ဆုတောင်းတတ်သောသူလား
ဒီပုံပြင်လေးက မှန်ကန်စွာဆုတောင်းခြင်းနဲ့ ပက်သက်နေတာမို့ မိတ်ဆွေတို့လည်း ဖတ်လို့ရအောင် ဘာသာပြန်ပေးလိုက်ပါတယ်။
တကယ့်လက်တွေ့မှာ ဒီလောက်ဆုတောင်းပြည့်ပါမလားလို့ ပြောစရာရှိပေမဲ့ ဒါကပုံပြင်ဖြစ်တဲ့အတွက် ဖြည့်စွက်နားလည်ပေးစေချင်ပါတယ်။
အဓိကပေးချင်တဲ့senseက ဆုတောင်းတတ်ဖို့နဲ့ ကျွန်မရဲ့ထုံးစံအတိုင်း စာရိတ္တကို အထောက်အကူပြုစေဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။
တစ်ခါတုန်းက ပင်လယ်ပြင်မှာ ခရီးရှည်ထွက်လာတဲ့ သင်္ဘောတစ်စီးက မုန်တိုင်းဒဏ်ကြောင့် တိမ်းမှောက်ပြီး သင်္ဘောပေါ်က လူနှစ်ဦးသာ ကျွန်းတစ်ကျွန်းပေါ် မျောပါရင်း အသက်ရှင်ကျန်နေခဲ့ပါတယ်။
သူတို့နှစ်ဦးက ဘုရားသခင်ထံ ဆုတောင်းဖို့ကလွဲလို့ ဘာလုပ်ပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာ မသိကြပါဘူး။
သူတို့က သူစိမ်းတွေလည်းဖြစ်ကြတဲ့အလျောက် ကျွန်းကို အလယ်စည်းတားပြီး နေကြတယ်။
တစ်ဖက်တစ်ယောက်စီနေရင်း ဘုရားသခင်ထံ ဆုတောင်းကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
ပထမလူက အစားအစာတစ်ချို့ရပါစေလို့ ဘုရားသခင်ထံ ဆုတောင်းလိုက်တယ်။
နောက်နေ့မနက်ရောက်တော့ ... ပထမလူက သစ်သီးတွေအပြည့်သီးနေတဲ့ အပင်ကြီးကို ကျွန်းရဲ့ သူ့ဘက်ခြမ်းမှာ ရှာတွေ့ခဲ့တယ်။
သူမှာ စားလောက်ရုံအပြင် အသီးတွေပိုလျှံနေပေမဲ့ ဒုတိယလူကို မျှဝေကျွေးစရာမလိုဘူးလို့ ခံယူခဲ့တယ်။
နောက်ရက်အနည်းငယ်ကြာတော့ ပထမလူက ကျွန်းပေါ်မှာနေရတာ ငြီးငွေ့လာခဲ့တယ်။
ဒါနဲ့ပဲ သူက မိန်းမတစ်ယောက်လောက်ရဖို့ ဆုတောင်းပြန်တယ်။
နောက်ရက်မှာတော့ သင်္ဘောတစ်စီး မုန်တိုင်းမိပြီး အမျိုးသမီးတစ်ဦး သူရှိရာ ကျွန်းဘက်ရောက်လာခဲ့တယ်။
ဒုတိယလူရဲ့ ကျွန်းဘက်ခြမ်းမှာတော့ ဘာမှ ထူးခြားတာမဖြစ်သေးဘူး။
နောက်တော့ ပထမလူက မိန်းမလည်းရပြီးပြီဆိုပြီး အိမ်တစ်လုံး၊ အဝတ်အစားတွေနဲ့ အစားအသောက်ကောင်းတွေကို ထပ်ပြီး ဆုတောင်းပြန်တယ်။
နောက်ရက်ကျတော့ မှော်အစွမ်းတွေနဲ့ ဖန်ဆင်းထားတယ်လို့ ထင်ရလောက်အောင် သူ့ဆုတောင်းတွေ အကုန်ပြည့်ခဲ့တယ်။
သူက ဒုတိယလူကို သူ့အိမ်ထဲလာနေဖို့လည်း မဖိတ်သလို့ အစာအစာနဲ့ အဝတ်အထည်တွေလည်း မျှဝေပေးဖို့ ဆန္ဒမရှိခဲ့ပါဘူး။
ဒုတိယလူဘက်မှာလည်း နဂိုအတိုင်း ထူးမခြားနားပဲ ဖြစ်နေခဲ့တယ်။
နောက်ဆုံးတော့ ပထမလူက ဒီကျွန်းမှာ ဆက်မနေချင်တော့ဘူး။
သူ့မိန်းမနဲ့သူ အတူတူ ဒီကျွန်းက ထွက်ခွာသွားနိုင်ဖို့အတွက် သင်္ဘောတစ်စီးကို ဘုရားသခင်ထံ ဆုထပ်တောင်းလိုက်တယ်။
နောက်တစ်နေ့မနက်ကျ သင်္ဘောတစ်စီးက သူ့ဘက်ခြမ်းမှာ ကမ်းကပ်ထားတာကိုတွေ့ရတယ်။
သူက သူ့မိန်းမကိုခေါ်ပြီး ဒီကျွန်းက ထွက်သွားဖို့ လုပ်တယ်။
ဒုတိယလူကိုတော့ ဒီကျွန်းပေါ်မှာပဲ ထားခဲ့ဖို့ထိုက်တန်တယ်လို့ သူတွေးတယ်။
