လူ
လူမှာ အတ္တကြီးမားတဲ့ ဗီဇသဘာဝရှိနေလို့ လူအတော်များများက အတ္တဗဟိုပြုအချစ်တွေနဲ့ပဲ ကြုံတွေ့ကြရ / ကိုယ်တိုင်လည်း အတ္တဗဟိုပြုအချစ်နဲ့ပဲ ချစ်တတ်ကြတာ များတယ်။
အတ္တဗဟိုပြုအချစ်က ချစ်သူလက်တွဲဖော်နဲ့ အဆင်ပြေပြီး ကိုယ့် အတ္တလိုအင်ပြည့်ဝနေတဲ့အခါမျိုးမှာတော့ စိတ်ကျေနပ်ပျော်ရွှင်မှု ခံစားရစေပါတယ်။
ဒါပေမဲ့ ဆန့်ကျင်ဘက်အခြေအနေတွေ ကြုံရရင် မီးတောက်မီးလျှံလို ဖြစ်သွားတတ်တယ်။
အတ္တဗဟိုပြုအချစ်ရဲ့ ထင်ရှားတဲ့လက္ခဏာက ကိုယ့်အတ္တလိုအင်နဲ့ မတိုက်ဆိုင်တာတွေ ကြုံရတဲ့အခါ / အတ္တလိုအင်မပြည့်ဝရတဲ့အခါမျိုးမှာ စိတ်နှလုံးသားထဲ ပူလောင်ကျွမ်းမြိုက်ရတာပဲ။ အဲဒီအခါ အတ္တဗဟိုပြုအချစ်က အတွင်းစိတ်ကို လောင်ကျွမ်းနိုင်တဲ့ မီးတောက်မီးလျှံဖြစ်လာပြီး အမျက်ဒေါသ မနာလိုဝန်တိုမှု စိတ်အနှောင့်အယှက်ပေးလိုမှု ရန်လိုတိုက်ခိုက်မှု ဝမ်းနည်းနာကျင်မှု လက်စားချေလိုမှု နာကျည်းခံပြင်းမှု စသဖြင့်ပေါ့လေ အဲဒီလိုအရာတွေအဖြစ် အသွင်ပြောင်းလဲသွားလေ့ရှိတယ်။
အချစ်ရဲ့မူလသဘောသဘာဝ ပျက်စီးကွယ်ပျောက်သွားတတ်တယ်။
နားလည်လွယ်အောင် ပြောရရင်တော့ မီးလို ပူလောင်တဲ့ အချစ်မျိုးပေါ့။
အဲဒီလို ပူလောင်တဲ့ အတ္တဗဟိုပြုအချစ်မျိုးက အချိန်ကာလနဲ့ ကြုံတွေ့ရတဲ့ အခြေအနေတွေ အပေါ် မူတည်ပြီး လျော့ပါး/ ပြောင်းလဲ/ ပျက်စီးကွယ်ပျောက်သွားတတ်တဲ့ သဘောမျိုး ရှိတယ်။
ချစ်ခြင်း+မေတ္တာ= ချစ်ခြင်းမေတ္တာဆိုတာကတော့ စိတ်ပိုင်းခံစားမှု အပူအအေးမျှတတဲ့ စိတ်အခြေအနေပုံစံတစ်မျိုးပဲ။
ချစ်ခြင်းမေတ္တာအကြောင်း မပြောခင် မေတ္တာတရားအကြောင်း လိုရင်းထပ်ပြောပြဖို့ လိုလာပြန်တယ်။
မေတ္တာတရားရဲ့သဘောသဘာဝက လိုရင်းပြောရရင်
၁/ သူတစ်ပါး အကျိုးကို လိုလားခြင်း
၂/သူတစ်ပါးကို စိတ်ပိုင်းလွတ်လပ်မှုရအောင် ကူညီဖြည့်ဆည်းပေးခြင်း
၃/ သူတစ်ပါးကို ကိုယ်နဲ့ ထပ်တူထပ်မျှ ကိုယ်ချင်းစာနာစိတ်နဲ့ တန်ဖိုးထားချစ်ခင်ပေးတတ်ခြင်း
အဲဒီလို အအေးဓာတ်သဘောမျိုးတွေ။
ချစ်ခြင်း+မေတ္တာ= ချစ်ခြင်းမေတ္တာဆိုတာ အတ္တဗဟိုပြု အချစ်စိတ်သက်သက်ရဲ့ ပူလောင်တဲ့ သဘာဝထဲမှာ
လွတ်လပ်အေးမြတဲ့ မေတ္တာတရား ဆတူရောနှောပြီး စိတ်ပိုင်းဆိုင်ရာ အပူအအေးမျှတမှု ဖြစ်စေတဲ့ သဘောမျိုးပဲ။
