နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၁၂)
နွားချစ်သူက ခုန်ဆင်းခါးကျိုး လက်ဖြင့် ပုတ်ပြသောနေရာသို့ တစ်လှမ်းချင်းပင် လှမ်းလာလိုက်သည်။ ထိုအခိုက် လေများကလည်း တဝူးဝူးတဝေါဝေါနှင့်တိုက်ခတ်လာသလို အနီးပတ်ဝန်းကျင်မှာလည်း လှစ်ခနဲ လှစ်ခနဲဖြတ်သွားသည့် ဝိညာဉ်ပုံစံလို အဖြူရောင်အရိပ်များကို ရိပ်တိတ်ရိပ်တိတ်လေး မြင်နေရသည်။ ခုန်ဆင်းခါးကျိုးကြီး လက်ဖြင့် ပုတ်ပြသောနေရာကို ရောက်သော် ထိုပုတ်ပြသော မြေသားကိုကြည့်မိလိုက်သည်။
ခုန်ဆင်းခါးကျိုးကြီးက နွားချစ်သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ခုန်ဆင်းခါးကျိုးကြီး၏ မျက်နှာသွင်ပြင်မှာ လွန်စွာပင်ဆိုးရွားလွန်းလှသဖြင့် သာမာန်ကြောက်တတ်သူဆိုပါက နှလုံးရောဂါရပြီး သွေးပျက်သွားနိုင်ပေလိမ့်မည်။ ခုန်ဆင်းခါးကျိုးကြီးကတော့ နွားချစ်သူကို မျက်နှာချင်းဆိုင်ပြီးပြောလိုက်သည်။
"တူးကြည့်လိုက်"
နွားချစ်သူက ခုန်ဆင်းခါးကျိုးကြီး၏ မျက်နှာကို ကြောင်အမ်းအမ်းနှင့်ကြည့်လိုက်ပြီးနောက် သူပုတ်ပြသော နေရာမှာရှိသော မြေကြီးများကို လက်ဖြင့် အတတ်နိုင်ဆုံးဖယ်ရှားပစ်လိုက်သည်။ လေများက ပိုမိုပြင်းထန်စွာ တိုက်ခတ်လာသလို အဝေးမှ ခွေးများ၏ ဆွဲဆွဲငင်ငင်အူလိုက်သော အသံကြီးကလည်း ကျယ်လောင်စွာပင်ထွက်ပေါ်လို့လာသည်။ နွားချစ်သူကတော့ ဘာကိုမှဂရုမထားဘဲ မြေကြီးကိုသာ လက်ဖြင့် ဆက်လက်တူးဆွနေမိတော့သည်။ အတန်ကြာလာတော့ လေပြင်းများကြားထဲမှ အသံအချို့ကိုပင် ဝိုးတဝါးကြားလာရပြန်သည်။ အဆိုးဆုံးက စုန်းမကြီးမယ်အိုစာ၏ ယခင်က ရွတ်ဆိုခဲ့သော
"ကောဋ္ဌာသ နှစ်စုံ ပေါင်းလို့ဆုံ . . .
စုံမြိုင်လယ်က အမယ်အိုရဲ့ မေတ္တာတစ်ဖုံ . .
ပိတ်လှောင်ရုံ အသင်တို့၏ အနုဗန္ဓန
ပုရိသ ဇုဏှ စုံဦးချ . ."
ဟူသော မန္တန်ရွတ်ဆိုသံကြီးကို ပြတ်ပြတ်သားသားနှင့် ရှင်းလင်းစွာပင် ဆက်တိုက်ကြားနေရသည်။ ထိုအသံသည် အတိတ်ကအသံသာဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မယ်အိုစာသည် မန္တန်ရွတ်ဖို့နေနေသာသာ သူကိုယ်တိုင်ပင် ကမ္မဇိဋ္ဌိတန်ခိုးများပျောက်ဆုံးနေပြီး ချေးစားစုန်းရွံ့လုံးပုံမှ လူပုံပင် မဖန်ဆင်းနိုင်ဘဲရှိနေလေသည်။ နွားချစ်သူက အတွေးစတို့ကို ပြန်ရုတ်သိမ်းပြီးနောက် တူးမြဲအတိုင်းပင်ဆက်လက်တူးဆွနေလေရာ နောက်ဆုံးတွင်တော့ "ဟာ . ."
