နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၂)

in #myanmar7 years ago (edited)

ယခင်အပိုင်းမဖတ်ရသေးသူများအတွက်
အပိုင်း(၁)ဖတ်ရန်ဒီမှာနှိပ်ပါ
image

အပိုင်း(၂)

ရက်မှလ . . . လမှနှစ်ဆိုသလို အချိန်အနည်းငယ်ကြာလာတော့ ထူးဆန်းသော စုန်းတောက်စားမှုများနှင့်မွေးဖွားလာသော မယ်နန်းဘုံ ဆိုသောကလေးမလေးပင် ၇ နှစ်အရွယ်သို့ရောက်လာခဲ့ပြီပင်ဖြစ်သည်။ ရွာမှလူများကတော့ သူ့ကို ဝမ်းတွင်းစုန်းမလေးဟု စွပ်စွဲထားသောကြောင့် သူမကော သူမရဲ့ဖခင်ကောနှစ်ယောက်လုံးမှာ ရွာပြင်က သုဿန်ဇရပ်လေးသို့ ပြောင်းရွှေ့နေထိုင်ကြရရှာသည်။ ထူးဆန်းသည်က မယ်နန်းဘုံလေးမွေးလာပြီးနောက် ရွာမှာ ကပ်ဆိုးများစတင်လာပြီး ကပ်ရောဂါဘေးတစ်ခုကျရောက်ခဲ့ကာ လူအများအပြားသေကျေကြသည်။ ရွာရှိနတ်ဆရာကို ရွာသူရွာသားများက ဦးတိုက်မေးကြည့်ကြလေတော့ ရွာတည်စဉ်က ပါဝင်ခဲ့သော စုန်း ၇ ဦးက မယ်နန်းဘုံကို မကျေနပ်သောကြောင့် ရွာကို ကပ်ဘေးကျိန်စာတိုက်ခြင်းဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။
(မှတ်ချက်။ ။ ရှေးမြန်မာအယူအဆအရ စုန်း ၇ ဦးမပါလျှင် ရွာတည်လို့မရနိုင်ပါချေ။)
ထို့ကြောင့်ရွာသူရွာသားများအားလုံးလည်း အသေအချာပင်ဆုံးဖြတ်ချက်ချလိုက်ကာ မယ်နန်းဘုံတို့ကို ရွာပြင်သို့သာထုတ်လိုက်လေတော့သည်။
ပိုမို၍ ထူးဆန်းနေပြန်သည်က မယ်နန်းဘုံရွာပြင်ရောက်ပြီးနောက် ရွာတွင် မည်သည့်ကပ်ဘေးဆိုးမှမရှိတော့ခြင်းပင် . . . ။ ထိုနေ့မှစ၍ ရွာသူရွာသားများအားလုံးက မယ်နန်းဘုံတို့သားအဖကို ကြောက်ရွံ့ကာ ရှောင်ကျဉ်ကြပြီး ဈေးသည်များကပင် သူတို့ပစ္စည်းများကိုရောင်းမပေးတော့။ တိုက်ဆိုင်ချက်ကလည်း လွန်သည်။ တစ်ခါက ဈေးထဲကဆိုင်တစ်ခုမှာမယ်နန်းဘုံနှင့် သူ့အဖေဈေးလာဝယ်သွားပြီးနောက် ထိုဆိုင်သည် ရောင်းအားများ သိသိသာသာကျဆင်းကာ နောက်ဆုံးတွင် ဆိုင်လေးပိတ်ရလောက်သည်အထိ ချွတ်ခြုံကျသွားလေတော့သည်။ ဒါကြောင့် သုဿန်နားလေးမှာ သူတို့သားအဖနှစ်ဦး တစ်နိုင်တပိုင်စိုက်ခင်းနှင့် အလေ့ကျပေါက်သော ကန်စွန်း၊ နွယ် ဒါတွေကိုသာ အဓိကစားသောက်နေရလေသည်။
× × × × × × × ×
ရွာ၏ ညနေခင်း။
ရေခပ်ဆင်းချိန်ဖြစ်သဖြင့် ရွာရှိမိန်းမပျိုလေးများအားလုံးက ရေခပ်ဆင်းဖို့ပြင်ကြလေသည်။ ညနေစောင်းချိန်ရောက်ပြီဖြစ်သောကြောင့် ရွာမှလူများအားလုံးက သူတို့အိမ်ထဲရှိ ဇလုံများအိုးများကို အပြင်သို့ထုတ်လာကာ တုတ်များနှင့် တတောင်တောင်ခေါက်နေကြပြီး အချို့ဆို အိမ်ရှေ့လမ်းတစ်လျှောက်တွင် ဟိုပြေးလိုက် ဒီလွှားလိုက်နှင့် အပြေးအလွှားပင် သံချေုာင်းခေါက်သကဲ့သို့ပင် ခေါက်ရင်းနှုတ်မှလည်း -