သာမန် အချစ်စိတ်က အတ္တဗဟိုပြုသက်သက် ဖြစ်ပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာက အတ္တ-ပရ မျှတတဲ့ ဗဟိုချက်နှစ်ခု ( သင်္ချာနည်းနဲ့ စဉ်းစားလို့ မရ) အသွင်ဆောင်တယ်။
အတ္တလိုအင်နဲ့ မတိုက်ဆိုင်လို့ အတွင်းစိတ်ပူလောင်ကျွမ်းမြိုက်ရတယ်ဆိုရင် အဲဒါ ချစ်ခြင်းမေတ္တ္တာအဆင့် မရောက်သေးဘူး။ လူပြောများတဲ့ လူအများ နားလည်ထားကြတဲ့ သာမန် အချစ်စိတ်မျိုးလို့ပဲ ဆိုနိုင်သေးတယ်။
ချစ်ခြင်းမေတ္တာဆိုတာက အတ္တဗဟိုပြု အသိအမြင်/ အာရုံခံစားမှုတွေကြောင့် ဆင့်ပွားဖြစ်လာတဲ့
ပူလောင်ကျွမ်းမြိုက်ရမှုတွေကို
ပရဗဟိုပြု မေတ္တာတရားရဲ့အေးမြလွတ်လပ်မှုသဘောတွေနဲ့ ပြန်ထိန်းညှိပေးနိုင်စွမ်း ရှိတယ်။
ချစ်ခြင်းမေတ္တာဆိုတာက
ကိုယ့်အတ္တလိုအင်ထက် ချစ်သူလက်တွဲဖော်ရဲ့ အတ္တလိုအင်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိကထားတယ်။
အဲဒီလို ချစ်ခြင်းမေတ္တာစိတ်အခြေအနေမျိုး ကိုယ့်စိတ်နှလုံးသားထဲ ရှိနေနိုင်ဖို့
အတ္တဗဟိုပြုမှုအပြင်
ဥာဏ်ပညာဆိုတာ မရှိမဖြစ် ရှိနေဖို့ လိုအပ်တယ်။
အတ္တဗဟိုပြုအချစ်စိတ်ကြောင့် ပူလောင်ကျွမ်းမြိုက်နေရတဲ့အခါ ကိုယ့်အတ္တ (ဒီနေရာမှာ ဗုဒ္ဓဘာသာရေးက ဆန့်ကျင်တဲ့ အတ္တသဘောမျိုးကို မဆိုလို/ စိတ်ခွဲပညာရပ်နယ်ပယ်က Ego+Id+Superego တွေကို ဆိုလို) ကို ထိခိုက်ပြီး စိတ်ပိုင်း ဘယ်လောက်ဝမ်းနည်းနာကျင်ရတယ်ဆိုတာ ကိုယ်တိုင်ခံစားဖူးသူတွေ သိကြပါတယ်။
အဲဒီလို Egocentric Love ကြောင့် ဖြစ်လာရတဲ့ စိတ်ပိုင်းထိခိုက်ဒဏ်ရာရမှုတွေကို သက်သာရာရအောင် ပြန်ထိန်းညှိတည်ဆောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါ အရမ်း ခက်ခဲပင်ပန်းပါတယ်။
တော်ရုံ ဥာဏ်ပညာ ရှိနေရုံနဲ့ မရနိုင်ဘူး။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာမှာ အဲဒီလို ဥာဏ်ပညာမျိုးလည်း ရောနှောပါဝင်နေတယ်။
စိတ်နှလုံးသားရဲ့အတွင်းပိုင်းကနေ ဖြစ်လာတဲ့ ချစ်ခြင်းမေတ္တာနဲ့ အသိဥာဏ်ကနေဆင့်ပွားဖြစ်ပေါ်လာတဲ့ ဥာဏ်ပညာက
အပြန်အလှန်အမှီပြု ဆက်စပ်နေတယ်။