မြေသားများကြားထဲမှ သူတို့နှစ်ဦးချစ်ခြင်းတရားကို ကိုယ်စားပြုထားသော ပြဒါးရှင်လုံး ၇ လုံးကို တွေ့လိုက်ရပါတော့သည်။
"ခုန်ဆင်းခါးကျိုးကြီး . . ဒါ . . .ဒါ"
နွားချစ်သူက အံ့သြတကြီးမေးလိုက်တော့ ခုန်ဆင်ခါးကျိုးကြီးက "ခရူး"ခနဲမြည်အောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး -
"အချိန်ကျလာတော့မယ် . . မင်းတို့ကို ပို့ဆောင်ခိုင်းစဉ်က မယ်အိုစာမှာခဲ့ထားလို့ပါ . . . ဒါ ဘာလဲဆိုတာ မင်းသိမှာပေါ့ . . မင်းနဲ့ မယ်နန်းဘုံရဲ့အချစ်တွေ ပြဒါးရှင်လုံးထဲမှာရှိတယ် . . ပြဒါးရှင်လုံးကိုထိန်းသိမ်းထားပါ . . . ပြဒါးရှင်လုံးတွေ ကွဲကုန်ခဲ့ရင် မင်းတို့အချစ်တွေလည်းပျက်စီးကုန်မယ် . . "
ဟုသာပြောရင်း တစ်လှမ်းချင်းလှမ်းကာ မြူထူသော အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပါတော့သည်။
နွားချစ်သူကတော့ ခုန်ဆင်းခါးကျိုးကြီးဝင်ရောက်ပျောက်ကွယ်သွားသော အမှောင်ထုထဲကို လှမ်းမျှော်ကြည့်ရင်းနှင့် -
"ဟေး . . . နေဦးလေ . . ဘာကြောင့်မို့လို့ ဒါတွေကို သိမ်းထားရမှာပါလဲ . . ကျွန်တော် ဘာအကြောင်းတွေမှ သေချာမသိရသေးဘူးလေ"
ဟုသာ အော်လိုက်သော်လည်း ပဲ့တင်သံမှအပ မည်သည့်အသံမှ ပြန်မလာတော့ပါချေ။ နွားချစ်သူလည်း ပြဒါးရှင်လုံး ၇ လုံးကို ယူကာ အိမ်သို့သာ ပြန်လိုက်ပါတော့သည်။
× × × × × × × × × × × ×
နောက်တစ်နေ့မနက်ခင်းရဲ့နေအလင်းရောင်တို့က ပြတင်းပေါက်မှတစ်ဆင့် နွားချစ်သူအိပ်စက်ရာ အိပ်ရာလေးရှိရာသို့ ဖြာဆင်းကာကျလာသည်။ နွားချစ်သူက အိပ်ရာမှနိုးထလိုက်ပြီး မျက်နှာသစ်ရန် အိမ်ရှေ့သို့ထွက်လိုက်သောအခါတွင် -
"ဟင် . . မင်း . . မင်း အစောကြီး . ."