ဆုအတူတောင်းဖို့ဆုံးဖြတ်ထားခဲ့ကြပေမဲ့ ဘုရားသခင်က ဒုတိယလူကို ဘာမှမဖြည့်ဆည်းပေးတာကြောင့် ဒုတိယလူက ဘုရားသခင်ရဲ့ ကောင်းချီးပေးမှုနဲ့ မထိုက်တန်ဘဲ အသုံးမကျတဲ့သူလို့ သူထင်တယ်။
ပထမလူက ဇနီးနဲ့အတူ သင်္ဘောစထွက်ဖို့ ကမ်းကခွာနေတဲ့အချိန်မှာ ကောင်းကင်ကနေ အသံကျယ်ကျယ်နဲ့ စကားသံတွေ ဟိန်းထွက်လာခဲ့တယ်။
"သင် ဘာလို့ သင့်ရဲ့ မိတ်ဆွေကို ကျွန်းပေါ် တစ်ယောက်ထဲ ထားခဲ့တာလဲ"
ဘုရားသခင်ရဲ့အမေးကို ပထမလူက _
"ကျွန်တော်မျိုး ချီးမြင့်ခံရတဲ့ ကောင်းချီးပေးမှုတွေက ကျွန်တော်မျိုး ဆုတောင်းလို့ ရထားတာပါအရှင်၊ အဲ့ဒီလူကတော့ ဆုသာတောင်းနေတာ ဘာတစ်ခုမှပြည့်လာတာလည်း ကျွန်တော်မျိုးမမြင်မိပါဘူး၊ သူက ဘာဆုနဲ့မှ မထိုက်တန်လို့နေမှာပဲ" လို့ ပြန်ဖြေတယ်။
"သင် မှားနေပြီ" ဘုရားသခင်က ပြန်ပြောတယ်။
"ကျွန်ုပ် ဆုတောင်းဖြည့်ဆည်းပေးခဲ့တာ သူ့ကိုပဲ၊
သူ့ရဲ့ဆုတောင်းတွေကြောင့်သာ သင် လိုတာအကုန်ရနေခဲ့တာ"
ပထမလူက ဟားတိုက်ရယ်လိုက်ပြီး _
"အို အရှင် ... ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူဆုတောင်းပြည့်တာဆိုရင် သူရရမှာပေါ့၊ ကျွန်တော်မျိုး ဆုတောင်းပြည့်တာမို့ ကျွန်တော်မျိုး ရတာပေါ့၊ မဆိုင်လိုက်တာ" လို့ ပြန်ပြောလိုက်တယ်။
ပထမလူရဲ့အမေးကို ဘုရားသခင်က ပြန်ဖြေလိုက်တယ်။
"သူ ဆုတောင်းခဲ့တာက သင်ဆုတောင်းသမျှ ပြည့်ပါစေဆိုပြီးတော့ပဲ ချစ်သား"
ပုံပြင်လေးက ပုံပြင်ဆန်ပြီး ဒီခေတ်အမြင်နဲ့တွေးရင် ယုတ္တိတန်တာနည်းနေပေမဲ့ အဲ့ဒီထဲက အမှန်တရားတစ်ချို့ကို ဆွဲထုတ်ပြချင်လို့ ကျွန်မ ဒီပုံပြင်ကို ဘာသာပြန်ခဲ့တာပါ။
အဲ့ဒါကတော့ ဆုတောင်းတတ်ခြင်းပါပဲ။
လူအများစုက ကိုယ့်အတွက် ကိုယ့်အတ္တအတွက် ကိုယ်နဲ့ သက်ဆိုင်သူအတွက်သာ ဆုတောင်းကြလေ့ရှိပြီး အဲ့ဒီဆုတောင်းတွေက အပြည့်အဝမဖြူစင်လို့ ဆုတောင်းပြည့်ဖို့ ခဲယဉ်းတတ်ပါတယ်။
ဒါက ကျွန်မကိုယ်တိုင် ကြုံတွေ့ဖူးလို့ ပိုယုံကြည်ပါတယ်။
ဆုတောင်းခြင်းဟာ ကိုယ်ကျိုးမဖက်တဲ့ ဆုတောင်း အနစ်နာခံတဲ့ဆုတောင်းဖြစ်ရင် ပိုပြည့်နိုင်ပါတယ်။
ပြီးတော့ ကိုယ့်အတွက် ဆုတောင်းရင်တောင် အဲ့ဒီဆုတောင်းပြည့်ခဲ့ရင် တစ်ပါးသူအတွက် အများအတွက် တစ်ခုခုကောင်းကျိုးပြန်ပြုမဲ့အကြောင်း ထည့်ပြီးဆုတောင်းရင်၊ ဆုတောင်းပြည့်ပြီးရင်လည်း တကယ်ပြောခဲ့တဲ့အတိုင်းလုပ်ပေးခဲ့ရင် ဆုတောင်းတွေက ပိုပြည့်ဖို့လွယ်ကူသွားတတ်ပါတယ်။
တကယ်ကို ယုံကြည်ပြီး လေးလေးနက်နက် ဆုတောင်းကြည့်ပါ။
အများအတွက် ဆုတောင်းပေးတတ်ပါစေ။
ကိုယ့်အတွက် ဆုတောင်းလည်း အများအကျိုးတစ်ခုခုပြုမဲ့အကြောင်းပါဝင်ပါစေ။
အားလုံးပဲ ဆုတောင်းတတ်ကြပြီး ဆုတောင်းတွေလည်း ပြည့်ကြပါစေ ဆုမွန်ခြွေရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu
ခုမှတွေးမိတယ်
ကျေးဇူးတင်ပါတယ်ရှင်