2026 water

in #blog21 days ago

၁၃၈၈-ခုနှစ် သင်္ကြန်စာ

ဇေယျတုသဗ္ဗမင်္ဂလံ
အချင်းယူဇနာ(၅ဝ)၊ လုံးဝန်းယူဇနာ(၁၅၀) အတွင်းကားရွှေ၊ အပကား ဖလ်အတိပြီးသော ရောင်ခြည်တစ်ထောင်ဆောင်သော၊ ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုဟ်မင်းသည်၊ တပေါင်းဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အာဝဿန်နဝင်းမှ တန်ခူးဖြစ်သော မိဿရာသီ အဿဝဏီနက္ခတ် ပထမပါဒ် အာဒိနဝင်းထက်သို့ တွက်စစ် ကောဇာနှစ်သင်္ချာကား၊ ၁၃၈၇-ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၃)ရက်၊ ခရစ်နှစ် ၂၀၂၆-ခုနှစ်၊ ဧပြီလ (၁၄)ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နေ့ ၁၂-နာရီ၊ ၄၉-မိနစ်၊ ၅၈-စက္ကန့်၊ မြန်မာပဟိုရ် နေ့ ၂-ချက်တီးကျော် ၂-နာရီ၊ ၀- ပါဒ်၊ ၄-ဗီဇနာ၊ ၅ ပြဏ်၊ ၅ ခရာအချိန် ကြရကဋ်ရာသီလဂ်၊ ကုမ်စန်း၊ တနင်္ဂနွေဟောရက်၊ အင်္ဂါတြင်း၊ အင်္ဂါနဝင်း၊ စနေဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ နက္ခတ် ၇-လုံး၊ ၃-ပါဒ်၊ ၁၁-ဃဋီ၊ ဝ-ဝိဃဋီပြည့်ထက်လဂ်စီးလျက် ထိုနေ့၏ ဣဋ္ဌဘဝါးသော်ကား ၁-ဘဝါး၊ ၁၃-လက်သစ်၊ ၂-မုယော၊ ၅- နှမ်း၊ ၁- ဆံခြည်တွင် တေတိလကရိုဏ်းနှင့်ယှဉ်လျက်၊ ဘာနုရာဇာအမည်ရှိသော တနင်္ဂနွေဂြိုဟ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက် ဂဠုန်ကိုစီး၍၊ လက်တစ်ဖက်ကား သန်လျက်၊ ကျန်လက်တစ်ဖက်ကား တံစဉ်ကိုကိုင်လျက် ထက်ဝယ်ဖွဲ့၍ မြောက်ကသည် အရှေ့တောင်ထောင့်သို့ဝင်၏။ မံသီနတ်သမီးကား အလှည့်စေ့၍ ပရမီသွာနတ်မင်း၏ သား- အာသီအမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် မဟောရကာဒေဝီနတ်သမီးကားအဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အဝါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။


မဟာသင်္ကြန်ကျအလိုအရအဟော

   ထို့ကြောင့် မိုဃ်းဦးတံ့အံ့၊ မိုဃ်းလယ်၊ မိုဃ်းနှောင်း ကောင်းအံ့။ ကျိုင်း၊ ပိတုန်းစသော အတောင်ရှိသော သတ္တဝါတို့ထူးကုန်အံ့။ စစ်မက်များအံ့၊ ပြည်သူတို့ စိတ်နှလုံးမသာ ချောက်ချားကုန်အံ့၊ ပြည်ရွာမီးလောင်ဖန်များအံ့၊ သူဆင်းရဲသူကြွယ်တို့ ဒဏ်သင့်ကုန်အံ့။ ခရီးသွား၊ ကုန်သွယ်သောသူတို့ ဥပါဒ်ဖြစ်ကုန်အံ့။ စပါး၊ အသီးအနှံ မြောက်အံ့။ အဖျင်းများအံ့။ လူတို့မွတ်သိပ်ကုန်အံ့။ ပဒေသရာဇ်ပြည်ပျက်အံ့။ ရဟန်း၊ ပုဏ္ဏားတို့ ဒဏ်သင့်ကုန်အံ့။ စစ်သူကြီးတို့ ပြေးထွက်ကုန်အံ့။ အုန်းသီး၊ ငရုတ်ရှားကုန်အံ့။

