Family
Family
"ယောက်ျားရေ.
မိန်းမက အခုမှသွေးလှူထားတော့ မလှုပ်ချင်ဘူး.
နုန်းနေလို့ အိပ်ယာထဲလှဲလိုက်အုံးမယ်
သားကိုရေချိုးပေးလိုက်ပါ..."
ကိုယ်တိုင်က ကျန်းမာရေးချူချာသူဖြစ်ပေမဲ့
ကျွန်တော့်ဇနီးကတော့ ကျန်းမာရေးဒေါင်ဒေါင်မြည်သူလို့ ဆိုနိုင်တယ်.
အိမ်ထောင်သက် ၆ နှစ်ဝန်းကျင်
ကိုယ့်သားလေးတောင် ၃ နှစ်ရှိတော့မယ်
သူဖျားတယ် နာတယ် တစ်ခါမှမကြုံဖူးခဲ့..
ကိုယ်ချည်းပဲ နေမကောင်းဖြစ်ဖြစ်နေလို့ သူကဒိုင်ခံပြုစုရပါတယ်.
ဒီမနက်တော့ ကိုယ့်မိတ်ဆွေ ပရဟိတအသင်းက
သွေးလိုတယ်ဆိုတာနဲ့ သူသွေးလှူလိုက်လို့ နုန်းနေတာပါ..
"အိုကေ..ချစ်..ယောကျာ်း သားလေးကို ရေချိုးပေးလိုက်မယ်."
ဇနီးသည်ကလှုပ်လဲ့ လှုပ်လဲ့နဲ့ အခန်းထဲ ၀င်သွားတယ်....
ကျွန်တော်က ခပ်လှမ်းလှမ်းမှာဆော့နေတဲ့ သားလေးကို
"သားရေ ရေချိုးမယ်ဟေ့" လို့ လှမ်းခေါ်လိုက်ပါတယ်...
သားက ကျွန်တော့်အနားကိုပြေးလာပြီး
"ရေအေးအေးနဲ့ ချိုးဘုနော်.
ရေနွေးနွေးနဲ့ ချိုးမယ် ပေပေ"
"အိုကေ ဖေဖေ ရေနွေးလေးနဲ့ချိုးပေးမှာပေါ့..လာ"
ကျွန်တော် သားကိုရေချိုးခန်းထဲခေါ်သွားပြီး
ရေနွေးအနေတော်လေးရအောင်စပ်ပေးလိုက်တယ်..
"သားရေ ရေနွေးရပြီဟေ့ အင်္ကျီချွတ်မယ်.."
သားက အနားကို လုံးကျစ်လုံးကျစ်နဲ့ရောက်လာပြီး.
"ရေဘုံးက တစ်ဘုံးထဲဟုတ်ပု ပေပေ..
တားတား အတွက် တစ်ဘုံး
ပေပေအတွက် တစ်ဘုံး"
"ရေကို နှစ်ဘုံး ခွဲထည့်ပေးရမှာလားသားသား"
"ဟုတ်"
ကျွန်တော် ရေကို နှစ်ဘုံး ခွဲပီးထည့်ပေးလိုက်တယ်..
ပြီးတော့ ရေတစ်ခွက်ကို သားပေါ်လောင်းလိုက်တယ်..
နောက်တစ်ခွက်လောင်းဖို့ ရေခပ်နေတုန်း သားက ကျွန်တော့်ကို
မေးတယ်..
"ပေပေ ပေပေ ချူပါညင်း က ဘာချား"
"သားပြောတာ ဖေဖေ နားမလည်ဘူး သား.
ပြီးမှမေမေ့ကို မေးနော်"
"ဗြဲ.....ဗြဲ....ဗြဲ..."
သားငိုသံကြောင့် ဇနီးသည်က အခန်းထဲကနေလှမ်းအော်တယ်..
"သား ဘာဖြစ်လို့ ငိုနေတာလဲ ယောက်ျား ရေ .."
"ချူပါညင်း က ဘာချား လို့မေးတာ ကိုက နားမလည်ဘူးပြောလို့တဲ့"
"အဲ့ဒါ စူပါမင်းက ဘာစား လို့ မေးတာ..
သူတစ်ခွန်းမေးတာကို တစ်ခွန်းဖြေ ..
ပြီးမှ ရေတစ်ခွက်လောင်း..
မဟုတ်ရင် ငိုလိမ့်မယ်.."