ဟုပြောလိုက်သည်။ မယ်နန်းဘုံက နွားချစ်သူရဲ့ အိမ်ရှေ့ကွတ်ပျစ်လေးမှာ အခန့်သားထိုင်လို့နေသည်။ မယ်နန်းဘုံက ကွပ်ပျစ်လေးမှာထိုင်နေရာကနေ ထလာလိုက်ပြီး -
"ကဲ . . ဘယ်လိုလဲ . . ရှင့်ဘဝကို တန်ဖိုးဖြတ်ဖို့အသင့်ဖြစ်ပြီလား . . ပြောပါ . . ကျွန်မ ဘယ်လောက်ပေးရမလဲ . . "
ဟု ပြောလိုက်သည်။ နွားချစ်သူရဲ့ အတွေးတွေထဲမှာ ညက ခုန်ဆင်းခါးကျိုးကြီးပြောထားသော "သူ့ကိုနမ်းလိုက်ပါ" ဆိုသော အသံတို့က ပဲ့တင်ထပ်အောင်ကြားလာရသည်။
နွားချစ်သူရဲ့စိတ်ထဲမှာတော့ အတွေးတွေဗလောင်ဆူသွားသည်။ အခုမှတွေ့သော ကောင်မလေးကို သူနမ်းလိုက်ရင် ဖြစ်ချေပါ့မလား။ သို့သော်အတိတ်ဘဝက ပတ်သတ်မှုကိုသာ သူမှတ်မိရင်တော့ ကောင်းကောင်းနမ်းလို့ရချေသေးသည်။ သို့သော်လည်း တစ်ခုတည်းသော နည်းလမ်းက နမ်းရန် . . . သူ့ဘက်မှာ မယ်အိုစာစုန်းမကြီးနှင့် ပြဒါးရှင်လုံး ၇ လုံး . . နောက်ပြီးတော့ ချေးစားစုန်းဆင်ကွပ်တို့၏ လွတ်လပ်ရေး . .ဒါတွေလုပ်နိုင်ဖို့ရာ . . .။
နောက်ဆုံးတော့ နွားချစ်သူအနေနှင့် ဘာကိုမှ စဉ်းစားမနေတော့ဘဲ -
"ကောင်းပြီလေ . ."
ဟုသာပြောလိုက်ရင်း မယ်နန်းဘုံဝတ်ထားသော အင်္ကျီကို လည်စိကြယ်သီးနေရာမှနေပြီးဆွဲလိုက်ကာ မယ်နန်းဘုံ၏ နှုတ်ခမ်းကို စုပ်ယူနမ်းရှိုက်လိုက်ပါတော့သည်။
ထိုအခိုက် ထိုနှုတ်ခမ်းနှစ်ခုအထိအတွေ့မှတစ်ဆင့် အလွန်ကြီးမားသော လှိုင်းတစ်ခု ပြန့်ကားထွက်သွားသည်ကို သူတို့နှစ်ဦးလုံး သတိထားမိလိုက်သည်။ ထိုလှိုင်းကြီးသည် ပြန့်ကားကာ သွားရင်းနှင့် ဆံထိုးကို အရိုးထိုးထားသော စုန်းမကြီးရှိရာသို့ ဖြတ်သန်းသွားပြီး ထိုစုန်းမကြီးက ထိုလှိုင်းများ၏ ရိုက်ခတ်မှုကို ခံစားပြီးပြီးချင်းမှာ မတ်တပ်ရပ်လိုက်ပြီး -
"ဟိုနှစ်ယောက် . . . သူတို့နှစ်ယောက်ပြန်ဆုံသွားပြီ . . .အချုပ်အခြာအာဏာကို သာမန်လူသားတွေထပ်ဆုပ်ကိုင်ဖို့ မဖြစ်သင့်ဘူး . . ငါ ဗမာပြည်ရဲ့ အချုပ်အခြာအာဏာကို အမြန်သိမ်းပိုက်မှဖြစ်တော့မယ် . . ."
