သေခြင်း အကြောင်းတရား (ကျနော့်အတွေး အလွန်)
သေမှာ ကြောက်လားလို့ မေးရင် ကြောက်တယ်လို့ ခပ်သွက်သွက်ဖြေရပါလိမ့်မယ်။ ဘာကြောင့်ကြောက်သလဲ ဘာအတွက်ကြောက်သလဲ ဆိုတာတော့ ဝေဝေဝါးဝါး။ သေခြင်းတရားဟာ ကြောက်စရာကောင်းမှန်း အသိစိတ်ကရော မသိစိတ်ကရော အပြည့်အဝလက်ခံထားပြီးသား ဖြစ်တယ်။
သေခြင်းတရားနဲ့ ပတ်သက်ပြီး မကြာမကြာ တွေးတောဖြစ်တယ်။
ခပ်ကြာကြာ တွေးတောဖြစ်တယ်။
သေခြင်းတရားအကြောင်း လေ့လာတယ်။
သေခြင်းတရားအကြောင်း စေ့ငုတယ်။
သေခြင်းတရားအကြောင်း တွေးခေါ်တယ်။
ဒါပေမယ့် အဖြေကမရ။
သေခြင်းတရားအကြောင်း ဘယ်သူကမှ တိတိကျကျ ရှင်းမပြနိုင်။
ရှင်းပြနိုင်ရင်လည်း ဒါဟာ ကိုယ်တွေ့မဟုတ်သော အသိတရားသာ ဖြစ်လိမ့်မယ်။
သေခြင်းတရားအကြောင်း သိသွားသူတွေက သေခြင်းတရားဆိုတာ ဘယ်လိုအရာပါဆိုတာ ရှင်းပြနိုင်စွမ်းမရှိ။ ရှင်းပြခွင့်မရှိတော့။
လောကမှာ သေခြင်းတရားဆိုတာ တကယ်မသိဘဲ ရွှီရှောင်ဖြီးဖြန်းနေသော အကြောင်းတရားသာ ဖြစ်လိမ့်မယ်။
သေခြင်းတရားဆိုတာ ဘယ်လိုအရာကြီးဆိုတာ ထားလိုက်ပါတော့။
သေခြင်းတရားကို ဘာကြောင့် ကြောက်ရွံ့ကြသလဲ ဆက်တွေးကြည့်မိတယ်။
အသက်ရှင်နေတဲ့ အဓိပ္ပာယ်ကြောင့် ကြောက်ရွံ့ကြတယ်။
ကိုယ့်မှာ မိသားစုရှိတယ် ဆိုပါစို့ ။
ချစ်ရသူ ရှိတယ်ဆိုပါစို့။ မိတ်ဆွေတွေရှိတယ်ဆိုပါစို့။
မျှော်လင့်ချက်တွေ အိပ်မက်တွေ အနာဂတ်တွေ ရှိတယ်ဆိုပါစို့။
ဒါတွေကို စွန့်ခွာသွားပြီး ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ အမှောင်တိုက်ထဲ တိုးဝင်ပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့ကြခြင်း ဖြစ်တယ်။
ဆက်တွေးမိတယ်... သေခြင်းကို ကြောက်တာလား စွန့်ခွာရခြင်းကို ကြောက်တာလား။
ဥပမာ- ကိုယ့်ခင်တွယ်ရာ အားလုံး အကြောင်းတစ်မျိုးမျိုးနဲ့ သေဆုံးသွားကြသည်ဆိုပါစို့
ကိုယ်တို့ဟာ ရှင်သန်မှုကို ဆက်လိုလားနေဦးမှာလား
ဟင့်အင်း.... အခြားသူတော့ မသိဘူး။
ကိုယ်ကတော့ အတူတူသေဆုံးသွားခြင်းထက် ရှင်ကျန်နေရမှာကို ပိုကြောက်တယ်။
ကိုယ် ဒီကိစ္စကို အထပ်ထပ် တွေးဖြစ်တယ်။