"အော်..ဒီလိုလား...ok ok..
သားရေ..ငိုနဲ့ ငိုနဲ့..တိတ် တိတ်..
စူပါမင်းက ထမင်းစားတာ သားရဲ့.."
ကြည့်စမ်း ..ခုနက အော်ငိုနဲ့ ကလေး ချက်ခြင်းတိတ်သွားတယ်..
ကျွန်တော်က ရေတစ်ခွက်လောင်း လိုက်တယ်..
"ပေပေ ဘတ်မန်းက ဘာချား"
"ဘတ်မန်းက ထမင်းစားတယ်သားရဲ့"
ရေတစ်ခွက်လောင်းလိုက်တယ်..
"ပေပေ ဂုန်က ဘာချား"
"ဟမ်..ဘာလဲ သားပြောတာ ဘာ"
"ဂုန် ဂုန် ဂုန်ကဘာချား"
ပြဿနာပဲ ..ဂုန်ဆိုတာ ဘာပါလိမ့်..
မိန်းမကို စစ်ကူခေါ်ရတာပေါ့..
"မိန်းမရေ..ဂုန် ဆိုတာ ဘာလဲဟ"
"ဂဠုန် လို့ပြောတာ ယောက်ျားရေ.. "
(အော်... ဒီလိုလား....)
"ဂဠုန်က နဂါးကိုစားတာ သားရဲ့"
ရေတစ်ခွက်လောင်း ဆပ်ပြာဗူးကိုယူ ဆပ်ပြာတိုက်လိုက်တယ်..
"ပေပေ နဂါးက အနတ်ပါဝူးလား"
"ဘာလဲ သား အနတ်ဆိုတာ.."
"အနတ်လေ ပေပေ အနတ် ဒိုင်းဒိုင်း"
အော်..သေနတ်လား သားရဲ့ နဂါးမှာ သေနတ်မပါဘူးလေ"
ဆပ်ပြာတိုက်ပြီးတော့ ရေတစ်ခွက်လောင်းလိုက်တယ်..
"ပေပေ ပေပေ ကျား က ဘာချား"
"သမင်ကို စားတာ သားရဲ့"
ရေတစ်ခွက်လောင်း...
"သမင် က ဘာချား"
"မြက်ကိုစားတာသားရဲ့"
ရေတစ်ခွက်လောင်း...
စသည်ဖြင့် မေးခွန်းပေါင်းများစွာမေးပြီးတော့ ရေချိုးလို့ပြီးသွားပါတယ်.
ကျွန်တော်လည်း သားကိုသဘတ်လေးနဲ့ထုတ်ပြီး အိမ်ထဲခေါ်လာတယ်..
သားကို သဘတ်နဲ့ရေသုတ်ပြီးတော့
အင်္ကျီဝတ်ပေးမယ်လုပ်ရော သားက
အိမ်ထဲမှာဂွေးတန်းလန်းလေးနဲ့ ပတ်ပြေးပါတော့တယ်...
ကျွန်တော်လိုက်ဖမ်းတော့ ချက်ခြင်းမိပါတယ်..
သူ့ကိုဖမ်းမိတော့ အော်ငိုပါလေရော..
"ဗြဲ....ဗြဲ.....ဗြဲ...."
"ဟို သားအဖတွေ ဘာဖြစ်နေတာတုန်း.."လို့
အခန်းထဲက ဇနီးက လှမ်းအော်တယ်..
"မင်း သားက ထွက်ပြေးနေလို့ လိုက်ဖမ်းတာ
မိသွားတော့ အော်ငိုနေရော.."
"ချက်ခြင်းမိအောင်မဖမ်းနဲ့လေ..
ဧည့်ခန်းတစ်ပတ်လာက် လွှတ်ပေးပြီးမှ မမှီမကမ်းပုံစံနဲ့ဖမ်းလိုက်"
(အော်....ဒီလိုလား...)
သားသား စိတ်ကျေနပ်အောင် ထွက်ပြေးခိုင်းပြီးမှ ပြန်ဖမ်းရတယ်..
အဲ့ဒီတော့မှ ခိုးခိုးခစ်ခစ်နဲ့ တွန့်လိန်ပြီး ပါလာတယ်.
အင်္ကျီဝတ်ပေးပြီးတော့ သနပ်ခါးလူးပေးတယ်..
