အပမှီတာ တကယ်ရှိနိုင်သလား

in #esteem8 years ago

လွန်ခဲ့တဲ့ အနှစ် ၈၀ နီးပါး မြန်မာပြည် အင်္ဂလိပ်အုပ်စိုးစဉ်ကာလ မြစ်ဝကျွန်းပေါ်ရွာတစ်ခုက မိတ်ဆွေနှစ်ဦးဟာ လှေတစ်စီးနဲ့ တောထဲ သစ်ခုတ်သွားခဲ့တယ်။ အဲဒီတုန်းအခါက ဒီရေတောတွေဟာ ကနစိုလို အပင်ကြီးတွေ ကျားလိုသားရဲတွေပေါလှပြီး အဖော်မပါရင် သွားရဲဖို့မလွယ်တဲ့ မဲမဲမှောင်မှောင် တောနက်ကြီးတွေပေါ့လေ။

အတိုချုံ့ပြောရရင် လိုချင်တဲ့ သစ်ပင်ကြီးတစ်ပင်ကို နှစ်ယောက်သား ဓားရာပေး၊ လွှနဲ့တိုက်ပြီးခုတ်လှဲတဲ့အခါ လဲကျလာတဲ့ သစ်ပင်ဟာ အခန့်မသင့်ပဲ လည်သွားပြီး ပေါင်ရင်းလောက်ရှိတဲ့ သစ်ကိုင်းကြီးတစ်ဖက်က တစ်ယောက်သောသူရဲ့ နံဘေးကို ပြန်ကန်ပြီး ဖြတ်ရိုက်လိုက်ပါရော။ "ဖုန်း" ဆို အင်မတန် ပြင်းထန်တဲ့ ရိုက်ချက်ကြောင့် လူဟာ လွင့်စင့်သွားပါသတဲ့။ ကျန်တဲ့မိတ်ဆွေက အပြေးသွား၊ ထူမမယ်လုပ်လိုက်ချိန်မှာ လဲနေသူဟာ ငေါက်ကနဲ ချက်ချင်းထလိုက်ပြီး ငါဘာမှ မဖြစ်ဘူးဆိုပြီးပြောသတဲ့။ သူငယ်ချင်းကိုလည်း မျက်လုံးစိမ်းကြီးနဲ့တွေတွေကြီးကြည့်နေပြီး အနားကပ်တော့မယ့်ပုံ ရှိလာသတဲ့။

ခန္ဓာကိုယ် အနေအထားကို ကြည့်လိုက်တာနဲ့ အခြေအနေမဟန်တော့ဘူး၊ တောတွင်း အတွေ့အကြုံအရ ဒါဟာ ပုံမှန်မဟုတ်တော့ဘူးဆိုတာ ရိပ်စားမိလိုက်တဲ့ သူငယ်ချင်းဟာ လက်ထဲ အသင့်ပါလာတဲ့ ဓါးနဲ့ တကယ်ခုတ်တော့မှာလို ရွယ်ထားပြီး အနားမကပ်နဲ့ ငါတို့ ရွာပြန်ကြမယ်။ မင်းသွား ရှေ့ကဆိုပြီး သောင်ပြင်ဖက်ကို ကျိန်းကျိန်းမောင်းမောင်း ခေါ်ထုတ်လာပါတယ်။ အဲဒီတစ်ယောက်ဟာ ခံစားချက်မဲ့နေတဲ့ရုပ်နဲ့ ပေစောင်းပေစောင်း လှည့်ကြည့်လှည့်ကြည့်နဲ့ ဆုတ်ဆုတ်သွားရင်းကနေ တော့စပ်ကအထွက်မှာတော့ ရုတ်တရက် "ဝုန်း" ဆို ပစ်လဲကျသွားပါတယ်။ အဲဒီအချိန်မှာတော့ အစောက သူမဟုတ်တော့သလို လုံးဝငြိမ်ကျသွားပါပြီ။

အခြေအနေပြောင်းသွားပြီလို့ စိတ်ချရမှ အနားကို သတိနဲ့ ကပ်ပြီး မိတ်ဆွေကို ပွေ့ကြည် စစ်ဆေးကြည့်လိုက်တဲ့ အခါ အသက်ကင်းမဲ့နေခဲ့ပါပြီ။ ဒါနဲ့ သောင်ပြင်မှာပဲ ရရာပစ္စည်းတွေနဲ့ အမြန်ဆုံး အလောင်းပြင်ထားပေးခဲ့ပြီး၊ ရွာကို လှေခတ်ပြန်လာခဲ့၊ သက်ဆိုင်ရာကို အကြောင်းကြား၊ တာဝန်ရှိသူတွေကို ခေါ်လာ စစ်ဆေးပေါ့လေ။ ရိုက်ခံရတဲ့ ဖက်ခြမ်းက နံရိုးတွေဟာ အကုန်လောက်ကျိုးသွားသတဲ့။ အတွင်းက ကလီစာတွေတော့ ဘာတွေ ဘယ်လောက်ထိခိုက် ပြုတ်ထွက် ကျေညက်သွားသလဲတော့ မသိပါဘူး။ ဥပဒေအရ အရေးအယူမခံရလိုက်ပေမယ့် အလုပ်တွေ ရှုပ်ကုန်ရင်း တော်တော် ဖြေရှင်းခဲ့ရပါတယ်။

တစ်ချို့တစ်လေက သံသယနဲ့ တွေးကြပြောကြတာတွေတောင် ရှိခဲ့တယ်။ သစ်ကိုင်းရိုက်မိတာ မဟုတ်လောက်ဘူး။ လူချင်းမကျေနပ်လို့ သို့မဟုတ် ရန်ဖြစ်လို့ ဒီလူ တုတ်နဲ့ ရိုက်သတ်လိုက်တာနေမှာ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ထိထားတဲ့ ဒဏ်ကိုကြည့်လိုက်ရင် နားလည်တဲ့ သူတွေက ဘယ်လို ဖြစ်ခဲ့နိုင်တယ်ဆိုတာ သိကြမှာပါ။

အဲဒီအချိန်က ကာယကံရှင်ဟာ အသက် (၃၀) ဝန်းကျင်ပဲ ရှိပါသေးတယ်။ တစ်ခြားသူမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်က အသက် (၉၀) အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကိုယ့် အဖေပါပဲ။ သူ ပြန်ပြောပြတာကို မှတ်မိသလို ပြန်မျှဝေတာပါ။

ဘယ်လိုထင်ကြလဲ ပြောကြည့်လေ။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 66857.56
ETH 2052.07
USDT 1.00
SBD 0.51