ခေါ်နေသဖြင့်သူထူလိုက်သည်။
"ဟင် ဒီနားရောက်နေပြီ ဟုတ်လား ကားပါကင်ထဲမှာရှိတယ်"
သူပြောပြီးမကြာခင် ခေါင်းစွပ်ကို စောင်းပြီး ကြွေသဲပန်ရောက်လာသည်။
"ခင်များတို့ ဖေဖေ့ကို ဘီယာဝိုင်းတိုက်လိုက်တာမဟုတ်လား"
"ဟာ ဘယ်ကလာ မမကအစ်ကိုနဲ့မကြီးအကြောင်း ဒီကောင့်အစ်မကိုပြောတာသိပြီး စိတ်ဆိုးလို့ သောက်လိုက်တာ"
"ဟင် ဟုတ်လား အဲ့ဒါဆို ခဏလေး"
သူမကပြောပြီး ခပ်လှမ်းလှမ်းတွင် ဖုန်းပြောနေသည်။ သက်နိင်ကတော့ နောက်ခန်းတွင်ခွေခွေလေး ငြိမ်နေတော့သည်။
....................။...............
"အား ကျွတ် ကျွတ်"
သက်နိင်က အိပ်ယာထထိုင်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည့်အခါ သူ့အခန်းထဲ ပြန်ရောက်နေမှန်းသိလိုက်ရသည်။
"ကိုသက် နိုးလာပြီလား ကော်ဖီခါးခါးလေး ဖျော်ထားတယ် သောက်လိုက်ပါလား"
သူကသဲသူပန် စကားကို မကြားချင်ဟန်ဆောင်ကာ ရေချိုးခန်းသို့ဝင်သွားသည်။
"ကိုသက် စိတ်ဆိုးနေတာလား"
သူက သဲသူပန် ဘာပြောပြော ဂရုမစိုက်ပဲ အဝတ်လဲနေသဖြင့် သဲသူပန်က စိတ်ညစ်စွာ ကုတင်တွင် ထိုင်နေရာမှ ထမရပ်
"မူးလိုက်တာ"
သူမ မိုက်ကနဲနေသွားသည်။
"ဟင် သဲ သဲဘာဖြစ်တာလဲ"
သက်နိင်က စိုးရိမ်တကြီး သူမဘေးနားရောက်လာကာ မေးလိုက်သည်။
"ခေါင်းက ရိပ်ကနဲ မူးသွားလို့ "
"သွေးတိုးနေတာလား သွေးတိုးစာ အမြဲစားနေတာလား"
စိုးရိမ်တကြီး မေးနေသည့် သက်နိင်ကို ကြည့်ပြီး သဲသူပန် ပြုံးလိုက်မိသည်။
"ဟာ ဘာပြုံးတာလဲ အငန်းတွေမစားပါနဲ့ဆို စားပြန်ပြီထင်တယ်"
"ကိုသက်ပဲ စိတ်ကောက်နေတာ သဲကိုစိတ်ဆိုးတာ. ပြေပြီလား"
"ပြေရတော့မှာပေါ့ ဒီကကောင်က မိန်းမတစ်ခုခုဖြစ်မှာ စိုးတာ "
"သိတယ် ကိုသက်ကို ဝမ်းသာစရာပြောမလို့ ကိုသက်ကစိတ်ဆိုးနေတာကို "
"ပြောကွာ ကိုယ်အရမ်းသိချင်လှပြီ"
သူမကဘာမှမပြောတော့ပဲ ဗိုက်ကို ပွတ်ပြလိုက်သဖြင့် သက်နိင် အံ့သြသွားတော့သည်။
ဆက်ရန်
ကျေးဇူးတင်လျက် နိုဒါရီ UK
- 05.18