ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း - သစ္စာနီ
ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း - သစ္စာနီ
“လူတွေ ရယ်နေတာဟာ လူတွေ ငိုနေရတာထက် ပိုမကောင်းပေဘူးလား။ ကျွန်တော် ကူညီပါရစေ။ သို့သော် ကလိထိုးသလို စာမျိုးတော့ ကျွန်တော် မရေးတတ်တာ အမှန်ဖြစ်ကြောင်း ဝန်ခံရပါမည်။ ကျွန်တော့်စာများသည် ဝါးလုံးကွဲ ရယ်အောင် စွမ်းဆောင်နိုင်မည် မထင်ပါ။ တစေ့စေ့ ပြုံးကြရန်သာ ကျွန်တော်ရည်ရွယ်ပါသည်။”
ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း၊သစ္စာနီ
အီစွတ်ပုံပြင်၊ ဂရင်းညီနောင်ပုံပြင်၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာ ဇာတ်ဝတ္ထုတွေ ဆိုတာ ကျွန်တော်တို့ ရေမြေသဘာဝနဲ့ မကင်းကွာတဲ့ အရာတွေပါ။ အိပ်ရာဝင်ပုံပြင်တွေ အဖြစ်သော် လည်းကောင်း၊ ဘိုးဘွားမိဘတွေ ပြောစကားအရ သော် လည်းကောင်း ငယ်ဘဝ မှတ်ဉာဏ်တွေထဲ စွဲကျန်ခဲ့ကြမှာပါ။
အဆိုပါ ပုံပြင်တွေထဲမှာ ဘဝင်မကျတဲ့ အချက်တွေ ရှိမှာပေါ့။ ဥပမာတစ်ခုဆိုရရင် The Horse and the loaded Ass (မြင်းနဲ့ ဝန်တင်မြည်း) အီစွတ်ပုံပြင်တစ်ပုဒ်မှာ ခရီးတစ်ခု သွားနေကြရင်း ဝန်တင်မြည်းက မြင်းကို ဝိုင်းကူသယ်ပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ မြင်းကတော့ ပစ်ပစ်ခါခါ ငြင်းဆန်လိုက်တယ်။ တစ်နေရာ ရောက်တော့ ဝန်လေးလွန်း တာကြောင့် မြည်းသေသွားတော့ ဝန်သယ်ရတဲ့တာဝန်ဟာ မြင်းပေါ်ကျလာတော့တယ်။ ဒါတင်မကသေးပါဘူး။ ပိုင်ရှင်တွေက မြည်း အသေ ကိုလည်း ပစ်မထားရက်ဘူးဆိုပြီး မြင်းကို ထပ်သယ်ခိုင်းပြီး မြင်းခမျာ ဒုက္ခရောက်သွားရှာတဲ့ ပုံပြင်ပါ။
ဒီစာအုပ်မှာတော့ စာရေးဆရာက ပုံပြင်ထဲလမ်းလျှောက်ရင်း မြင်းနဲ့အတွေ့မှာ မြင်းကို ဖျောင်းဖျ ကြည့်ပါတယ်တဲ့။ ဒါပေမဲ့ မြင်းက ပြင်သစ်ဆော်ဘွန်း တက္ကသိုလ်မှာ မြက် သွားစားဖူးတဲ့ကောင် ဖြစ်နေလေတော့ ယန်းပေါဆတ်တို့ ဆီမွန်ဒီဗိုးဘွားတို့ စကားတွေ နားစွန်နားဖျား ကြားဖူးနားဝရှိပြီး စကားကြီးစကားကျယ်နဲ့~
“ခင်ဗျား အိတ်ဇင်စတယ်ရှယ်လစ်ဇင်း ဆိုတဲ့ ဝါဒကို ကြားဖူးလား။ သတ္တဝါတိုင်းဟာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တာဝန်ယူရတယ်ဗျ။ သူက မြည်းဘဝ၊ ကျုပ်က မြင်းဘဝ၊ ဖြစ်တည်မှုချင်း မတူရင် အနှစ်သာရ မတူဘူး။ ကျုပ်က သာမန်မြင်း မဟုတ်ဘူး”လို့ ပြန်ဖြေလိုက်သတဲ့။
