တရားခံဖြစ်သွားသော အကြံပေး

in #esteemapp8 years ago

image

တရားခံဖြစ်သွားသော အကြံပေး

တစ်နေ့ ကျောင်းပိတ်လို့ ခြံထဲဆင်းပြီး အေးအေးဆေးဆေး စာဖတ်နေတုန်း မခင်မိက

“ဆရာ ကျွန်မ လာမယ်နော်”

“အေး … ခင်မိရေ လာခဲ့လေ”

မခင်မိက ကျွန်တော့်ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး

“ဆရာ့ကို တိုင်စရာရှိလို့”

“ဆိုဗျာ ဘာလဲ”

“ဆရာ့ သူငယ်ချင်းလေ ခုတစ်လော ခြေလှမ်းတွေ ပျက်နေတယ် သိလား”

“အလိုကွယ် ကိုချစ်ပို ဘာတွေများ ဖြစ်နေလို့လဲ”

“ဆရာ သူ့တိုက်ပုံထဲမှာ စံပယ်ပန်းတွေ ပါလာတယ်သိလား။ ဒီလူ ဗွေဖောက်နေပြီ”

“ခင်မိရယ် တိုက်ပုံထဲ စံပယ်ပန်းပါလာတာနဲ့တော့ ဗွေဖောက်တယ် မပြောပါနဲ့။ ငါလည်း တစ်ခါတလေ အိတ်ထဲ ခရေပန်းလေးတွေ ထည့်ထားတာပဲ”

“ဆရာမသိဘူးနော် … ဒီလူ ခုတစ်လော ဗွေဖောက်နေတာ။ ကျွန်မကိုလည်း မခေါ်ချင် မပြောချင် သလိုနဲ့”

“ခင်မိရယ် မဖြစ်နိုင်ပါဘူး။ ကိုချစ်ပိုအကြောင်း ငါကောင်းကောင်းသိပါတယ်။ ဒီလူက လက်ထည့်ပေးလို့တောင် ကိုက်မှ မဟုတ်ဘူး”

“ဆရာ လက်လောက်တော့ ဘယ်ကိုက်မလဲတော့ … ဟင်း ပြောလိုက်ချင်ဘူး”

“ခင်မိ ငါပြောမယ်။ နောက်တစ်ခါ သူ့တိုက်ပုံမှာ စံပယ်ပန်းကို မစစ်နဲ့သိလား။ ဆံပင်ကိုစစ်။ ဘယ်သူပဲ ဖြစ်ဖြစ် မိန်းမဆံပင်တော့ သက်သေခံအဖြစ် တိုက်ပုံမှာ ကပ်ပါလာမှာပဲ”

ကျွန်တော်က ပြီးပြီးပျောက်ပျောက် ပြောလိုက်တာ။ မဖြစ်နိုင်တာကို လာပြီး နားပူတတ်တဲ့ ခင်မိကို မြန်မြန် ထွက်သွားအောင် လုပ်လိုက်တာ။

ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် တစ်လလောက်ကြာတော့ ကိုချစ်ပို ကျောင်းမတက်ဘူး။ ဘာကြောင့်လဲပေါ့။ နေမကောင်းဘူးလားဆိုပြီး ညနေခင်းမှာ သူ့အိမ်ကို သွားကြည့်တယ်။
တစ်အိမ်လုံး တိတ်ဆိတ်နေတယ်

“ကိုချစ်ပို … ဟေး ကိုချစ်ပို …”

ကျွန်တော်က အသံပေးပြီး အိမ်ပေါ်ကို တက်သွားတယ်။ ကိုချစ်ပိုက ဖျာလေးတစ်ချပ်ပေါ်မှာ အိပ်နေတယ်။ မျက်လုံးမှာလည်း ညိုမည်းလို့

“ဟေ့ ဘာဖြစ်တာလဲ”

“မပြောချင်ပါဘူးဆရာရယ်”

သူပြောတော့မယ်

“ဆရာပဲ စဉ်းစားကြည့် အိမ်ပြန်လာတိုင်း တိုက်ပုံကို စစ်တယ်။ ဘာမှန်းလဲ မသိဘူး လျှောက်ကြည့်တယ်။ ကြာတော့ စိတ်ပျက်လာတယ်”