လူအများစုက ချစ်ခြင်းမေတ္တာဆိုတာ ချစ်သူလက်တွဲဖော် ဒါမှမဟုတ် တခြားမိတ်ဆွေအပေါင်းအသင်းတွေဆီကနေ တောင်းယူလို့ ရနိုင်တဲ့အရာလို့ ထင်မှတ်မှားနေကြတယ်။ လူ့ဘဝမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ အရာကို ကိုယ့် ပုဂ္ဂလအဇ္ဈတ္တရဲ့ ပြင်ပမှာ လိုက်လံရှာဖွေ တွေ့ရှိနိုင်ကြလိမ့်မယ်လို့လည်း လွဲမှားနားလည်ထားကြတယ်။ ဒါ အသိဥာဏ်ကင်းမဲ့ရာကျတဲ့
မသိမိုက်မဲမှုတစ်မျိုးပဲ။
ချစ်ခြင်းမေတ္တာဆိုတာ ကိုယ့် ပြင်ပတစ်နေရာရာမှာ ရှာဖွေယူလို့ ရနိုင်တဲ့ / တခြားသူတွေဆီကနေ တောင်းယူလို့ ရနိုင်တဲ့ / အသနားခံ တောင်းခံယူရမယ့် ရုပ်ဝတ္ထုပစ္စည်းမျိုးမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာရဲ့ သဘောသဘာဝကို အမှန်အတိုင်း သိမြင်နားမလည်ထားကြသူတွေက ချစ်ခြင်းမေတ္တာကို ပြင်ပမှာ ရှာဖွေလို့ မတွေ့နိုင်တဲ့အခါ လူ့လောကမှာ ချစ်ခြင်းမေတ္တာဆိုတာ တကယ် မရှိပါဘူးကွာလို့လည်း လွဲမှား ထင်မြင်ယူဆသွားတတ်ကြတယ်။
အသိဥာဏ်ကင်းမဲ့တဲ့ မသိမိုက်မဲမှုပဲ။
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ
ကိုယ့် စိတ်နှလုံးသားရဲ့အတွင်းအဇ္ဈတ္တထဲမှာ ကိုယ်တိုင် နှလုံးသွင်း မွေးမြူ တည်ဆောက်ထားရတဲ့/မယ့် အဆင့်မြင့် စိတ်ပိုင်းတန်ဖိုးတစ်ခု အဆင့်မြင့် စိတ်ပိုင်းအလှတရားတစ်ခုပဲ။
အသိဥာဏ်မပြည့်စုံတဲ့ အခြေအနေမှာ လူတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာဆိုတာ ရှိတယ်/ အဲဒါကို ကိုယ့်စိတ်နှလုံးသားထဲမှာ တန်ဖိုးတထား မွေးမြူတည်ဆောက်ယူလို့ ရနိုင်တယ်ဆိုတာ ဘယ်လိုမှ နားမလည်နိုင်ဘူး။ သူက ချစ်ခြင်းမေတ္တာဆိုတာကို ပြင်ပမှာ လိုက်ရှာရမယ့်အရာလို့ လွဲမှားနားလည်ထားလေတော့ ကိုယ့် အဇ္ဈတ္တထဲမှာ ချစ်ခြင်းမေတ္တာ ရှိနေနိုင်မယ့် ဖြစ်နိုင်ခြေ အလားအလာကို ပြန်မမြင်နိုင် ဖြစ်နေတာမျိုးပေါ့။
ချစ်ခြင်းမေတ္တာဆိုတာ ရှိတယ်လို့ စိတ်နှလုံးသွင်းလိုက်တဲ့ အခိုက်အတန့်တိုင်း လူတစ်ယောက်ရဲ့ စိတ်နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာ ရှိနေနိုင်တယ်။ ဒါကို အသိဥာဏ်ပညာရဲ့ အကူအညီ အဆက်အစပ်နဲ့ နှလုံးသွင်းတည်ဆောက်တဲ့ အလေ့အကျင့် အထုံပါရမီဖြစ်လာတဲ့အခါ အဲဒီလူဟာ သူ့အဇ္ဈတ္တထဲက ချစ်ခြင်းမေတ္တာကို သူကိုယ်တိုင် တန်ဖိုးထားယုံကြည်စိတ် ထက်သန်ပြင်းပြလာတယ်။