ဦးခေါင်းဆေးမင်္ဂလာ

   သင်္ကြန်သုံးပါးတို့တွင် အာယာမသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျသောအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။ ဤကား အများနှင့်သက်ဆိုင်သော သာမညအခါပေတည်း။ အသီးအသန့် ဝိသေသအခါပေးကား သင်္ကြန်ကျသည့်အချိန်တွင် သင်္ကြန်အကျမြေခံသည် တိထီ ၁၁-လုံး ၃၅ ဃဋီ၌ ဣဋ္ဌ ရာဟုမြေခံဖြစ်သည်။ သင်္ကြန်ကျသည့်ရက်မှာ အင်္ဂါနေ့ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်အကျမြေခံ ရာဟုသားသမီးနှင့် သင်္ကြန်အကျနေ့ အင်္ဂါနေ့ဖွားသားသမီးတို့မှကြွင်းကျန်ကုန်သော နေ့သားသမီးတို့သည် မိမိတို့၏နေ့အလိုက် ဂဟပတိအရပ်ကား တနင်္ဂနွေနေ့ဖွားသားသမီးများအတွက် မွေးနံကျရာ တနင်္ဂနွေအရပ်ဖြစ်သော အရှေ့မြောက်အရပ်ကို ပရိဝါရမှဆက်၍ အာယု၊ နာဂရ၊ ဘုမ္မိ၊ ဂဟပတိဟုရေတွက်၍ လက်ယာရစ်အားဖြင့် အရပ်မျက်နှာကိုလှည့်၍ယူရာတွင် အနောက်တောင်အရပ်သည် ဂဟပတိအရပ်ဖြစ်သည်။

   ထို့ကြောင့် တနင်္လာနေ့သားသမီးကား အနောက်အရပ်၊ ဗုဒ္ဓဟူးသားသမီးကား မြောက်အရပ်၊ ကြာသပတေးသားသမီးကား အရှေ့အရပ်၊ သောကြာသားသမီးကား တောင်အရပ်၊ စနေသားသမီးကား အရှေ့မြောက်အရပ် မျက်နှာများသို့မျက်နှာမူပြီးလျှင် မိမိတို့၏နံ၏ အမြစ်ဖြစ်သော တနင်္ဂနွေကား ဒန်းညွန့်၊ တနင်္လာကား အုန်းညွန့်၊ ဗုဒ္ဓဟူးကား နေစာညွန့်၊ ကြာသပတေးကား ချယားညွန့်၊ သောကြာကား သပြေညွန့်၊ စနေကား သီးညွန့်၊ အမြစ်နှင့် နံတူပန်းညွန့်တို့ကို နင်းကြမ်းပြု၍ မိမိတို့၏ အညွန့်ပန်းဖြစ်သော တနင်္ဂနွေကား ကံကော်ညွန့်၊ တနင်္လာကား နေဇာညွန့်၊ ဗုဒ္ဓဟူးကား သပြေညွန့်၊ ကြာသပတေးကား သီးညွန့်၊ သောကြာကား ဒန်းညွန့်၊ စနေကား အုန်းညွန့်ဟူသော အညွန့်နှင့် နံတူပန်းပွင့်တို့ကို အသီးသီးဆောင်လျက် ရတနာသုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာဆန္ဒကို ဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။