သေခြင်းတရားကို ကြောက်တယ်ဆိုတာ သေခြင်းဆိုတာ ဘယ်လိုရှည်လျားနက်ကျောတဲ့ အမှောင်မျိုးဆိုပြီး ကြောက်တာထက် ဘဝရဲ့ အဓိပ္ပါယ်၊ ဘဝရဲ့ ခင်တွယ်မှု၊ ဘဝတဏှာတွေကို စွန့်ခွာသွားရမှာကို ကြောက်ခြင်းသတ်သတ်လို့ လက်ခံလာတယ်။
သေပြီးနောက်ဆိုတဲ့ကိစ္စကတော့ အနည်းငယ် ရယ်ချင်စရာ ကောင်းလှတယ်။
ဘာသာတရားတိုင်းမှာ ပြဌာန်းထားတဲ့ သေပြီးနောက်ပိုင်းဆိုတဲ့ သတ်မှတ်ချက်တွေ အဖြစ်အပျက်တွေရှိပါလိမ့်မယ်။
ပြောရမယ်ဆိုရင် ဘာသာရေးတိုင်းဟာ သေပြီးနောက်ပ်ုင်းဆိုတဲ့ အကြောက်တရားကို အခြေခံအားကိုးရာရှာ စိတ်လုံခြုံမှုရှာကြခြင်းတွေရဲ့ ထွက်ပေါက်တစ်ခုလို့ ဆိုချင်တယ်။
ဒီအကြောင်းကို ပြောရင် နောက်ဘဝဆိုတာကိုလည်း ပြောရမယ်။
အငြင်းပွားစရာ အတွေးအခေါ်တွေ ပါလာမယ့်အပြင် ဘာမှလည်း အရေးကြီးတဲ့ ကိစ္စမဟုတ်လို့ ဒီအကြောင်းကို ကျော်ချပစ်ခဲ့တယ်။
နောက်ဘဝဆိုတာ မက်လုံးတစ်ခု ဖြစ်နိုင်သလို
သေပြီးနောက် ကျန်ရစ်ခဲ့သူတွေကို ခပ်ပေါပေါသရဲကားတွေထဲကအတိုင်း အဆီးအတားမရှိ မြင်နေတွေ့နေရမယ်ဆိုရင်တော့ ကိုယ့်အတွက် သေခြင်းဟာ အတော်သောက်မြင်ကပ်စရာကောင်းလိမ့်မယ်ထင်တယ်။
မျက်ရည်အတုများ၊ တမ်းတမှု အတုများ၊ ကြေကွဲမှုအတုများနဲ့ စည်ကားနေဖို့ထက်
အစစ်အမှန်များနဲ့ တိတ်တဆိတ်ပြီးမြောက်သွားတဲ့ နာရေးလေးဟာ အေးချမ်းမယ် ထင်တာပဲ။
သေခြင်းတရားအကြောင်း လေယာဉ်စီးရင်း ရေးရတာ အနည်းငယ် အသည်းတုန်စရာကောင်းတယ်။
လေယာဉ်စီးရမှာ ကြောက်တယ်
ဘာလို့ကြောက်သလဲ ... သေခြင်းတရားကို ကြောက်တာပါပဲ။
ခရီးသွားခါနီးတိုင်း ဝင်လာတဲ့ ဆိုက်ကိုက သေခြင်းတရားနဲ့ ပတ်သက်နေတာပဲ။
ရယ်စရာပဲ.... ခရီးမသွားဘဲ အိမ်မှာနေရင်း သေဆုံးသွားသူများကို မေ့လျော့ရင်း ခရီးသွားရမှာ ကြောက်နေခဲ့မိတယ်။
လူဆိုတာ မွေးရာပါသေတတ်တဲ့ သတ္တဝါတစ်မျိုးမျှသာ ဖြစ်တယ်။
ဘဝမှာ ဖြူဖြူစင်စင်ဆိုတဲ့ စကားတစ်ခုအတွက် ကုတ်ကပ်ရှင်သန်ရင်း မောပန်းနာကျင်ရသော ကံကြမ္မာညရေးညတာများကိုလည်း ခါးသီးစွာ ဖြတ်သန်းစီးဆင်းရတယ်။
မျက်စိရှေ့မှာတင် ရုတ်တရပ် ပျောက်ဆုံးပြောင်းလဲသွားသော ဘဝအချို့...
ကိုယ်တုန်လှုပ်လာမိတယ်။
ကိုယ်တို့လည်း တစ်နေ့တော့........