ကျွန်တော် သားကို သနပ်ခါးလူးပေးနေတုန်း ဇနီးသည်က
အခန်းထဲက လှမ်းပြောတယ်..
"သားကို သနပ်ခါးလူးပေးပြီးရင် ခြောက်သွားအောင်
ပါးနှစ်ဖက်ကို လေနဲ့မှုတ်ပေးလိုက်..ယပ်မခတ်နဲ့..
အအေးပတ်သွားလိမ့်မယ်..
သနပ်ခါးခြောက်သွားရင် သူ့ပါးတင်းနေလို့ ပါးစပ်ကို
ဟစိ ဟစိလုပ်လိမ့်မယ်..အဲ့လိုပါးစပ်က ဟစိဟစိလုပ်နေရင်းနဲ့
ဇွန်းဘီးကြီးဖြစ်သွားပြီနော် ဆိုပြီး ကို့ကို လိုက်ကိုက်လိမ့်မယ်..
ကိုက အမလေးကြောက်လိုက်တာဆိုပြီး အခန်းထဲပြေးလာလိုက်..
သူကအခန်းထဲလိုက်လာလိမ့်မယ်..
အခန်းထဲရောက်မှသူ့ကို သိပ်လို့်ရမှာ..."
ဟုတ်ပါတယ်..ကွက်တိပဲ..
သနပ်ခါးလည်း ခြောက်သွားရော
"တားတားက ဇွန်းဘီးကြီးဖြစ်သွားပြီ"
ဆိုပြီး ကျွန်တော့်ကို လိုက်ကိုက်ပါတော့တယ်..
ကျွန်တော်က အမလေး ကြောက်လိုက်တာ ဆိုပြီး ထွက်ပြေးတော့
သူက ပိုလိုက်ပါတယ်..
ကျွန်တော်က အိပ်ခန်းထဲ ၀င်ပြေးတော့
သားသားကလည်း အိပ်ခန်းထဲအထိလိုက်တယ်..
အိပ်ခန်းထဲရောက်မှ ဇနီးသည်က ကျွန်တော့်ကို
"ကိုက အကိုက်ခံလိုက်တော့" လို့ပြောမှ
ကျွန်တော်က ရပ်လိုက်တော့ သားက လာကိုက်ပါတယ်..
"ပေပေ ဇွန်းဘီး ကျစ်တွားပီ..ပေပေ ဇွန်းဘီး ကျစ်တွားပီ"ဆိုပြီး
သူကျေနပ်သွားပါတယ်..
ပြီးတော့မှ သူ့အမေရင်ခွင်ထဲသွားပြီး နို့စို့ရင်း အိပ်နေပါတော့တယ်..
ကျွန်တော်လည်း တော်တော့်ကို မောသွားပါတယ်..
အိမ်ရှေ့မှာထွက်ထိုင်ရင်း အိမ်ထောင်ရှင်မတွေရဲ့
တစ်နေ့တာ အလုပ်တွေကို ပြန်တွေးနေမိတယ်..
မနက်မိုးလင်းတာနဲ့ ဈေးသွား...မီးဖိုထဲ လှုပ်စိ လှုပ်စိနဲ့ ထမင်းချက်..
အ၀တ်တွေလျော်..အိမ်သန့်ရှင်းရေးလုပ်..
ကလေးကိစ္စတွေလုပ် ..မီးပူတိုက်..
ကျွန်တော်တို့ ယောက်ျားတွေအမြင်မှာ လွယ်လွယ်လေးလို့ထင်ထားတာ..
ငါတို့က အပြင်ထွက်စီးပွားရှာနေတာကွ..ပင်ပမ်းတယ်..
မင်းတို့လို အိမ်မှာအေးအေးဆေးဆေး နေနေရတာမဟုတ်ဘူးဆိုတဲ့
စကားမျိုးကို ယောက်ျား ၁၀ ယောက်မှာ ၇ ယောက်လောက်မက
ပြောဖူးမှာပါ..
(ကျွန်တော်လည်း ပြောခဲ့ဖူးတယ်)
အခုတော့ သားကို ရေချိုးပေးတာ တစ်ခုထည်းနဲ့တင်
အတော်လေး မောနေပြီ..
တကယ်တမ်း အိမ်ထောင်တာဝန်မှာ သူ့ဟာနဲ့သူ
မောလှပါတယ်..ဒါကို တစ်ဦးနဲ့ တစ်ဦး စာနာနားလည်မှုမရှိရင်တော့
မောရတဲ့ကြားထဲ အိမ်ထောင်ရေးဟာ ပမ်းသွားတတ်တယ်..