   အင်္ကြန်အကျနေ့ မြေခံနေ့သားသမီးဖြစ်သော ရာဟုနေ့ဖွား သားသမီးတို့သည် မိမိတို့၏ ပဟပတိအရပ်ဖြစ်သော အရှေ့တောင်ထောင်အရပ်ရှိ သစ်ပင်ရင်းတွင် ရာဟု၏အမြစ်နံဖြစ်သည့် နေဇာညွန့်အခင်းပြု၍ မိမိတို့နံ၏ အညွန့်ဖြစ်သော သပြေညွန့်ကိုဆောင်လျက် သင်္ကြန်အကျ ဂြဟဇာပွင့်ရာ မြောက်အရပ်သို့မျက်နှာမူပြီးလျှင် ဦးခေါင်းဆေးမင်္ဂလာပြုရာ၏။

   သင်္ကြန်အကျနေ့ အင်္ဂါနေ့သားသမီးတို့သည် သင်္ကြန်အကြတ်နေ့တွင် မိမိတို့၏ ဂဟပတိအရပ်ဖြစ်သော အနောက်မြောက်အရပ်ရှိ သစ်ပင်ရင်းတွင် အင်္ဂါ၏ အမြစ်နံဖြစ်သည့် ကံ့ကော်ညွန့်ကိုအခင်းပြု၍ မိမိတို့၏နံညွန့်ပန်းဖြစ်သည့် ချယားညွန့်ကိုဆောင်ပြီးလျှင် သင်္ကြန်အကြတ်ရက် ဗုဒ္ဓဟူးနေ့၌ ဂြဟဇာပွင့်ရာ သင်္ကြန်အကြတ် ဂြဟဇာအရပ်ဖြစ်သော အရှေ့မြောက်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘဆရာ၊ သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့်နတ်ကောင်းနတ်မြတ်တို့အား လိုရာဆုတောင်းပြီး ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာ၏။

သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား

“နရုဒံ မေထုနံ သုရာ၊ ၀ဓကောဓေန တေလတာ။ ရုက္ခဆေဒါ ဟနန္တဿ၊ ကိဏေယျဝါ။ ဣမာနိ ဒသကမ္မာနိ၊ သက္ကောပိ ပရိဝဇ္ဇယေ” ဟုဆိုသောကြောင့်

မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းလျားစုံစေ့၊ သင်္ကြန်နေ့၌၊ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ ၁-မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ၂-ကာမအရာ၊ မေထုနာနှင့်၊ ၃-ပါဏာသတ်ပုတ်၊ ၄-သောက်တုတ် သေရက်၊ ၅-မျက်ထွက်မာန၊ ပဋိဃနှင့်၊ ဒေါသကိုငြိမ်း၊ ၆-ဆီလိမ်းပွတ်ဆင်၊ ၇-သစ်ပင်ခုတ်ဖြတ်၊ ၈-သတ်ခတ်ကုန်ရှောင်း၊ ၉-အရောင်း၊ ၁၀-အဝယ်၊ လဲလှယ်ဟူသည် ဤဆယ်မည်ကို၊ လူ့ပြည်လူ့ခွင့်၊ လူကိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ရှောင်ကြဉ်ရာဟု၊ ကျမ်းလာသော်ကား၊ လင်္ကာကြားသည်။(ဤကား မဟာသင်္ကြန်အကျအလိုတည်း။)


ခုနစ်နေ့ဖွားသားသမီးတို့အဟော

တနင်္ဂနွေနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် ဆွေမျိုးအပေါင်းအသင်း၊ လူ့အဖွဲ့အစည်းနှင့်ယှဉ်တွဲနေထိုင်ရန် ခက်ခဲမှုရှိပြီး အထီးကျန်ဆန်နေတတ်သည်။ အပျော်အပါး၊အသောက်အစားနှင့်ယှဉ်တွဲနေတတ်သည်။ ငယ်ရွယ်သူအဖို့တည်ငြိမ်သင့်သည့်ကာလဖြစ်၍ မသင့်လျော်သူနှင့်အဖန်ဖန် ကြုံတွေ့ရတတ်သည်။ အလုပ်အကိုင်တွင် ရေလိုက်ငါးလိုက် လုပ်တိုင်းအောင်မြင်နေသည့်အချိန်အခါဖြစ်ပြီး ကျေးဇူးရှိသူတို့အပေါ် အထူးအမှတ်ရှိနေသင့်သည်။ အိမ်ထောင်ရေးသာယာမှုရှိပြီး သားသမီးအရေးအဓိကထား၍ အချိန်ပေးရမည့်ကာလဖြစ်သည်။ လုပ်ငန်းသစ်အတွက်စွန့်စား၍ အကျိုးအမြတ်ကောင်းစွာရရှိတတ်သည်။ နှလုံးအားနည်းခြင်း၊ မကြာခဏအကြောညှပ်ခြင်းစသော ဝေဒနာတို့ခံစားရအံ့။ ယတြာ။ ။ မွေးနေ့နံနက်၁၀း၄၅မိနစ် ကံကော်ညွန့်(၂)ညွန့် အိမ်ဘုရားတွင် ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ (၇၊ ၁၊ ၈)