"အနားတစ်ဝိုက်မှာရှိတဲ့ မကောင်းဆိုးဝါးတွေ သွားကြသွားကြ"
ဟု ကြိမ်းမောင်းခြောက်လန့်လျက်ရှိနေချေ၏ ။ ထိုခေတ်ထိုအခါက အညာဘက်ရှိရွာအချို့တွင် ညနေခင်းတွင် ဇလုံ အိုးများကို တုတ်နှင့်ရိုက်ပြီး မကောင်းဆိုးဝါးနှင်သည့်အလေ့ရှိကြပြီး ထိုအချိန်တွင်တော့ အိုးခွက်ဇလုံများကို တုတ်ဖြင့်ရိုက်သံများ၊ နားမခံသာ၍လား သရဲမြင်၍လားမသေချာသော ခွေးများ၏အူသံများ အချို့က ရွာလမ်းမကြီးတစ်လျှောက်ပြေးကာ အိုးများကို ရိုက်ကြသဖြင့် ညနေစောင်းမှန်ပျပျမှာ ဖုန်မှုန့်တွေက ထောင်းထောင်းထလို့နေကာ တစ်ရွာလုံးလည်း ဆူညံနေလေ့ရှိသည်။
"ဟဲ့ . . ဘုတ်အိ . နွားရိုင်းသွင်းချိန်ရောက်နေပြီ ရေခပ်ဖို့ပြင်တော့လေဟယ် . . ဒီမှာ ရေမရှိတော့ဘူး. . .တကတည်းတော် . . .မိန်းမပျင်းကျောခင်း တဲ့ . . လှဲပဲနေနေတာပဲ . .ဟိုမှာ မကောင်းဆိုးဝါးနှင်ချိန်တောင်ရောက်နေပြီ . . ညည်းမကြားဘူးလား . .ဒီလောက် တဒေါင်ဒေါင်နဲ့ ဆူညံနေတာကို"
ရွာထဲရှိအိမ်တစ်အိမ်မှ တဒေါင်ဒေါင်တဒင်ဒင်ခေါက်သံများကို ကျော်လွှား၍ မိန်းမတစ်ဦးမှ သူ့သမီးကိုအော်ပြောလိုက်ခြင်းပင်ဖြစ်သည်။ ထိုအိမ်ထဲမှ ဘုတ်အိဆိုသောကောင်မလေးကလည်း အတော်အပျင်းကြီးသည်။ ဒါပေမယ့် အပြင်ပတ်ဝန်းကျင်ကို ထရံကြား ဝါးပြားလွတ်နေသော အပေါက်လေးတွေကြားကနေကြည့်လိုက်တော့ နေကလည်း ဝင်လုနီးနေပြီဖြစ်တာကြောင့် -
"ဟယ် . . .ထပြီ ထပြီ . . သမီးခုသွားခပ်မယ်နော် . ."
ဟုပြောကာ ဝုန်းဝုန်းနှင့် ထကာ အိပ်နေတုန်းက ကြေမွပြေလျော့နေသော ထမီကို တဗျတ်ဗျတ်နှင့်ပင်ဖြန့်ဝတ်ရင်း မျက်နှာသစ်ကာသနပ်ခါး ပါးကွက်ကိုပါးပါးလေးလိမ်းပြီးနောက် ရေနည်းနေသော ရေအိုးကိုမကာ အပြင်သို့ထွက်ရန်ပြင်လိုက်သည်။ ရွာထဲမှာ လူတွေကတော့ အိုးတွေတုတ်နှင့်ရိုက်လို့ကောင်းနေဆဲ . . .။ ဘုတ်အိက သုတ်သုတ်သုတ်သုတ်နှင့် အပြင်ကိုထွက်တော့ -
"ဟဲ့ . . .ဆံပင်ဖားလျားကြီးနဲ့သွားမလို့လား . . မကောင်းဆိုးဝါးတွေခိုပြီးလိုက်လာတတ်တယ်နော် . . နောက်ပြီး ညည်းမနေ့ကပဲ ရာသီလာနေတယ်ဆိုလို့ ငါ့ဆီက ထမီစုတ်ယူငှားထားသေးတယ်မဟုတ်လား . ."
ဟူသော သူ့အမေ၏ အော်သံကြောင့် ဘုတ်အိခြေလှမ်းလေး တုံ့ခနဲနေအောင်ရပ်သွားသည်။ ပြီးနောက်မှ ပြုံးပြလိုက်ရင်း -
"အမေကလည်း နောက်ကျနေပြီကို . . ဒီ့ထက်ပိုနောက်ကျမှ အမလေး . . .ရွာပြင်ကကြောက်စရာကြီး . .သမီးအဖော်ခေါ်သွားမှာပါ အမေရဲ့"
ဟုသာပြန်ပြောလိုက်သည်။
(မှတ်ချက် - ထိုခေတ်ထိုအခါက ယခုကဲ့သို့ အမျိုးသမီးလစဉ်သုံးများမပေါ်သေးသောကြောင့် ရှေးမြန်မာအမျိုးသမီးများသည် ထမီစုတ်များကိုသာ အထပ်ထပ်ခံကာ အရှက်ကိုကာကွယ်ကြရလေသည်။)