ဟု ကြုံးဝါးရင်း သူ၏ စုန်းပစ္စည်းပစ္စယများထားသော အခန်းထဲသို့ဝင်သွားကာ -
"ညကျ ယော၊ ဆော၊ ဘုရားကြီး၊ ဘုရားလေး ဘက်က စုန်းတွေကို စုန်းမီးတောက်စားပြပြီး အချက်ပြရမယ်"
ဟုဆိုကာ စုန်းမီးတောက်စားရန် တိရိစ္ဆာန်အရိုးများနှင့် လူအရိုးများ စုစည်းထားသော အိတ်ကြီးကို ဖွင့်လိုက်ပါတော့သည်။
မယ်နန်းဘုံကတော့ သူ့ရဲ့လူ့ဘတစ်လျှောက်လုံးမှာ ပထမဆုံးအနမ်းကို ခံစားလို့နေရသည်။ နွားချစ်သူရဲ့ လျှာအစုံတို့က မယ်နန်းဘုံရဲ့ နှုတ်ခမ်းအတွင်းမှာ ကလူကျီစယ်ကစားလျက်ရှိပြီး မယ်နန်းဘုံကလည်း ထူးဆန်းစွာပင် ထိုအထိအတွေ့တွေကြားမှာ သာယာမိလို့နေသည်။ နောက်မှ မယ်နန်းဘုံက ရုတ်တရက်အသိစိတ်ဝင်လာပြီး နွားချစ်သူကို -
"ဖြန်း"
ခနဲပါးချလိုက်သည်။
"ရှင် . . ရှင် ဒါဘာလုပ်တာလဲ"
"မင်းပဲ ကိုယ်နဲ့ညအိပ်ဖို့တန်ဖိုးဖြတ်ချင်တယ်ဆို . . မင်းဖြစ်စေချင်တာ ဒါမဟုတ်လား . . "
"ရှင်နော် . ရှင် . .ရှင် . . ကျွန်မသွားတော့မယ် . ."
မယ်နန်းဘုံက ပြောရင်းဆိုရင်း လှည့်ထွက်ရန်ပြင်လိုက်စဉ် နွားချစ်သူက မယ်နန်းဘုံရဲ့ ခန္ဓာကိုယ်ကို ဆတ်ခနဲ တစ်ဖန်ဆွဲယူလိုက်ကာ မယ်နန်းဘုံရဲ့ နှုတ်ခမ်းဖူးလေးကို နောက်တစ်ကြိမ် ထပ်မံစုပ်ယူနမ်းရှိုက်လိုက်ပါတော့သည်။
အပိုင်း(၁၃)ဆက်ရန်
Own Feeling @ 2018 by
@AuroKarshine
MSC-136
ဖတ်ပါ့မယ်
ဟုတ် ကျေးဇူးပါဗျ
ကောင်းပါတယ်
ဟုတ် ကျေးဇူးပျါ
ဆက်ရန် မျှော်ပေါ့နော်
ဟုတ် နောက်အပိုင်းတွေ ပိုကောင်းလာတော့မယ်
ဆက်ရေဗျာ ကောင်းဒယ်
ချစ်ကြိုက်ခန်းတွေ စလာပြီပဲ။
နည်းနည်းလေးပါ
ရေးနိုင်လိုက်တာဗျာ ဒီလိုရေးနိင်တာလည်း စာကိုတော်နော်ဖတ်ထားလို့ဖြစ်မယ်ဗျာ အားကျရပါတယ် good ပါ bro
အားတက်စေတဲ့အတွက် ကျေးဇူးပါဗျ . . .ဒီ့ထက်အများကြီးပို ကြိုးစားပါ့မယ်
အရေးအသားပိုင်နိုင်တယ်
ကျေးဇူးပါဗျ . . . နောက်အပိုင်းတွေ ဒီ့ထက်ပိုကြိုးစားပါ့မယ်
ဘာလိုလိုနဲ့ အပိုင်း ၁၂ တောင်ရောက်လာဘီ plz v and m me back @mgtoetat
ကောင်းခန်းရောက်နေပြီလေ
ဇာတ်လမ်းဆွဲဆန့်တာမိုက်တယ် အစ်ကို