တနင်္လာနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် မိမိစိတ်၌အချိန်ကာလကြာမြင့်စွာဆန္ဒပြင်းပြသောလုပ်ငန်းတို့(လုပ်ငန်းသစ်) အကောင်အထည်ဖော်၍ ရင်တမမလုပ်ဆောင်ရမည်။ အလုပ်သဘောအရ အကောင်းဘက်ကို ဦးတည်သော်လည်း စိတ်ကမရှည်၊ အရာရာကိုထိရှလွယ်သောကြောင့် ထောင်တန်း၊ အမှုအခင်းတို့နှင့်အတိုက်အခံများကြုံရတတ်သည်။ ကား၊ ခြံ၊ ကျောက်မျက်တို့ ရောင်းချခြင်းမှ အကျိုးအမြတ်ရမည်။ အချစ်ရေးတွင် စန်းပွင့်ပြီး မကြာခဏအပြောင်းအလဲများခြင်းကြောင့် ဆန္ဒကို သိက္ခာဖြင့်ထိန်းရမည့်ကာလဖြစ်ပါသည်။ ပညာရေး၌ အနည်းငယ်ညံ့၍ ခက်ခဲမှုကြားမှအောင်မြင်တတ်သည်။ ကျန်းမာရေးတွင် ကျောက်ကပ်နှင့်အရေပြားရောဂါတို့ခံစားရအံ့။ ယတြာ ။ ။ မွေးနေ့နံနက်၉း၃၆အချိန် အိမ်ဘုရားတွင် ပန်းသီးဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ (၀၊ ၃၊ ၇)


အင်္ဂါနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် အတိုက်ခံများလေအောင်မြင်လေဟူသော အချတ်ကအဓိကဖြစ်ပြီး ရောက်သောအရပ်ဒေသတို့၌ အဆင်ပြေ၍ အခွင့်ထူးများရရှိတတ်သည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် အနေတည်သလောက် လူမှုရေးအပိုင်းတွင် ရှုပ်ထွေးမှုရှိတတ်သည်။ အပျော်အပါးနှင့် မိန်းမပတ်သက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ စိတ်ပိုင်းဆိုင်ရာအညံ့ကြုံ၍ တည်ငြိမ်မှုရှိအောင် ဘာသာတရားအပေါ် စိတ်သွားတိုင်းကိုယ်ပါအောင် ကျင့်ကြံသင့်သည်။ အများနှင့်ဆိုင်သောအစုစပ်ရှယ်ယာနှင့် ငွေကြေးချေးငှားခြင်းတို့ သတိနှင့်ယှဉ်၍လုပ်သင့်သည်။ ကျန်းမာရေးတွင် အမြင်အာရုံနှင့်ခံတွင်းရောဂါဝေဒနာတို့ကိုခံစားရတတ်သည်။ ယတြာ ။ ။ မွေးနေ့နံနက်၈း၂၇မိနစ်အချိန် အိမ်ဘုရားတွင် ထောပတ်ထမင်းကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ(၄၊ ၆၊ ၈)