ချစ်ခြင်းမေတ္တာ ရှိနေတဲ့အခါ လူတစ်ယောက်ရဲ့စိတ်နှလုံးသားက အလိုလို ရှင်သန်သက်ဝင်ပြီး အရောင်အဝါ တောက်ပကြည်လင်လာတယ်။ တက်ကြွလှုပ်ရှားလာတယ်။ စိတ်ကျန်းမာရေးလည်း ကောင်းမွန်သန်စွမ်းလာတယ်။
ချစ်ခြင်းမေတ္တာက တန်ခိုးစွမ်းအင်ကြီးမားတယ်။
ချစ်ခြင်းမေတ္တာမှာ တခြားသူ ( ချစ်သူလက်တွဲဖော်/ မိတ်ဆွေသူငယ်ချင်း) တွေကို မျှဝေပေးနိုင်တဲ့ စွမ်းအင်မျိုးလည်း ရှိတယ်။
ကိုယ့်စိတ်နှလုံးသားထဲ ချစ်ခြင်းမေတ္တာ ရှင်သန်သက်ဝင်နေတဲ့အခါ လူတစ်ယောက်ဟာ တခြားသူတွေကို ချစ်ခြင်းမေတ္တာထားဖို့ ချစ်ခြင်းမေတ္တာ မျှဝေခံစားပေးဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တယ်။
ကိုယ့် စိတ်နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာရှိနေရုံသက်သက်နဲ့ အဲဒါရဲ့တန်ဖိုးနဲ့ အဓိပ္ပာယ်က ပြီးပြည့်စုံတဲ့အခြေအနေ မဖြစ်နိုင်သေးဘူး။ အဲဒီလိုဆိုရင် ချစ်ခြင်းမေတ္တာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်နေနိုင်သေးတယ်။
ကိုယ့်ဆီမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာကို
တခြားသူ ( ချစ်သူလက်တွဲဖော်/ မိတ်ဆွေသူငယ်ချင်း) တွေဆီ မျှဝေပေးမှ တခြားသူတွေကို ကိုယ်နဲ့ထပ်တူထပ်မျှ ချစ်ခြင်းမေတ္တာထားနိုင်မှ အဲဒါရဲ့တန်ဖိုးနဲ့ အဓိပ္ပာယ်က ပြီးပြည့်စုံတဲ့ အခြေအနေဆီ အပြည့်အဝ ရောက်ရှိသွားတယ်။
လူတစ်ယောက်ဟာ ကိုယ့်ချစ်သူလက်တွဲဖော်/ မိတ်ဆွေသူငယ်ချင်းတွေကို စစ်မှန်ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထား ချစ်မြတ်နိုးသင့်တယ်။ ချစ်သူလက်တွဲဖော်နှစ်ယောက်ဟာ စစ်မှန်ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တန်ဖိုးထား ချစ်မြတ်နိုးသင့်ကြတယ်။
အဲဒီလို ဖြစ်လာနိုင်အောင်လည်း အသိဥာဏ်ပညာနဲ့ ယှဉ်ပြီး ကြိုးစားကြဖို့ မဖြစ်မနေ လိုအပ်တယ်။
အဲဒီလိုအခြေအနေမျိုးသာ ဖြစ်နေကြမယ်ဆိုရင်
ချစ်သူလက်တွဲဖော်တွေကြား မိတ်ဆွေအပေါင်းအသင်းတွေကြား ကြာရှည်တည်တံ့ခိုင်မြဲတဲ့ Long-distance Relationship ( LDR) တွေ တည်ဆောက်လာနိုင်ကြမှာပဲ။ လူတစ်ယောက် လူနှစ်ယောက်ကနေ လူတွေအများကြီးကြား စစ်မှန်ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာသာ အမှန်တကယ် ရှိနေရင် လူတစ်ဦးချင်း နှစ်ဦးချင်း စိတ်ငြိမ်းချမ်းရေး ရရုံသာမက ကမ္ဘာလောကကြီးတစ်ခုလုံးပါ ငြိမ်းချမ်းပျော်ရွှင်လာကြရမှာ အသေအချာပဲ။