"အေးအေး . . .သေချာဂရုစိုက်သွားနော် . . ဘုရားစာရွတ်သွားဖို့ မမေ့နဲ့ . ."
"ဟုတ်ကဲ့ အမေ . ."
ဟုပြောရင်း ဘုတ်အိက သူ့သူငယ်ချင်းများဖြစ်ကြသည့် စန်းစန်း၊ ရီမြင့် တို့ကိုသွားခေါ်ရန် အပြေးလေးထွက်သွားတော့သည်။
"ဟဲ့ စန်းရေ . . ဟဲ့ ရီမြင့် ရေသွားခပ်ရအောင် . .တော့"
စန်းစန်းနှင့်ရီမြင့်တို့က အိမ်ထဲမှထွက်လာပြီး -
"ဟယ် . .ဘုတ်အိ . .ကောင်မ . .ညည်းဘယ်ချိန်မှရေခပ်ဆင်းတာတုန်း ဒီနေ့ . . လာများမလာတော့ဘူးလားလို့ . .ကဲကဲ . .အမြန်သွားရအောင်"
ထိုသို့ပြောရင်းနှင့် သူတို့သုံးဦးလုံး ရွာပြင်ရှိရေကန်ကြီးရှိရာသို့ ရေသွားခပ်ကြသည်။ လမ်းမှာ အိုးဇလုံများ ရိုက်ကြသူများလည်းမရှိတော့ . . .။ ဖုန်မှုန့်တို့ကလည်း ပြန်ငြိမ်သွားကာ ခွေးများလည်းမအူတော့ပါချေ။ ပတ်ဝန်းကျင်မှာ ဝင်လုနီးနေရောင်ရဲ့အောက်မှာ အရာရာမှိန်ပျပျလေးဖြစ်နေပါတော့သည်။ နောက်ကျနေပြီဖြစ်သဖြင့် ရေခပ်သွားသည့်လမ်းမှာ တစ်ဦးစနှစ်ဦးစသာတွေ့ရတော့ပြီး ရံဖန်ရံခါ သူတို့ပဲရှိတော့လောက်အောင်ပြတ်လာသည်။ ရွာအပြင်နားရောက်လေတော့ ပတ်ဝန်းကျင်အလင်းရောင်လည်း နည်းစပြုလာနေပြီး သစ်ပင်များကြားမှ လေအေးများကလည်း အေးစိမ့်စွာဖြင့် သူတို့သုံးဦးလုံးဆီသို့ ဖြတ်သန်းတိုက်ခတ်လာသည်။ လေတိုက်သံများနှင့်အတူ သစ်ရွက်အချို့လည်း ကြွေကျလို့လာပြီး သစ်ရွက်များကြားထဲမှာ လမ်းလျှောက်လာသံအချို့ကို သဲ့သဲ့လေးကြားနေရသလို သစ်ကိုင်းချင်းပွတ်တိုက်မှုတို့ရဲ့ လေချွန်သံတို့ကလည်း ထွက်ပေါ်လာနေသည်။ မကြောက်ချင်ယောင်ဆောင်နေကြသော်လည်း သူတို့သုံးဦးလုံး၏ အတွေးများထဲမှာကတော့ ထိတ်လန့်မှုကိုယ်စီဖြင့် ရှိနေကြလေသည်။ ထိုအခိုက် ရီမြင့်ဆိုသောတစ်ယောက်က -
"ဟဲ့ . . .ဟို . . .ဟိုမှာ . ."
ဟု အလန့်တကြားပြောလိုက်ရာ ကျန်နှစ်ယောက်ကလှည့်ကြည့်လိုက်သည်။ ဘုတ်အိကတော့ ထိတ်လန့်တကြားပင် ထရေရွတ်လိုက်မိသည်။
"ဟယ် . .မယ်နန်းဘုံ . ."
ဟုတ်ပေသည်။ မယ်နန်းဘုံဆိုသော ငါးနှစ်အရွယ်ကလေးမလေးက သူတို့သုံးဦးစလုံးကို စူးစိုက်စွာဖြင့် ကြည့်ရှုနေပြီး သူ့ရဲ့လက်ထဲမှာတော့ သံပုရာသီးတစ်လုံးနှင့် သစ်ကိုင်းခြောက်အသေးတစ်ချောင်းကို ဆုပ်ကိုင်လို့ထားသည်။ မယ်နန်းဘုံက မျက်လုံးကို သူတို့သုံးဦးလုံးဆီသို့ စိုက်ကြည့်နေပြီး တစ်လှမ်းချင်း တစ်လှမ်းချင်းနှင့် တရွေ့ရွေ့လျှောက်ကာလာနေပြီး ပါးစပ်မှလည်းပြောလိုက်သည်။
"မရီမြင့်နဲ့ မစန်းစန်း . . အခုပြန်လိုက်ပါတော့ . . .ဒီမှာ အန္တရာယ်ရှိတယ် . . .
ပြန် . . လိုက် . . . တော့"
