ကိုယ်ရည်ကိုယ်သွေး တိုးတက်စေနိုင်မည့် နည်းလမ်း (၁၀)steemCreated with Sketch.

in #myanmar7 years ago

သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်လာအောင် ပြုပြင်ယူလို့ ရပါတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာကတော့ လူတစ်ယောက်ကို အခြားသူတွေနဲ့ ကွဲပြားခြားနားသွားစေတဲ့ စဉ်းစားပုံ၊ ခံစားပုံနဲ့ အပြုအမူတွေကို ခြုံပြောတဲ့ စကားလုံးဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းတယ်လို့ ပြောတာဟာ လူတစ်ယောက်ဟာ နှစ်လိုဖွယ်ရာဖြစ်တယ်၊ စိတ်ဝင်စားစရာကောင်းတယ် သူနဲ့ ခင်မင်ရင်းနှီးချင်စိတ်ဖြစ်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အခြားသူတွေကို ဆွဲဆောင်လိုစိတ်ရှိကြပါတယ်။ ဒီအတွက် ကောင်းမွန်ပြည့်စုံတဲ့ ကိုယ်ရည်ကိုယ်သွေးရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေနိုင်မယ့် နည်းလမ်း (၁၀)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ နားထောင်တတ်သူ ဖြစ်ပါစေ။
လူတစ်ဖက်သား စကားပြောနေချိန်မှာ သေချာအလေးအနက်ထားပြီး နားထောင်တာဟာ လူချစ်လူခင်များစေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ မျက်လုံးထဲကို ကြည့်မယ်၊ စကားလုံးတိုင်းကို သေချာနားထောင်ပြီ သူတို့ကို အရေးကြီးတယ်လို့ ခံစားသွားရအောင် နားထောင်တတ်ဖို့ လိုပါတယ်။ သင်ပြောတဲ့စကားကို ဂရုတစိုက် အရေးတယူနားထောင်နေတာလောက် သင့်ကိုယ်သင် ကျေနပ်မိတာရှိမှာမဟုတ်ပါဘူး။ ဒီလိုပဲ သူများတွေ စကားပြောတဲ့အခါမှာလည်း ဂရုတစိုက်နားထောင်ပါ။

၂။ စာများများဖတ်ပါ။ စိတ်ဝင်စားမှု နယ်ပယ်ကို ဖြန့်ကျက်ပါ။
စာများများဖတ်လေလေ စိတ်ဝင်စားစရာအသစ်တွေကို တွေ့ရှိလေပဲ ဖြစ်ပါတယ်။ တခြားသူတွေအတွက်လည်း သင်က ပိုပြီးစိတ်ဝင်စားစရာကောင်းလာမှာပါ။ သင်မှာ အသိပညာဗဟုသုတများများရှိမယ်ဆိုရင် ဘယ်သူနဲ့မဆို စိတ်ဝင်စားစရာအကြောင်းအရာတွေကို အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ပါတယ်။

၃။ စကားပြောကောင်းသူ ဖြစ်ပါစေ။
ဒီအချက်ကလည်း သင် စာဘယ်လောက်ဖတ်ထားလဲ၊ ဘယ်လောက်ဗဟုသုတ ကြွယ်ဝလဲဆိုတာနဲ့ သက်ဆိုင်ပါတယ်။ အကြောင်းရှိလို့ စကားပြောရတော့မယ်ဆိုရင် အခြားသူတွေနဲ့ ဘယ်လိုဘယ်ပုံ ပြောဆိုမယ်ဆိုတာကို လေ့လာပါ။ ဘယ်သူကမှ အရာအားလုံးကို သိတာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင် မသိသေးတဲ့အကြောင်းအရာတွေကိုလည်း အခြားသူတွေဆီက နားထောင်လေ့လာပါ။

၎။ ထင်မြင်ချက်တစ်ခု ရှိပါစေ။
အကြောင်းကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီး ဘာထင်မြင်ချက်၊ ဘာအယူအဆမှ မရှိတဲ့သူတွေနဲ့ စကားပြောရတာလောက် ပင်ပန်းတာမရှိပါဘူး။ ပြောနေတဲ့စကားက ဦးတည်ချက်မရှိဖြစ်နေတတ်ပါတယ်။ သင့်အနေနဲ့ ဘယ်ကိစ္စကိုမဆို မတူညီတဲ့အမြင်ပဲဖြစ်ဖြစ်၊ တူညီတဲ့အမြင်ပဲဖြစ်ဖြစ် တစ်ခုခုရှိနေပြီး အလိုက်အထိုက် ပြန်လည်ပြောဆိုနိုင်မှ လူမှုဆက်ဆံရေး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