ချစ်ခြင်းမေတ္တာဟာ
သေခြင်းနဲ့အမျှ တန်ခိုးကြီးပါတယ်။
( သမ္မာကျမ်းစာ)
လူတစ်ယောက်ရဲ့စိတ်နှလုံးသားထဲ ချစ်ခြင်းမေတ္တ္တာစိတ် ပြည့်ဝလာပြီဆိုရင် အဲဒီစိတ်နဲ့ သူ့နှလုံးသား အရောင်အဝါတောက်ပလာပြီဆိုရင် ချစ်ခြင်းမေတ္တာရဲ့အရှိန်အဝါကြောင့် အဲဒီလူဟာ တခြားလူတွေ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်တွေကို အလိုလိုဆွဲဆောင်နိုင်လာတယ်။
ချစ်ခြင်းမေတ္တာအရှိန်အဝါကြောင့် ဆန့်ကျင်ဘက်လိင်တွေအပေါ် ဆွဲဆောင်နိုင်မှုက အပေါ်ယံအရေပြားဆန်တဲ့ ရုပ်ပိုင်းဆွဲဆောင်မှုမျိုးမဟုတ်ဘဲ အတွင်းသားသဘော စစ်မှန်တဲ့ ဆွဲဆောင်မှုမျိုးဖြစ်တယ်။ ဒါကို မင်းစိတ်နှလုံးသားထဲ ချစ်ခြင်းမေတ္တာဓာတ် ရှင်သန်သက်ဝင် အရောင်အဝါတောက်ပလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အလိုလို ပြန်သတိပြုမိလာလိမ့်မယ်။
အတ္တဗဟိုပြုအချစ်စိတ် လွန်ကဲသူတွေ အဲဒီအချစ်စိတ်ကြောင့် နှလုံးသားထိခိုက်နာကျင် ဒဏ်ရာရနေသူတွေ စက်ရုပ်ဆန်တဲ့ အသိဥာဏ်စနစ်နဲ့ စက်ရုပ်ဆန်ဆန် နှလုံးသားရှိသူတွေဟာ အတွင်းအဇ္ဈတ္တက လာတဲ့ ချစ်ခြင်းမေတ္တာသဘောကို မသိမမြင် နားမလည်နိုင်ကြတဲ့အပြင် ချစ်ခြင်းမေတ္တာ ရှိတယ်ဆိုတဲ့ အယူအဆကို အယုံအကြည်ကင်းမဲ့တတ်ကြလေ့ ရှိတယ်။
အဲဒီလို လူတွေကို ကိုယ်က စက်ရုပ်လူသား ရိုမန်းဘော့ထ်တွေလို့ သတ်မှတ်ခေါ်ဝေါ်တယ်။
ရိုမန်းဘော့ထ်တွေဟာ သနားကရုဏာသက်စရာကောင်းတဲ့ စက်ရုပ်လူသားတွေပဲ။
ရိုမန်းဘော့ထ်တွေရဲ့ အသိဥာဏ်က ချစ်ခြင်းမေတ္တာရဲ့သဘောကို တန်ဖိုးမထား မယုံမကြည် မသိမမြင် နားမလည်နိုင်အောင် မိုက်မှောင်ပိန်းပိတ်နေတယ်။ သူတို့ရဲ့စိတ်နှလုံးသားက ချစ်ခြင်းမေတ္တာကို တန်ဖိုးထားယုံကြည်စိတ်နဲ့ နှလုံးသွင်းမွေးမြူတည်ဆောက်ယူလို့ မရနိုင်အောင် အေးစက်ထုံထိုင်းပြီး နာကျင်ကိုက်ခဲနေတယ်။
ရိုမန်းဘော့ထ်တွေရဲ့ အသိဥာဏ်နဲ့ စိတ်နှလုံးသားရဲ့ အရောင်အဝါက အနက်ရောင်။
