ဆွေးနွေးခြင်းမှသည် အမှန်တရားဆီသို့
ဆွေးနွေးခြင်းမှသည် အမှန်တရားဆီသို့
ကျောင်းဖွင့်ငွေရွှင်စဆိုတော့ ဘာပြောကောင်းမလဲ။ ခင်လေးနှင့်
မမဇော်တို့ အဆောင် ထမင်းဟင်းစားဖို့နေနေသာသာ အပြင်ဆိုင်မှာ
တစ်နေကုန်ထွက်စားကြ၏။ အတွဲညီညီ ပေါင်းသင်းလာတာ
နှစ်အတော်ကြာသမို့ သူ့အကြောင်းအူမချေးခါး ကိုယ့်အကြောင်းခေါင်းအစခြေအဆုံး သိကြလေသည်။ တစ်ယောက်က ဒါဆို
နောက်တစ်ယောက်က "အင်း"တစ်လုံးပဲ။ ဘယ်တုန်းကမှ သဘောထား
မကွဲလွဲခဲ့ကြဘူးပေ။
မမဇော်ရေ......ကျောင်းထောင့်နားကဆိုင်မှာ ထမင်းသွားစားမယ်။
အေး...သွားကြတာပေါ့။ လက်စွဲတော်အချစ်တော် စာအုပ်နှစ်အုပ်ပိုက်ရင်း ခင်လေး အဆောင်ရှေ့ဗာဒံပင်အောက်က ကွတ်ပျစ်ပေါ်က
လမ်းဘက်ကို မျှော်ကြည့်ရင်း မမဇော်ထွက်အလာ စောင့်နေ၏။
မမဇော်ကတော့ စာအုပ်အတော်အတန်ဖတ်သူဆိုတော့
မိုဘိုင်းဖုန်းလေးကိုင်ဆောင်ကာ ထွက်လာသည်။ မမဇော်နှင့်
ခင်လေးတို့ ထိုဆိုင်မှာ စာတည်းချနေတာ နှစ်နဲ့ချီနေသော်လည်း
စားကောင်း၍တော့မဟုတ်။ စားကောင်းသည့်ဆိုင်တစ်ဆိုင်မျှ
နည်းပညာကျောင်းဘက်တွင် ဘယ်တော့မှ ဖွင့်လိမ့်မလဲမသိ။
ဆက်ဆံရေးမှာလည်း မှန်ရောင်ဟင်းချိုရေကဲ့သို့ ကျဲကျဲတောက်သည်။
သို့သော်.....သူ့ဘက်ကဘယ်လိုရှိရှိ စားသုံးသူတာဝန်ကတော့
ကျေလည်အောင် ဆက်ဆံကြသည်။ ကျောင်းတွင် ရှိရှိသမျှဆိုင်တွေမှာ
ဤဆိုင်မှာ မဆိုးသေးတဲ့အထဲ ပါဝင်နေသေး၍ဖြစ်သည်။
ယနေ့ ညနေတွင် ဆိုင်၌ လူအထူးစည်ကားနေပါ၏။ အထူးသဖြင့်
ကျောင်းသားများသာဖြစ်ပြီး မိန်းကလေးဝိုင်း မိမိတို့ဝိုင်းအပါဝင်
သုံးဝိုင်းဖြစ်လေ၏။ မမဇော်သည် သူမှာချင်တာကို စားပွဲထိုးလေးအား
မှာပြီး၍ မီနျူးအား ခင်လေးသို့ကမ်းပေး၏။ ခင်လေးလည်း
အလွန်ဆုံးရှိ ဆယ်နှစ်သားကောင်လေးကို မိမိစားချင်တာကို မှာလိုက်၏။
ခင်လေးရယ်.....တို့နိုင်ငံမှာ စားသောက်ဆိုင်တိုင်းက ဝိတ်တာလေးတွေ ဝိတ်ထရက်စ်လေးတွေဟာ ဆယ်နှစ်ပါတ်ဝန်းကျင် အသက်အရွယ် ကလေးတွေကများနေတာတွေ့ရတယ်။ သူတို့ကလေးတွေ ပညာကော သင်ရသလားမသိဘူးနော်။´´ ခင်လေး ထူထူထဲထဲမျက်ခုံးကလေး ညွတ်နေအောင်စဉ်းစားဟန်ပြုရင်း
မမဇော်ပြောတာ......ခင်လေးရော သတိထားမိနေတာကြာပါပြီ။
သူတို့ရဲ့ လက်ချောင်းသေးသေးတွေနဲ့ မနိုင်တနိုင်သယ်လာတဲ့