၅။ လူသစ်တွေနဲ့ တွေ့ဆုံပါ။
ခင်မင်ရင်းနှီးပြီးသား လူတွေရှိသလို နောက်ထပ် မိတ်သစ်ဆွေသစ်တွေ ရဖို့အတွက်လည်း လူသစ်တွေနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံတာဟာ မတူညီတဲ့အရာတွေကို သိရှိလာစေနိုင်ပြီး သင့်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကို တိုးချဲ့ရာလည်း ရောက်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် သိရှိလက်ခံပါ။
နောက်ထပ် အလေးထားစရာတစ်ခုကတော့ သင် မဟုတ်တဲ့ ပုံစံတစ်ခုကို ပုံဖော်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒီလိုမဖြစ်စေပဲ သင့်ရဲ့ ပင်ကိုယ်ပုံစံအတိုင်းပဲ နေထိုင်ပြီး လက်ခံနိုင်အောင် ကြိုးစားပါ။ ကျွန်တော်တို့ အားလုံးဟာ ကွဲပြားခြားနားကြပါတယ်။ ဒီလိုကွဲပြားခြားနားမှုကပဲ စိတ်ဝင်စားစရာဖြစ်စေတာပါ။ ဒါ့ကြောင် သင်အထင်ကြီးတဲ့ အခြားတစ်ယောက်ရဲ့ ပုံစံကို လိုက်တုပတာက သင့်ရဲ့ စစ်မှန်မှုပျောက်ဆုံးသွားတာပဲ ဖြစ်ပါတယ်။

၇။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ စိတ်နေသဘောထားရှိပါ။
အဆိုးမြင်စိတ်ရှိပြီး၊ ညည်းငြူတတ်သူတစ်ယောက်နားမှာ ဘယ်သူမှ နေချင်မှာမဟုတ်ပါဘူး။ တကယ်ဆိုရင် ဒီလိုလူမျိုး လာပြီဆိုတာနဲ့ လွတ်ရာကို ရှောင်ထွက်တတ်ကြပါတယ်။ ဒီလိုဖြစ်မယ်အစား သင်လာတာနဲ့ အခန်းထဲက လူတွေပျော်ရွှင်သွားစေမယ့် လူမျိုး ဖြစ်သင့်ပါတယ်။ ဒီလိုလူမျိုး ဖြစ်ဖို့အတွက် အခြားသူတွေနဲ့ အရာဝတ္ထုတွေရဲ့ အကောင်းဆုံးအချက်တွေကိုပဲ ရှာကြည့်ပါ။ နွေးထွေးစွာ ပြုံးပါ၊ အပျော်တွေကူးစက်ပါစေ၊ သင်ရှိနေတာကြောင့် အခြားသူတွေ ပျော်နေပါစေ။

၈။ ပျော်စရာတွေ ရှာတတ်ပြီး ဘ၀ကို ပျော်ပျော်ဖြတ်သန်းတတ်ပါစေ။
သူတို့ကို ရယ်မောပျော်ရွှင်ရအောင် ဒါမှမဟုတ် ပြုံးရအောင် လုပ်နိုင်သူကို လူတွေက သဘောကျနှစ်သက်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်အခြေအနေပဲဖြစ်ဖြစ် စိတ်လက်ပေါ့ပါးပြီး ရယ်စရာကောင်းတဲ့အချက်တွေကို ရှာဖွေပါ။ ထိုင်းမှိုင်းလေးလံနေတဲ့ အခြေအနေတစ်ခုကို သွက်လက်လန်းဆန်းလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် သင့်အနားကို လူတွေအလိုလို ဆွဲဆောင်ပြီးသား ဖြစ်မှာပါ။

၉။ တဖက်သားကို ကူညီတတ်ပါစေ။
ကူညီတတ်ခြင်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံးထုတ်ဖော်ပြသနိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အခြားဘယ်သူကိုမဆို လိုအပ်နေချိန်တိုင်းမှာ တတ်နိုင်သလောက် ကူညီတတ်ပါစေ။ ကျွန်တော်တို့ အားလုံးက အားပေးကူညီတတ်တဲ့သူ၊ ကျွန်တော်တို့ကို ယုံကြည်တဲ့သူ၊ စိတ်ဓာတ်ကျနေချိန်မှာလည်း ကျွန်တော်တို့ဖက်က ရပ်တည်ပေးနိုင်တဲ့သူကို ချစ်ခင်လေးစားတတ်ကြပါတယ်။

၁၀။ ရိုးသားဖြောင့်မတ်ပြီး လူတိုင်းကို လေးစားသမှုနဲ့ ဆက်ဆံပါ။
ရိုးသားမှုရှိပြီး စကားတည်ခြင်းက သင့်ကို လူအများက ချစ်ခင်လေးစား တန်ဖိုးထားစေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ရော အခြားသူတွေကိုပါ ရိုသေလေးစားခြင်းက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြင့်မားဆုံးတိုးတက်စေနိုင်ပါတယ်။

ကျွန်တော်တို့ လူသားအားလုံးမှာ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်နိုင်တဲ့ စွမ်းအားနဲ့ အရည်အချင်းရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အကောင်းဆုံး ပုံဖော်နိုင်ပြီးဆိုတာနဲ့ ကိုယ်တိုင်လည်း ပျော်ရွှင်ရနိုင်သလို အခြားသူတွေရဲ့ ပျော်ရွှင်မှုကိုလည်း ဆောင်ယူလာနိုင်မှာ ဖြစ်ပါတယ်။

Gentleman Magazine

Sort:  

မှန်ပါတယ်ဗျာ

That's praise indeed!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60943.34
ETH 3387.52
USDT 1.00
SBD 2.57