အဲဒီလို အနက်ရောင်ဖြစ်နေရတဲ့ အကြောင်းရင်းက ရိုမန်းဘော့ထ်တွေဟာ စက်ရုပ်လူသားအဖြစ် အသက်ရှင်သန်နေလျက်က သူတို့ရဲ့ အသိဥာဏ်နဲ့ စိတ်နှလုံးသားဟာ ညှိုးနွမ်းသွေ့ခြောက် နာကျင်သေဆုံးနေခဲ့လို့ပဲ။
အသိဥာဏ် ပိန်းပိန်မှောင်မိုက်ပြီး စိတ်ပိုင်းဆိုင်ရာ နာကျင်သေဆုံးနေသူတွေရဲ့နှလုံးသားမှာ ချစ်ခြင်းမေတ္တာ ရှင်သန်သက်ဝင်မှု မရှိနိုင်ဘူး။ အဲဒီလို ကိုယ့်ဆီမှာလည်း ချစ်ခြင်းမေတ္တာ မရှိ ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထား သက်ဝင်ယုံကြည်မှု မရှိကြတဲ့သူတွေဟာ အသိဥာဏ်နဲ့ စိတ်နှလုံးသား ကျန်းမာရေး ယိုယွင်းပျက်စီးနေသူတွေလို့ ဆိုနိုင်တယ်။
အခု ကိုယ်တို့ အသက်ရှင်သန်ဖြတ်သန်းနေရတဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာ ရိုမန်းဘော့ထ်တွေ လူမှုဝန်းကျင်နေရာအနှံ့အပြား မျိုးပွားသထက် ပွားများလာနေတယ်။
မင်းဟာ လူသားစစ်စစ်တစ်ယောက်ပါ။
မင်းကိုယ်မင်း ရိုမန်းဘော့ထ်တစ်ယောက် အဖြစ်မခံပါနဲ့။
မင်းရဲ့ အသိဥာဏ်မှာရော စိတ်နှလုံးသားမှာပါ ချစ်ခြင်းမေတ္တာ အပြည့်အဝရှိနေတဲ့ လူသားစစ်စစ်တစ်ယောက် ဖြစ်ပါစေ။
ချစ်ခြင်းမေတ္တာကို တန်ဖိုးထား ယုံကြည်ပါ။
ချစ်ခြင်းမေတ္တာကို အသိဥာဏ်နဲ့ ဆက်စပ်ယှဉ်တွဲပြီး ကိုယ့် စိတ်နှလုံးသားထဲ အထုံပါရမီသဘောမျိုး ဖြစ်လာတဲ့အထိ နှလုံးသွင်း မွေးမြူတည်ဆောက်ယူပါ။
ကိုယ့် စိတ်နှလုံးသားထဲ ချစ်ခြင်းမေတ္တာ ရှင်သန်သက်ဝင်ပြည့်ဝလာတဲ့အခါ တခြားသူတွေကို မျှဝေပေးပါ။ အထူးသဖြင့် စိတ်နှလုံးသား ထိခိုက်နာကျင်ပြီး ညှိးနွမ်းသွေ့ခြောက်သေဆုံးနေသူတွေကို မျှဝေပေးပါ။
မင်းဆီမှာ တစ်ခုခု ရှိနေရင်
အဲဒါကို
တခြားသူတွေဆီ မျှဝေပေးနိုင်လိမ့်မယ်။
အဲဒီအခါ
မင်းရဲ့ ဘဝဟာ မင်းရဲ့ အသိဥာဏ်နဲ့ စိတ်နှလုံးသားဟာ
အသက်ရှင်လျက် သေဆုံးနေသလို ဖြစ်နေရာကနေ
Jesus သေရာက ရှင်သန်ထမြောက်လာသလို
ချစ်ခြင်းမေတ္တာကြောင့်
အသစ်တစ်ဖန် အသက်ဝင် ရှင်သန်လှပလာတာ
မင်းကိုယ်မင်း မယုံကြည်နိုင်လောက်အောင်
ထူးဆန်းအံ့သြဖွယ်ရာ
ပြန်မြင်တွေ့ရပါလိမ့်မယ်။
Congratulations! This post has been upvoted from the communal account, @minnowsupport, by waiyansoe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.