ဘာဆက်ဖြစ်မလဲလို့ စာရေးဆရာက ဆက်စောင့်ကြည့်နေတုန်းမှာ ဇာတ်လမ်းလေးက ပုံပြင်အတိုင်းပဲ ဆက်ဖြစ်သွားပါတယ်။
“ဒီမြင်းဟာ ဝန်ပိသေသွားတယ်လို့တော့ မကြားမိပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကစလို့ သူယုံကြည်တဲ့ ဖြစ်တည်မှု ပဓါနဝါဒကိုတော့ သေတဖန် သက်တဆုံး စွန့်လွှတ်လိုက်တယ်လို့ ကြားရတာပါပဲ။”
ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း၊သစ္စာနီ
အပေါ်မှာဖော်ပြခဲ့တာကတော့ စိတ်ထဲစွဲကျန်ခဲ့တဲ့ တစ်ပုဒ်ပါပဲ။ ပုံပြင်ရဲ့ မူရင်းအနှစ်သာရကို မပျက်စေဘဲ တွေးစရာရအောင် အမြင်သစ်၊ ရှုထောင့်အသစ်က တင်ပြပေးထားတယ်။
ပုံပြင်တွေကို ပြင်ပစ်တာမျိုး မဟုတ်ဘဲ ပုံပြင်တွေကို upgrade လုပ်လိုက်တဲ့ပုံစံပါ။ ရိုးသားမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ လောဘ၊ဒေါသ၊မာန်မာန စတာတွေရဲ့ အကောင်းအကျိုး အဆိုးအပြစ် တွေကို ပိုလို့တောင် ပေါ်လွင်စေတယ်လို့ ခံစားမိတယ်။ ဇာတ်ကောင်တွေရဲ့ ဘဝမှာ မလွဲမသွေ ကြုံကိုကြုံရမယ့် ကြမ္မာ(canon event) ကိုလည်း မသွေဖယ်သွားဘူး။ ဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိပြီး အပျင်းပြေစေမယ့်စာအုပ်ပါ။
ဒုတိယအပိုင်းလို့ ဆိုရမယ့် ပုံပြင်တွေအပြီးမှာတော့ ‘ဧဝံ မေ သုတံ’ စာမူတွေကို ထပ်ထည့်ထားတယ်။ စာမျက်နှာနည်းလို့ ပေါင်းထုတ်လိုက်တယ်လို့ ဆိုပါတယ်။
ဒီအပိုင်းကတော့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေ ထဲက အကြောင်းအရာတွေရဲ့ အမြီးအမောက် မတည့်မှုတွေ၊ ရယ်စရာ၊ မောစရာတွေကို ရေးသားထားတဲ့ ဟဒယဉာဏ်ရွှင်စေမယ့် ဆောင်းပါးတွေပါ။ ဖတ်ကြည့်ဖို့ဖိတ်ခေါ်ရင်း စာရေးဆရာရဲ့ အမှာစာ တစိတ်တပိုင်းနဲ့ပဲ အဆုံးသတ် လိုက်ရပါတယ်။
“ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း”မှာ ရယ်စရာသက်သက်မဟုတ်ပါ။ ပရိသတ်အများစု သိပြီး၊ ကြားဖူးပြီးသား ပုံပြင်များကိုပင် ခေတ်၊ အခြေအနေနှင့် လိုက်ဖက်အောင် အသွင်သစ် အမြင်သစ်ဖြစ်အောင် ဖန်တီး တင်ပြထားခြင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ထိုပုံပြင်များက ပြောသော တွေးစရာအကြောင်း (ဒဿနဟုဆိုလျှင် ကြီးကျယ်ပေမည်)ကို စာဖတ်သူများ ခြေရာခံမိဖို့မျှသာ ဖြစ်ပါသည်။”
ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း၊သစ္စာနီ
#Youths_book_reflections #bookreview #bookreflection #သစ္စာနီ #ပုံပြင်ထဲမှာလမ်းလျှောက်ခြင်