အဲဒီအချိန်မှာပဲ အိမ်နောက်ကနေ ခြေဆောင့်ပြီး ခင်မိက ထွက်လာတယ်

“ဆရာ လာတာနဲ့ အတော်ပဲ ပြောရဦးမယ်”

“အေး နင်တို့နှစ်ယောက် ရန်ဖြစ်မယ်ဆိုရင်တော့ စောစောကပြော။ ငါပြန်မယ်”

“နေဦး ဆရာရှိမှဖြစ်မယ်”

“အလိုလေး”
image
“ဆရာပြောတယ်နော် … သူ မိန်းမရှုပ်ရင် တိုက်ပုံမှာ မိန်းမဆံပင်တော့ ရှိနေမှာပဲဆိုတာ”

ဒုက္ခပဲ။ မြားဦးက ကျွန်တော့်ဘက်လှည့်လာပြီ

“အေးလေ နင်က ကိုချစ်ပိုကို မယုံသင်္ကာဖြစ်နေတာပဲ။ ဒီတော့ ငါက ပြောရတော့တာပေါ့”

“ဆရာရေ … သူက လူလည်ကြီးပါရှင် တကယ့်လူလည်ကြီးပါ။ ချစ်ပိုဆိုတာ လူလည်ကြီးပါ”

“ဒီလိုတော့ မပြောပါနဲ့ဟယ်”

“ဆရာပြောတဲ့နေ့ကတည်းက သူ့တိုက်ပုံမှာ ကောင်မဆံပင် ပါလာမှာပဲ ဆိုပြီး စောင့်ကြည့်နေတာ”

“ဗုဒ္ဓေါ”

“ဘယ်တွေ့မလဲဆရာရယ်”

“အေးလေ … မတွေ့တော့ ပြီးပြီပေါ့။ နင်က ဘာပြဿနာ ရှာနေသလဲ”

“ဆရာ ချစ်ပိုများ ရိုးတယ် အတယ်ထင်နေသလား။ လူလည်ရှင့် လူလည်။ ကျွန်မက ဆံပင် မတွေ့ မတွေ့နဲ့ပေါ့။ နောက်မှ သဘောပေါက်တော့တယ်။ သူ့ကောင်မက ခေါင်းတုံးနဲ့ကိုးရှင့်။ ခုမှ ခေါင်းတုံး ဆံပင်ပေါက်တာ ဘယ်မှာ ဆံပင်တွေ့ရမှာလဲလို့”

“ဟာ”

“ဆရာရေ စဉ်းစားကြည့်ပါဗျာ။ သူပြောနေတဲ့ ဈေးဆိုင်က အမျိုးသမီးက ခုမှ သီလရှင်ဝတ်ပြီး ထွက်လာတာ။ အဲဒီ မိန်းမနဲ့ ကျွန်တော့်ကို အမြဲသမုတ်နေတော့တာပဲ”

“ခင်မိ နင်လွန်ပြီ”

“ဆရာပဲ ပြောတယ်လေ။ တိုက်ပုံမှာ ဆံပင်ကိုကြည့်ဆို။ သူ့တိုက်ပုံမှ ကပ်နေတဲ့ ဆံပင်က တိုတိုလေးတွေရှင့်”

“ဟယ် ခင်မိရယ် အဲဒါ နင့်လင်ဆံပင်လည်း ဖြစ်နိုင်တာပဲ။ ဒါနဲ့ ဘာဖြစ်လို့ ကိုချစ်ပို မျက်လုံးတွေ ညိုနေရတာလဲ”

“ညက ဝန်မခံလို့လေ ကျွန်မဆော်ထည့်လိုက်တာ”

“နင်တို့ဟာကလည်း စိတ်ပျက်စရာပါ။ ငါသွားတော့မယ်။ ဘာတွေမှန်းကို မသိဘူး”

ကျွန်တော်က ပြန်အထွက် ခင်မိက သူ့အပြစ်လွတ်အောင်ထပ်ပြော

“ဆရာပဲစောင့်ကြည့်ဆိုလို စောင့်ကြည့်တာကိုပဲ”

ကျွန်တော်ကအလိုလို တရားခံဖြစ်လို့

တင်ညွန့်

photo: facebook

image

Sort:  

She is pretty

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.046
BTC 63551.42
ETH 1836.33
USDT 1.00
SBD 0.44