အသက်ရှင်ရခြင်းရဲ့ အကြောင်းအချင်းရာတွေကို ကိုယ်မုန်းတီးလာသည်။
တစ်ဘဝစာ ရှင်သန်ဖို့ ရုန်းကန်နာကျင်ခဲ့သမျှ သေခြင်းတရားဆိုတဲ့ အရာအောက်မှာ မျက်စိတမှိတ်အတွင်း ပျောက်ဆုံး ပျက်စီးသွား။
ရက်ပိုင်းမျှသော နှမျောတသသံများ၊ ဝမ်းနည်းစကားအချို့၊ သနားကရုဏာသက်သံများ
ရက်ပိုင်းအတွင်း မီးသဂြိုလ်စက်ခေါင်းတိုင်မှ မီးခိုးတန်းများနှင့် လွယ်လင့်တကူ လွင့်ဝဲပျောက်ကွယ်သွားကြ။
ဟူး.... ကိုယ်တို့ ခက်ခဲစွာ ရှင်သန်ခဲ့သမျှဟာ အလွယ်တကူ ကျိုးကြေပျက်သုဉ်းသွား။
ကိုယ် ... တုန်... လှုပ်.... နာ... ကျင်
အီဂျစ်နတ်ဘုရားတွေရဲ့ ကျိန်စာတစ်ခုအကြောင်း ဖတ်ဖူးတယ်။ "သေခြင်းတရားကို လိုအပ်ချိန်မှာ မရရစေ"တဲ့။ ဟ... အသက်ရှည်မယ့် ကျိန်စာကြီးဟလို့ တွေးမိသေးသည်။
တကယ့်တကယ်တမ်းမှာ ဒါဟာ တကယ့်ကို ဆိုးဝါးနက်မှောင်လွန်းတဲ့ ကျိန်စာတစ်ခုမှန်း နားလည်လာရတယ်။ ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့လူတွေက ကိုယ့်အနားကနေ တဖြုတ်ဖြုတ် ကြွေလွင့်သွား။ တစ်ယောက်ကြွေရင် တစ်ခါနာကျင်ရ။ ကျန်ရစ်ခဲ့ရတဲ့ ဝေဒနာပေါင်းများစွာ။
ကိုယ်တစ်ယောက်တည်း လောကအလယ်မှာ အထီးကျန်တိတ်ဆိတ်အက်ကွဲ....
ဘယ်လောက် ဆိုးဝါးလိုက်သလဲ။
ဒီအထိ ဖတ်လာပြီးရင် အပိုစာသားတွေလို့ပဲ သတ်မှတ်လိုက်ပါတော့။
သေခြင်းတရားအကြောင်း တွေးတော့သည် ဖြစ်စေ
မတွေးတောသည်ဖြစ်စေ
လူဆိုတာ တစ်နေ့တော့ သေကြရမယ့် မွေးရာပါသေတတ်ခြင်းရောဂါသည်တွေသာ ဖြစ်တယ်။
သေခြင်းနဲ့ တွေ့တဲ့အခါ ပြုံးရွှင်စွာ လက်ဆွဲနှုတ်ဆက်နိုင်အောင် ကြိုးစားရပါဦးမည်။
မှီငြိမ်းရေးသားပါသည်။
Zawphyowai
Msc 082
ရေးထားတာကောင်းတယ်ဗျာ
Thz
good writing
Thz
မှီငြမ်းရေးသားတဲ့ စာအုပ်အမည်လေးထည့်ပေးပါညီ
ဟုတ် အကို
သေခြင်းအတွက်မတွေးနိင်သေးသလို
နေရေးအတွက် ပူပန်နေရတုန်းပါ
အသိနဲ့သတိလေးတော့ရှိနေပါတယ်လေ
ကိုယ်လည်းသေခြင်းတရားကိုကြောက်တာ ချစ်ရတဲ့သူတွေနဲ့မခွဲခွာနိုင်လို့ထင်ဘူးတယ်၊ ဒါပေမယ့် ချစ်ရတဲ့အဖေအမေတွေ မရှိတော့ရင်လည်း သေခြင်းတရားကို ကြောက်တာပဲ ချစ်ရတဲ့သားသမီး ဇနီးတွေမရှိတော့ရင်လည်း သေခြင်းကိုကြောက်တာကကြောက်တာပဲ၊ ဒါကြောင့်သေခြင်းတရားကိုကြောက်တယ်ဆိုတာ ကမ္ဘာလောကကြီးကနေပျောက်ကွယ်သွားရမှာကို ကြောက်တာလို့ထင်ပါတယ်၊ သို့သော်လည်း ရှင်ဘုရင်တွေတောင် တစ်ယောပြီးတစ်ယောက် ပျောက်ကွယ်သွားကြသေးတာ ကိုယ်ကသာမန်လူတစ်ယောက် အ မှိုက်စလေး တစ်စလိုလွင့်ပျောက်ပျက်ပြယ်သွားရမှာပါ
good
ရေးတာလေးတော့ကောင်းတယ်၊ မင်းထိုင်ပုံကြီးကမကောင်းဘူးကွယ်။ မျက်နှာပေးက ရေးတော့ပြီးပြီ ကိုင်းဘာပြောကြဦးမလဲ ဆိုတဲ့ပုံပေါက် နေတယ်။ သေခြင်းတရားကတော့ ကြည့်တဲ့ရှု့ဒေါင့်ကနေပဲပြောလို့ရပါမယ်။ မြတ်ဗုဒ္ဓ ကတော့ မသေသတရားကိုရှာဖွေဖေါ်ထုတ်သင်ကြားသွားတာပဲ။
ဟုတ် ဟုတ် ဆရာ