ပြောရင်းနှင့် မယ်နန်းဘုံက ရွာဘက်ပြန်သည့်လမ်းဘက်ကို လှည့်ကာ သွေးအေးစွာပင်မျက်စပစ်ပြလိုက်သည်။ ထိုအခိုက် လေအေးများကလည်း ပိုမိုတိုက်ခိုက်လာပြီး တစ်ချက်မှာတော့ သူတို့ရဲ့အသည်းများထိပင် ခိုက်ခိုက်တုန်လို့သွားသည်။ ရီမြင့်နှင့် စန်းစန်းဆိုသော ကောင်မလေးနှစ်ယောက်ကတော့ ဘုတ်အိကိုကြည့်ကာ -
"ဟဲ့ . ဘုတ်အိ . .ငါ . ငါ . . ငါတို့ရေမခပ်တော့ဘူးနော် . .ပြန်လိုက်တော့မယ် . .နင် . .နင်လည်း . .ပြန်တော့ . "
ဟုပြောလိုက်သည်။ ထိုအခိုက် ဘုတ်အိ၏ ဖားလျားချထားသော ဆံပင်အရင်းကို တစ်စုံတစ်ခုက တွဲလဲခိုလာသည်ကို ခံစားလိုက်ရပြီး သူမ၏တစ်ကိုယ်လုံးလည်း နှေးကွေးလေးလံလာကာ တဖြည်းဖြည်း ပိုမိုလေးလံလာပြီးနောက် လူလည်း ရွေ့လို့မရတော့။ မယ်နန်းဘုံဆိုသော ကလေးမလေးကလည်း သူ့နားကို တစ်လှမ်းချင်းလှမ်း၍လာနေသလို မယ်နန်းဘုံရဲ့ အကြည့်တို့ကလည်း ဘုတ်အိထံမှ လုံးဝမခွာ . . . .။ စန်းစန်းနှင့်ရီမြင့်တို့မှလည်း ကြောင်အမ်းအမ်းနှင့် မပြန်သေးဘဲရပ်ကြည့်နေမိသည်။ မယ်နန်းဘုံက ဘုတ်အိရှေ့သို့ရောက်သောအခါ သံပုရာသီးရဲ့ ထိပ်ကို သစ်ကိုင်းခြောက်ဖြင့် အပေါ်မှထိုးဆွလိုက်ရာ သံပုရာသီးထိပ်ဖျားမှ သံပုရာရည်များစိမ့်ထွက်လာရမည့်အစား သွေးများက ထို သံပုရာသီးထဲမှ လျှံကျလာသည်။
"မယ်နန်းဘုံ . . ငါ့ကို မလုပ်ပါနဲ့ဟာ . . ငါတောင်းပန်ပါတယ်"
ဘုတ်အိက စကားပြောလိုက်သော်လည်း သူမပါးစပ်တွေလှုပ်မရတော့။ စကားသံတို့က လည်ချောင်းထဲတွင်သာ ပျောက်ကွယ်သွားလေသည်။ မယ်နန်းဘုံက ဘုတ်အိကို ကြည့်နေရင်းနှင့်မှ သံပုရာသီးထိပ်ကို တုတ်လေးနှင့် "တောက် . .တောက် . . တောက်" ဟု ထိခတ်နေရာ ထိုသစ်ကိုင်းခြောက်ဖြင့် ထိခတ်သည့်အတိုင်း ဘုတ်အိ ခေါင်းထဲမှာ တဆစ်ဆစ်နာကျင်လာပြီး အလွန်ပင် မူးဝေလာတော့သည်။ အရမ်းမူးဝေလာတော့ ဘုတ်အိတစ်ယောက် ဘာကိုမှမမြင်နိုင်တော့ . . . .။ အနက်ရောင်မီးခိုးငွေများက အမည်းရောင်လက်ချောင်းများစွာ သူမမျက်နှာကို လာအုပ်သွားသကဲ့သို့ ဖုံးလွှမ်းသွားပြီး အာရုံငါးပါးစလုံး တိတ်ဆိတ်အမှောင်ကျပြီးနောက် ဘုတ်အိတစ်ယောက် ဘာကိုမှမသိနိုင်တော့ပါချေ။ နောက်ဆုံးမှတ်မိလိုက်သည်က -
"ဟားဟားဟားဟားဟားဟား"
ဟူသော ဟိုးအဝေးဆီမှ ပျံ့လွင့်လာသည့် အဘွားကြီးတစ်ယောက် ရယ်သံသာဖြစ်ပါတော့သည်။ ရီမြင့်နှင့် စန်းစန်းတို့ ဘယ်ရောက်သွားမှန်းလည်း ဘုတ်အိမသိတော့ . . . ။ ဘုတ်အိသိလိုက်သည်က မယ်နန်းဘုံ၏ စုန်းအတတ်များလက်ချက်မှာ သူအလူးအလဲခံစားနေရသည် ဆိုသည်ပင်ဖြစ်ပေတော့သည်။
ဘုတ်အိတစ်ယောက် ဘာဆက်ဖြစ်မလဲ . . .။
ငါးနှစ်သမီးလေးမယ်နန်းဘုံကကော ဘာပါလဲ။
နောက်ပြီး . . စန်းစန်းနဲ့ ရီမြင့်တို့ကော ရွာကို ပြန်ရောက်နိုင်မလားဆိုသည်ကတော့ . . .။