စားဖွယ်ရာရာတွေကို ခင်လေးတို့ စားခဲ့တာလည်း မနည်းဘူး။
ကိုယ်ဆိုရင်.....သည်အရွယ်ဘာလုပ်နေရသလဲတွေးမိရင်
သူတို့အတွက် ကြေကွဲထိရှမိတယ်။ ဘဝတွေမတူလို့ပြောရင်
မှားတယ်လို့ ခင်လေးကောက်ချက်ချချင်တယ်။´´
ဘာလို့လဲ......ခင်လေး။ ဘဝမတူလို့ အဖြစ်အပျက်တွေ ကွဲပြားသွားတာပဲလေ။´´
နိုးနိုး....မမဇော်။ လူတွေက ခွဲခြားထားလို့။ ဓနရှင်ငွေရှင်ကြေးရှင်တွေက ခွဲခြားပစ်လို့။ စနစ်ဆိုးက ခွဲခြားထားလို့ပဲ မမဇော်။´´
ဆွေးနွေးခန်းဟာ အရှိန်ရလာသည်။ မြန်မာထမင်းဆိုင်စားသောက်ဆိုင်တွေမှာ အိပ်ယာလိပ်နဲ့ စောင့်နိုင်သည်မို့ ခင်လေးတို့ဆွေးနွေးခန်းကို
ချဲ့ထွင်ပြောနိုင်လေသည်။ ဖြန့်ကျက်ပြောဆိုနိုင်ကြလေသည်။
မမဇော်သည် အလေးအနက် တွေးတောဟန်ပြုရင်း
``ခင်လေး....ကောက်ချက်ချတာလည်း ချပေါ့။ လက်တောင်အတိုအရှည် အရွယ်အစား အကြီးအသေးရှိသေးတာပဲ။
ဘုရားရှင်ဟောခဲ့တဲ့အထဲမှာ အတိတ်ဘဝက ကုသိုလ်အကုသိုလ်အကျိုးနဲ့လည်း ဆိုင်ကြောင်းဆိုင်ရာတွေ ဇာတ်နိပါတ်တွေနဲ့
မိန့်မွတ်ကြားထားခဲ့တာပဲလေ။ ခင်လေးပြောပုံအရဆိုရင်
တို့လူ့အသိုင်းအဝိုင်း တစ်ခုလုံး ကို စွဲချက်တင်နေသလို
မဖြစ်ဖူးလား။´´
``မမဇော်ကလည်း .....မတူညီတာကို ခင်လေးသိပါတယ်။
မတူတဲ့သဘောတွေ ပေါင်းစည်းနေထိုင်ခြင်းကိုလည်း လက်ခံတယ်။
ဒါပေမဲ့.....အရမ်းသိသိသာသာ ကွဲပြားသွားတာမျိုး
မဖြစ်စေချင်ဘူး။ သိသိသာသာ ကွဲပြားအောင်လည်း
မလုပ်ဆောင်သင့်ဘူး။ မမဇော်ကို သက်ဦးဆံပိုင် ဘုရင်လက်ထက်ကို
နှိုင်းယှဉ် ချိန်ဆပြမယ်။ ခေါင်းစဉ်ကနေ စကြည့်ရအောင်။
အသက်ကနေ....ဆံဖျားအထိရှင်ဘုရင်သာ ပိုင်တယ်လို့
ပြောမနေဘူးလား။ ´´
``မမိုက်ဘူးနော် ခင်လေး။ ဘုရင်လက်ထက်ကိုတော့
မမဇော်လည်း သဘောမကျဘူး။ သဇင်ပန်းတောင် နန်းတွင်းသူတွေ
ပန်ပြီးမှ အရပ်သူအရပ်သားတွေဟာ ပန်ကြရတယ်လို့ မှတ်သားဖူးတာပဲ။ အဲ....နောက်တစ်ချက်က သူဋ္ဌေးသူကြွယ်တွေတောင်
နန်းတွင်းသူနန်းတွင်းသားလောက် လက်ဝတ်ရတနာ မဝတ်ကြရဖူးလို့လဲ ဖတ်မှတ်ဖူးခဲ့တယ်။ ဒါပေမဲ့ အဲ့တာရှေးတုန်းကဆိုတော့
မမဇော်တို့ခေတ်မဟုတ်ပြန်ဘူးလေ။´´
ဒါဆို....မမဇော် သမိုင်းကို ဘယ်လိုသဘောပေါက်သလဲ။´´
သမိုင်းကသမိုင်းပဲပေါ့ ခင်လေးရယ်။ သဘောပေါက်တာပေါ့။သမိုင်းသင်ခဲ့ရတဲ့အချိန်တွေ.....