ဗုဒ္ဓဟူးနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် လူမှုဆက်ဆံရေးကွန်ယက်ကောင်းလာခြင်းနှင့်အတူ ပြည်ပနိုင်ငံ(တခြားမြို့)မှ ကုန်သွယ်ရောင်းချခြင်းတို့မှ အကျိုးမြတ်ရရှိနိုင်သည်။ စီးပွားရေးအရာ၌ စေ့စပ်သေချာပြီး တစ်ခါတစ်ရံလောကီကိစ္စစိတ်ကုန်လာခြင်းဟူသော သဘောရှိတတ်သည်။ သားသမီးအားကိုးမှုရရှိမည်။ ရွှေ၊ ငွေ၊ အိမ်သူအိမ်သားအသစ် တိုးလာတတ်သည်။ တည်ငြိမ်သော အတွေးအခေါ်က ပတ်ဝန်းကျင်အပေါ်များစွာ အထောက်အကူဖြစ်မည်။ အတူနေမိသားစုအပေါ် အပြုသဘောဆန်သော ဩဇာရှိမှုသည် တစ်ဖက်တွင် မလျော်ကန်သောလွှမ်းမိုးခြင်းကို ခံရသည်ဟု အမှတ်မှားတတ်သည်။ ပညာရေးတွင် ထိပ်တန်းရောက်သောကာလဖြစ်သည်။ ကျန်းမာရေးတွင် အဆုတ်အားနည်းခြင်းစသော ဝေဒနာကို ခံစားရအံ့။ ယတြာ ။ ။ မွေးနေ့ နံနက်၁ဝး ၂၇အချိန်တွင် အိမ်ဘုရား၌ အာလူးဆနွင်းမကင်းကို ကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ (၂၊ ၈၊ ၉)


ရာဟုနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် မိတ်ဆွေကောင်းတို့၏ဆောင်မမှုဖြင့် ပတ်ဝန်းကျင်သစ်တွင် အလုပ်အကိုင်အခြေနေကောင်းမွန်မည်။ အခြေနေအလျောက်ဖြစ်ပေါ်လာသော မခံချင်စိတ်ကြောင့် အမြဲအတွက်စိတ်သောကရောက်စေနိုင်သည်။ သားသမီးတို့အတွက်ငွေကုန်ကြေးကျများတတ်သည်။ အလှူအတန်းမှာလည်း စေတနာသဒ္ဓါထက်ပိုသောငွေကြေးကို လှူဒါန်းရတတ်သည်။ ငယ်ရွယ်သူတို့ အချစ်ရေးကံကောင်းပြီး အိမ်ထောင်ရှင်များအဖို့ အဝေးရောက် သဘောဖြင့် အလွမ်းသည်ရတတ်သည်။ ပညာရေးအရာ၌ ထူးချွန်ပြီး အများ၏လေးစားမှုရရှိတတ်သည်။ ယတြာ ။ ။ မွေးနေ့ နံနက်၉း၅၄အချိန် အိမ်ဘုရားတွင် ပဲအီကြာတွေးဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ (၃၊ ၆၊ ၀)


ကြာသပတေးနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ဥပဒေနှင့်မကင်းသောလုပ်ငန်းများ ရှောင်သင့်သည်။ စိတ်သောကများ၍ ထင်ရာစိုင်းတတ်ခြင်းသဘောရှိသောကြောင့် စိတ်တည်ငြိမ်အောင် ထားတတ်ရမည်။ အနည်းဆုံးလုပ်ငန်းနှစ်မျိုးလုပ်ကိုင်ရတတ်သည်။ မိသားစုနှင့် ဆွေမျိုးသားချင်းတို့၏ ခက်ခဲမှုတို့အား ပခုံးထမ်းဆောင်ရွက်ရသောကာလဖြစ်သည်။ ပညာရေးတွင် ခိုင်မြဲသောစိတ်ထားရှိနိုင်မှသာ အောင်မြင်မှုရှိနိုင်မည်။ အတိတ်၏အိမ်မက်ဆိုးများထဲ ပိတ်မိနေတတ်သည်။ ကျန်းမာရေးတွင် အာရုံကြော၊ လိပ်ခေါင်း၊ ဂရင်ဂျီနာရောဂါတို့ကိုခံစားရတတ်သည်။ အချစ်ရေးတွင် မတည့်အတူနေ မကြာခဏတွေကွင်းရသော သဘောရှိသည်။ ယတြာ ။ ။ မွေးနေ့ နံနက်၈း၅၄မိနစ်အချိန်တွင် အိမ်ဘုရားတွင် မုန့်ဟင်းခါးဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးဂဏန်းမှာ (၇၊ ၄၊ ၁)


သောကြာနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် လုပ်ငန်းခွင်၊ မိသားစု၏ဦးဆောင်သူဖြစ်ပြီး လိုအပ်ချက်အမျိုးမျိုးအတွက် ပံ့ပိုး၍ ဖြည့်စွက်နိုင်သူဖြစ်ကာ ဝန်ထမ်းဆိုလျှင် အဆင့်မြင့်ရာထူးအထိ တတ်လှမ်းနိုင်မည်။ မာန်ကိုလျော့၍ အများနှင့်လိုက်လျောညီထွေသော ကျင့်ဝတ်များလိုက်နာပြီး ကိုယ်ကျိုးအတွက် သာလွန်သောအကျိုးကိုဖြစ်ထွန်းစေမည်။ ခရီးသွားရင်းမထင်မှတ်ဘဲ ငွေဝင်သောကာလဖြစ်စေသည်။ အများနှင့်မတူကွဲပြားသော ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့မှ ဝင်ငွေကောင်းမည်။ အိမ်ထောင်ရေးသာယာမှုရှိပြီး သားကောင်းရတနာ ဖွားမြင်တတ်သည်။ ကျန်းမာရေးတွင် အစာအိမ်ရောဂါ ခံစားရတတ်သည်။ အပြုသဘောဆောင်သောလုပ်ငန်းနှင့် လူမှုရေးအရာ၌ ပါဝင်ကူညီသည့်တိုင် အမြင်လွဲခြင်းခံရသည်။ ယတြာ ။ ။ မွေးနေ့ နံနက်၁၀း၃၆အချိန်တွင် ထန်းသီးမုန့်ဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ (၂၊ ၃၊ ၈)


စနေနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် မိမိအောင်မြင်မှုအတွက် သူတစ်ပါးကိုအသုံးချ၊ ခုတုံးလုပ်ခြင်းမှရှောင်၍ ပွင့်လင်းမြင်သာမှုရှိသော စိတ်ကူးကောင်းတို့ဖြင့် အောင်မြင်မှုကိုရရှိတတ်သည်။ လုပ်ငန်းတူ၊ ရာထူးရာခံတူသောသူတို့နှင့် အတိုက်အခံမလုပ် အတူယှဉ်တွဲနိုင်မှသာ ပို၍ အကျိုးဖြစ်ထွန်းမည်။ လူမျိုးခြားတို့၏ကူညီမစမှုကို ရရှိတတ်သည်။ ခန္ဓာကိုယ်၏လျှို့ဝှက်သောနေရာတို့၌ အနာရောဂါဖြစ်ပွားတတ်သည်။ လူရွယ်တို့အဖို့ အချစ်ရေးကံစန်းထ၍ အိမ်ထောင်ရေး၌ ရှုပ်ထွေးပွေလီသော လူမှုရေးတို့ကြောင့် စိတ်သက်သာရာမရဖြစ်မည်။ နို့နှင့် နို့ထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့မှ အကျိုးအမြတ်ရရှိနိုင်သည်။ ယတြာ ။ ။ မွေးနေ့ နံနက်၁၁း၃၆အချိန် အိမ်ဘုရားတွင် ဧလမုန့်ဆွမ်းကပ်လှူ၍ လိုရာဆုတောင်းပါ။အကျိုးပေးဂဏန်းမှာ (၁၊ ၅၊ ၇)

Uploading image #4...

![1000122710.jpg](UPLOAD FAILED)