အပိုင်း(၃)ဆက်ရန်

Own Feeling @ 2017 by
@AuroKarshine
MSC 136

Photo Credit - Google

Sort:  

ဆက်​ဖတ်​မယ်​..ဖတ်​လို့​ကောင်းတယ်​...

ကျေးဇူးတင်ပါတယ်ဗျ . . ပိုကြိုးစားပါဦးမယ်

အရမ်းကောင်းပါဖတ်ဖတ်ရတာ။

ဟုတ်ကဲ့ . . ကျေးဇူးပါဗျ . . ဒီ့ထက်ပိုကြိုးစားပါ့မယ်

ဒါမျိုးတွေကြည့်ရဲဘူး ကြောက်တယ်

ဖတ်လို့ကောင်းပါတယ်။နောက်ဘာဖြစ်ဦးမလဲဆိုတာလည်းစိတ်ဝင်စားစရာပါပဲ။

ကောင်းခန်းမှာမီးပျက်​သွားသလိုပါပဲ။ ဆက်​တင်​​ပေးပါဦး​နော်​။

ကောင်းပါတယ်​ဖတ်​ရတာ

ကောင်းခန်းရောက်မှ

ဟဲဟဲ . . ဇာတ်လမ်းတွဲတို့ သဘောလေဗျာ .

Bro အပြင်မှာ တကယ်စာရေးဆရာများလားဗျ

ဟုတ်ကဲ့ . . လုံးချင်းဝတ္ထုထွက်ထားဖူးပါတယ် . . ဂျာနယ်မဂ္ဂဇင်းတွေမှာလည်း အပတ်စဉ်စာရေးပါတယ်

Respect ပါဗျာ