အိပ်ငိုက်ခဲ့ရတာပျော်တယ်။´´``မမဇော်....မဖောက်နဲ့နော်။အတည်မေးနေတာဗျ´´
အဟဲ.....စတာပါကွယ်။ ခင်လေးပြောကြည့်လေ။ ခင်လေးရော သမိုင်းကို ဘယ်လိုသဘောရှိစ။´´
ခင်လေးကတော့ သမိုင်းဆိုတာ အမှားအမှန်ချင့်ချိန်ဖို့။
တွေးတောဖို့။ ကြံဆဖို့ ။ အကောင်းအဆိုးကို ခွဲခြားနိုင်ဖို့။
လုပ်ရပ်လုပ်ဇာတ်ကို သိရှိဖို့။ တိုင်းပြည်အတွက် အနာဂါတ်သားကောင်းလူငယ်တွေအတွက် တို့တုန်းကဒီလိုတွေ....မင်းတို့ကျမမှားနဲ့။
မတွေဝေနဲ့။ သင်ပြပေးတဲ့ အဖိုးတန်အရာတစ်ခုလို့မြင်တယ်။
သူ့တိုင်းပြည်သမိုင်း ကိုယ့်တိုင်းပြည်သမိုင်းဆိုတာတွေ
လေ့လာကြရတာ အချင်းချင်းထောက်ချင့်တွေးကြဖို့အတွက်ပဲလေ။
ဘာကြောင့် ကျဆုံးခဲ့သလဲ။ ဘာကြောင့် ဆင်းရဲခဲ့သလဲ။
ဘာကြောင့် နာလန်မထူသလဲ။ ပြန်လည်ဆန်းစစ်ကြရင်
အမှန်တရားကို မျက်ဝါးထင်ထင် မြင်တယ်မဟုတ်လား...မမဇော်။´´
ဟုတ်ပေသားပဲ.....မမဇော်မြင်တတ်လာပြီ။ မမဇော်....ခင်လေးကို အငယ်ပေမဲ့လေးစားတာ ချစ်ခင်တာ နှစ်သက်တာ ဒီအချက်တွေကြောင့်ပဲ။ အဟဲ....ဆက်စမ်းပါဦး။ မခွဲခြားသင့်တဲ့အကြောင်းလေး။´´
မမဇော်ကို သိသာထင်ရှားတဲ့အချက်ကနေ စပြောပြမယ်။
ဥပမာ ဥာဏ်ရည်တူသူတူ ကျောင်းသူကျောင်းသားနှစ်ယောက်
ကိုယ်ပိုင်ကျောင်းကို တစ်ယောက်ကိုထားပြီး နောက်တစ်ယောက်က
အစိုးရကျောင်း(သို့)နယ်ကကျူရှင်ဝိုင်းကို ထားမယ်။ ကြိုးစားမှုကလည်း
အတူတူဆိုပါတော့။ ´´ဟုဆိုပြီး စကားစကို ဖြတ်ထားလိုက်တော့
``ဒါများ....ခင်လေးရယ်။ ကိုယ်ပိုင်ကျောင်းတွေကပဲ နှစ်စဉ်အောင်ချက်ကောင်းပြီး ဂုဏ်ထူးထွက်လည်း များတယ်လေ။ ပေးရတဲ့ကျောင်းစရိတ်လည်း ကြီးတော့ ဘယ်တူမလဲ။ ´´
``ဟုတ်ပြီ...မမဇော်။ အဲ့သည်အချက်မှာပဲကြည့်။ ခင်လေးတို့နိုင်ငံ
ပညာရေးလောကမှာ ငွေက အခရာပဲ။ ဆေးကျောင်းတွေမေဂျာကောင်းကောင်းမှာ ဘယ်ကကျောင်းသားတွေများသလဲ။ အခြားအလားတူတက္ကသိုလ်နယ်မြေမှာရော......