(အိမ်ထောင်တစ်ခုဟာ ချစ်ခြင်းမေတ္တာနဲ့စပြီး နားလည်မှုနဲ့
အဆုံးသတ်မှ အိမ်ထောင်ရေးသာယာတယ်လို့ ကြားဖူးတယ်)
ကျွန်တော်တို့ယောက်ျားတွေဟာ အလုပ်အကြောင်းပြပြီး
မကြာခဏ အပမ်းဖြေလေ့ရှိပါတယ်..
KTV သွားမယ်..ဘီယာသောက်မယ်..စသည်ဖြင့်ပေါ့..
အိမ်ထောင်ရေးမှာ ကျွန်တော်တို့ပဲပင်ပမ်းတာမှမဟုတ်တာ.
ဇနီးသည်တွေခမျာလည်း ပင်ပမ်းတာပဲဆိုတာမေ့ထားလို့မရပါဘူး..
တစ်နေ့ တစ်နေ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေရ ပြီး
ကလေးဝေယျာဝစ္စနဲ့ပဲ အချိန်ကုန်နေရှာတဲ့
ဒီဖက်တီးပုပ် ၀တုတ်စိန်လေးတွေကို ကျွန်တော်တို့
စာနာ နားလည်ပြီ အပမ်းဖြေခွင့်ပြုကြရအောင်...
သူတို့တွေကို ရံဖန်ရံခါ
သူတို့သူငယ်ချင်းများနဲ့ ဈေးဝယ်ထွက်တာ
ရုပ်ရှင်သွားကြည့်တာ
မုန့်ဝယ်စားကြတာတွေကို ခွင့်ပြုပေးလိုက်ယုံမျှနဲ့
မိတ်ဆွေရဲ့အိမ်ထောင်ရေးဟာ အင်မတန်သာယာစိုပြေသွားစေမှာ
ဖြစ်ကြောင်း ရဲရဲကြီးအာမခံပါတယ်..
အိမ်ထောင်သည်မိန်းမတွေဟာ အပျိုတုန်းကလို ပိုက်ဆံမသုံးတော့ပဲ
အ၀တ်အစားဝယ်ရင် Discount အထည်များသာဝယ်ပြီး
အစားအသောက်စားရင်လည်း
တန်မှတန် အ၀စား ဘူဖေးများသာစားလို့
သူတို့တစ်နေကုန်သုံးစာရိတ်ဟာ ကျွန်တော်တို့
KTV နှစ်ချိန်စာတောင်မရှိကြောင်းပါ.....(ကိုယ်တွေ့)
တစ်ခုသတိထားမိတဲ့အချက်ကတော့
အိမ်ထောင်ရှင်မေမေတို့ Shopping ထွက်တိုင်း
သူတို့ဖို့ အင်္ကျီတစ်ထည်ဝယ်ရင် အမျိုးသားအတွက်
တစ်ထည် ၊ သားသမီးအတွက် ၂ ထည်ကျိန်းသေ၀ယ်လာပြီး
သူတို့ အစားအစာတစ်ခုဝယ်စားတိုင်း ၀ယ်စားတိုင်း
အိမ်ကမောင်ကြီးနဲ့ သားသမီးကြိုက်တဲ့အစားအစာလေးတွေပါ
အပိုဝယ်ဝယ်လာတတ်ကြောင်း ကျွန်တော်တို့သတိထားကြည့်ရင်
ကြည်နူးစရာတွေ့လာရပါလိမ့်မယ်ခင်ဗျာ....
................
Wai Hin Oo
HFS-B12
အရမ်း good လို့  ဘယ်စကားမန့် ရမလဲ မသိဘူး
Thank @meechit
Good story.
@shwebote
Post တိုင်းကို vote ထားတတွေ့ တယ်..ကျေးဇူးပါ@shwebote
Sneaky Ninja Attack! You have been defended with a 0.81% vote... I was summoned by @waihinoo! I have done their bidding and now I will vanish...Whoosh
Thank
ကိုဝေဟင်ရေgood post လို့ပဲ direct ပြောပါရစေဗျာ
Good ရင်ပြီးတာပါပဲဗျာ
😭😭😭
😭😭😭
You got a 0.84% upvote from @allaz courtesy of @waihinoo!