ပိုင်တူလင်းလျှင် ရပ်နိုင်ပါသည်

in #esteem6 years ago

image

ပြိုင်တူလင်းလျှင် ရပ်နိုင်ပါသည်

စောစောလေးက လမ်းဆုံတစ်နေရာမှာထိုင်ပြီး ဆီချက်ခေါက်ဆွဲ မှာစားတယ်။ လမ်းလေးခွဆုံဆိုတော့ မီးပွိုင့်က လေးလမ်းခွလုံးမှာရှိနေတယ်။ ကျွန်တော်က မီးပွိုင့်တွေကို ဒီနေ့မှာ စိတ်ဝင်စားနေမိတယ်။

နီ - ရပ်

ဝါ - ရပ်

စိမ်း - သွား

ဒီစနစ်သုံးမျိုးကို ကားတိုင်းက လိုက်နာရတယ်။

ဒီစနစ်ကို သတ်မှတ်ထားတာကလည်း လေးနေရာ၊ လေးပွိုင့်မှာ မတူရဘူး။ အားလုံး စိမ်းနေရင် အားလုံး မောင်းကြမယ်။ အားလုံးမောင်းတော့ ဘာဖြစ်မလဲ။ တိုက်ကုန်မှာပေါ့။

အဲဒီ အချိန်မှာ မီးပွိုင့်က အဆန်းလုပ်ပြတယ်။ ဆန်းတယ်ဆိုတာက ဒီလို။ မီးပွိုင့်ဆိုတာ နီ-ဝါ-စိမ်း တာကို တလှည့်စီလုပ်ရတဲ့စနစ်လေ။

ဒါပေမဲ့ အဲဒီစနစ်က ဖောက်ပြန်သွားတယ်။

အနီ - အဝါ - အစိမ်း

အားလုံး တစ်ပြိုင်တည်း လင်းနေတယ်။ ဘာလုပ်ကြမလဲ

လမ်းပေါ်က ကားတွေက စနစ်မှားနေတယ်ဆိုပြီး နားလည်မှုနဲ့ ရပ်မထားဘူုး။ မှားတာကို အခွင့်ကောင်း ယူပြီးတော့ အားလုံး ရှေ့တိုးတယ်။ သူလည်းတိုး … ငါလည်းတိုး … ကိုယ်ကျိုး (အဲ) ကားကျိုးတော့နည်းပြီ

လမ်းလယ်မှာ အားလုံးပိတ်ပြီး ဘယ်သူမှ ရှေ့တိုးမရတော့ ဟွန်းတွေ စွတ်တီးတယ်

“တီ … တီ … တီ … ပွမ် … ပွမ် … ပွမ်”

ဒီကြားထဲ ကားပေါ်က အော်ဆဲတဲ့သူတွေကရှိသေး

“ဟေ့ … ငါရိုးလားကွ … နည်းနည်း နောက်ဆုတ်ပါလား”

“မင်းတို့အမေမျိုးမို့လို့ ဆုတ်ရမှာလား”

image

ဟာ ကားတွေပေါ်က ဆင်းလာ တုတ်ဆွဲသူဆွဲ … လူဆွဲသူဆွဲ

စနစ်မှားနေတာ ဘယ်သူမှ သည်းမခံဘူးနော်။ မှားတဲ့အခိုက်ကို ချောင်းပြီးတော့ ဇွတ်တိုးကြတာ။ အဲဒီမှာ ဘယ်သူမှ ရှေ့ဆက်မရ … တပ်ပျက်နေပြီ။

ယာဉ်ထိန်းရဲက ရုံထဲက အခြေအနေကို စောင့်ကြည့်နေတယ်။ နောက်ဆုံး မီးတွေ အားလုံးကို ပိတ်ချလိုက်တယ်။

နီလည်း မနီ

ဝါလည်း မဝါ

စိမ်းလည်း မစိမ်း

အားလုံးမှောင်မည်းသွားမှ ကိုယ်တော်က ဘောင်းဘီလေး ပင့်ပြီး ထွက်လာတယ်။

“ငါကွ” ပေါ့

နှုတ်စွဲတော် ဝီစီကိုမှုတ်။ သူ့လက်ကိုကြည့်။ သူ့ပြတဲ့အတိုင်းသတိ။

သူက သွားဆိုသွား

ရပ်ဆိုရင် ရပ်

သူသွားချင်သလို သွားခိုင်းမယ်။ ကြာချင်သလောက်ကြာမယ်။ မီးပွိုင့်မဟုတ်ဘူး ကန့်သတ်ချက်နဲ့ မဟုတ်ဘူး။ အားလုံးဟာ သူ့နှုတ်က ဝီစီသံနဲ့ လက်အပေါ်မှာ မူတည်နေတယ်။

ဘာပြော ပြော သူသွားဆိုမှသွား … သူရပ်ဆိုရင်ရပ်။ ဒီနေရာမှာ သူကသာ System ဖြစ်သွားတယ်။

System တွေ ပြိုင်တူငြိရင်

ဒါမှမဟုတ်

System တစ်ခုလုံး ပျက်ကျသွားရင်

ဖြစ်တတ်တဲ့သဘောလေးကို တွေးပြီး ပြုံးမိတာပါ။

“ဟေ့ … ဆီချက်က ခုထိ မလာသေးဘူးလား … ကြာလိုက်တာ”

“ဆရာကြီး ဂက်စ်အိုးကုန်သွားလို့ အိုးချိန်းနေတယ်။ ခဏလေးသည်းခံပေးပါ”

သည်းခံရမှာပေါ့ ကိုယ့်ရှေ့မှာက အချဉ်နဲ့ ဟင်းချိုကရောက်၊ ဟင်းချိုကိုတောင် နှစ်ဇွန်းလောက် ခပ်သောက်ပြီး နေမှ။ တစ်ခါတလေလည်း မပျက်ဘဲ ပြောင်းနေလည်း ကြာတတ်တာပဲဟာ။ သည်းခံရမှာပေါ့။

တင်ညွန့်

၂၅.၅.၂၀၁၈

photo ::google

image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61238.93
ETH 2454.57
USDT 1.00
SBD 2.59