ကောင်းပေ့မေဂျာကို ဘယ်သူတွေရသလဲ။ စစ်တမ်းကောက်ကြည့်ကြမယ်ဆိုရင် ကျူရှင်ထားနိုင်မှ ကိုယ်ပိုင်ကျောင်းထားနိုင်မှ
ဝိုင်းနဲ့သင်နိုင်မှ ဖြစ်နေတယ်။´´
``စောနကပြောခဲ့သလိုပဲ.....ဝိတ်တာလေးတို့လို
နေ့စားအလုပ်သမားတို့လို အခြေခံလူတန်းစားတွေ
အောက်ကျနောက်ကျ နိုင်နေတုန်းဆိုတာသွားတွေ့ရတယ်။
မန်းနီးမိတ်အဲဗီးသင်းဆိုတော့ အစိုးရကျောင်းမှာတောင် အတန်းကုန်ပညာသင်နိုင်ဖို့ ဝေးကြရပြီလေ....မမဇော်။´´
``အရင်းရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ တွင်ကျယ်စွာလောင်မြိုက်နေတုန်းပါပဲ မမဇော်။´´ဟုဆိုကာ သက်ပြင်းတစ်ချက်ချကာ ခင်လေးငေးမှိုင်သွား၏။ ဘာရယ်ညာရယ်တော့မသိ။ မမဇော်လည်း
မှိုင်တွေချရပြန်၏။
ရေနွေးတစ်ချက်ငုံကာ သောက်လိုက်ရင်း ခင်လေးစကားစပြန်ဆက်ပြန်၏။ ``ခရိုနီဆိုတဲ့စကားလုံးတွေ ဘယ်သူ့သားသမီးဆိုတာတွေ
အရေးလုပ်အထူးပြုနေကြရတဲ့အချိန်ပဲလေ။ မိုးကောင်းကောင်းရွာတာမဆန်းပါဘူးလေ။´´
ရိုးတိုးရိတ်တိတ်နဲ့ စကားကို ချိတ်ပြောတတ်တဲ့နေရာမှာ
ခင်လေးဟာ ထိထိမိမိနဲ့ စကားအဆန်းတွေချည်း ပြောတတ်သည်။
သူတွေးတာ လုပ်တာကိုင်တာတွေကို မမဇော်တစ်ယောက်
သံယောဇဉ်တကြီး ဖြစ်နေမိတာတော့ ဘာလို့မှန်း ကိုယ့်ကိုယ်ကို မသိပေ။
ထိခိုက်ကြေကွဲဟန် မကျေနပ်ဟန်တွေရောနှောပါဝင်စွာ
``မမဇော်....သိလား။ အခွင့်ထူးခံလူတန်းစားရှိနေသရွေ့.......
အရင်းရှင်စနစ်တွင်ကျယ်နေဦးမှာပဲ။ အခြေခံလူတန်းစားတွေလည်း
အောက်ကျနောက်ကျဖြစ်နေဦးမှာပဲ။ ဒါတွေကို ခွဲခြားပြီး ကွဲပြားသထက်
ကွဲပြားအောင် လုပ်နေတာ ဘယ်သူတွေလဲ။ လုပ်တဲ့သူမှန်သမျှ
သမိုင်းရဲ့တရားခံတွေပါပဲ။ သူတို့အမြင်မှန်ရလာပြီး ထိန်းညှိပေးရင်ကောင်းမယ်ဗျာ´´ဟု ညင်သာတိုးဖျော့စွာ စကားဆိုရှာလေသည်။
စားသောက်ဖွယ်ရာများလည်း ရောက်လာသမို့ အချင်းချင်း
နှုတ်ဆိတ်စွာ အတွေးကိုယ်စီဖြင့် စားသောက်ကြပါတော့သည်။
#ကျေးဇူးတင်ရှိမိပါ
8.6.2018
Ps;မိမိ၏ အတွေးများသာဖြစ်၍ အမှားပါရင် ခွင့်လွတ်ကြပါရန်။
စေတနာဇောဖြင့် စောကြောဝေဖန်မိပါကြောင်းဗျာ.....။