life is too short
ဒီစာလေးဟာ ရသ အလွန်မြောက်တဲ့ စာပေလေးပါ မိဘတို့ စိတ်နှလုံးသား ရုန်းကန်မှု အပြင် လူငယ်တို့ဟဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လမ်းလွှဲမှားမှု ကံတရားတို့ကို ထင်သာမြင်သာရှိစေပါတယ် ဖတ်ကြည့်ကြပါနော်
အစွန်း အထင်း
တက္ကသိုလ်ရိပ်သာ လမ်းမပေါ်တွင် ကောင်းကောင်း ဆိုသည့် ကဖေးဆိုင်လေးတစ်ဆိုင်သာရှိပါသည်။ မိန်း ၀င်း ထဲတွင် ဆိုင်ကြီး ဆိုင်ငယ်များဖြင့် စည်ကားနေသော်လည်း ကောင်းကောင်း ကဖေး မှာ ကျောင်းအပြင်ဖက်တွင် တစ်ဆိုင်တည်း ထီးတည်း တည်ရှိနေ၏။သူကတော့ သည်ဆိုင် ကလေးတွင် သာ ထိုင်ဖြစ်သည်။ ဂျပ်ဆင် နံဘေးမှ ချစ်သူစုံတွဲများ၏ ကလူကျီစယ် နေပုံများ၊ ဂစ်တာတီး ကာ ဖိုသံပေးနေသော ကျောင်းသားများ၏ ဆူညံ သံများ ၊ ကင်တင်း ထဲမှ အာဘောင်အာရင်းသန်သန် ငြင်းခုံ သံများ ကို ရှောင်ရှားရင်း တိတ်ဆိတ် ခြင်း အပြည့်နှင့် ကောင်းကောင်း ကဖေးမှ သီချင်းသံပါးပါးကို နားစွင့်နေရခြင်းကိုသာ သူ ကြိုက်နှစ်သက်သည်။
သည်ဆိုင်ကလေးကို သဘောကျ ပြီး အမြဲ လာထိုင်လေ့ရှိတာ သူ တစ်ယောက်တည်းတော့ မဟုတ်ပါ။ မြန်မာစာ မေဂျာ မှ ဒုတိယ နှစ်ကျောင်းသားလေး မိုးကျော်။ ၀က်ထီးကန်သား ကဗျာဆရာ ကိုစိုင်းမောင်မောင်၊ သင်္ချာဆရာမ မသူဇာ နှင့် ကျောင်းသန့်ရှင်းရေး တာဝန်ယူထားရသည့် ဦးတက်ပု။ သူတို့ သည်လည်း ကောင်းကောင်းကဖေး ပရိတ်သတ်များပင်။
သူ ကတော့ကျောင်းသားရေးရာတွင် စာရင်းကိုင်တာဝန် ထမ်းဆောင်နေသူ။ ‘ကျောက်တိုင်’ ဆိုလျှင် အတော်များများ သိပါလိမ့်မည်။သူ့ နာမည် အရင်းက ရန်နိုင်။ ဒါပေမယ့် ကျောင်းထဲမှာ မလှုပ်မယှက် ခပ်အေးအေးသမားဖြစ်သည့် အပြင် စကားပြော နည်းပြီး ခေါင်းမာသူ ဖြစ်တာကြောင့် ကျောက်တိုင်ဟု အမည် ပြောင်ပေးထားကြခြင်းဖြစ်၏။သူ သည်ဆိုင်လေးကို နေ့လည် ဆယ်နှစ်နာရီ တစ်ကြိမ်ထိုင်သည်။ ညနေ လေးနာရီ ကျောင်းလွှတ် ချိန်တွင် တစ်ကြိမ် အေးအေးလူလူ ထိုင်တတ်ပါသည်။
သူက ၀ါသနာ အရ ကျောင်းမဂ္ဂဇင်း တွင် ၀ထ္ထုများရေးရင်း မဂ္ဂဇင်း ဂျာနယ် အတော်များများ ကို ခြေလှမ်းစပြုနေနိုင်သူ။ သူ့ အတွက် အားလပ်ချိန်က စာဖတ်ခြင်းနှင့် စာရေးခြင်း နှစ်ခုသာ ရှိသည်။ ကောင်းကောင်း ကဖေး တွင် သီချင်းနားထောင် ရင်း ကုန်ကြမ်း ရှာသည်။ တွေးသည်။ ထိုအရာများသည် ရန်နိုင်၏ နေ့စ္စဓူဝ ပုံစံ။ အခုလည်း ကျောင်းဆင်းချိန်မို့ လူးလား ထွက်ခွာ နေသည့် အမှတ် ကိုး ကား လိုင်းပေါ်က ကျောင်းသား ကျောင်းသူ များကို ငေးကာ ကိုင်ဇာ ၏ သီချင်းသံနှင့် ဇိမ်ကျနေမိသည်။
“ဦးကျောက်တိုင် ပေါ့ကျပဲ နော် ဖျော်လိုက်ပြီ၊ ဂျစ်တူးရေ မေးစမ်းပါဦး ငါဖျော်တောင်နေပြီ”
အဖျော် ဆရာလေး ပေါက်ပေါက်က သူ သောက်နေကျ လဖ္ဘရည်ကို ဖျော်ရင်း လှမ်းပြောသည်။သူလည်း စားပွဲ ထိုး ဂျစ်တူးလေးကို
“အေးအေး လုပ်ကွာ၊ ဂျစ်တူးရေ ဒူးယား လေးပါချနော့”
သူ ဆရာ ဇ၀န၏ ကောလိပ်ဂျင် စာအုပ်ကို လှန်ကာ ဖတ်ရန် ပြင်လိုက်သည်။ ထိုစဉ်
“ ခေတ်ကြီးက မကောင်းတော့ဘူးဗျာ၊ ခါတိုင်း ငါးကျပ်နဲ့ ရောက်တဲ့ ခရီးကို တစ်ဆယ်တောင် ပေးလိုက်ရပြီ”
အသံတစာစာ နှင့် ၀င်လာသူက ဦးတက်ပု။ သူက ကျောင်း အဆောင်မှာ အိပ်ဖို့ အိမ်ကနေ ပြန်လာပုံရသည်။
“စပါယ်ယာတွေ ဆိုတာလည်း ကောင်မလေး များဆို ညင်ညင်သာသာ ကျုပ်တို့ဆို ကန်ပါချမတက်ပဲ၊ အဲဗျာ ကျောင်းသူလေး တစ်ယောက်ဆို သမီး မှာ အကြွေက ငါးကျပ်ပဲ ပါလာလို့ ဆိုတာနဲ့ ရတယ် ရတယ် ညီမလေးဆိုပြီး ငါးကျပ်ပဲ ယူတာ၊ ကျုပ်တို့ဆို အဘိုးကြီး ဓါတ်ဆီ က အလကားမရဘူး ဘာညာ လာဦးမှာ”
ဦးတက်ပု က တဗျစ်တောက်တောက် ပြောရင်း ကျစိမ့်တစ်ခွက် မှာသောက် သည်။ ညနေခင်း သီချင်းသံကို နားစွင့် ရသည်မှာ အဆင်မချောတော့။ခမျာက စားပွဲထိုးလေးမောင်ဂျစ်တူးကိုတောင် သူ့ဝိုင်းခေါ် ပြီး သြ၀ါဒ ချွေနေသေးသည်။
“ရန်ကုန်ဆိုတာကြီးက လွယ်တာ မဟုတ်ဘူးရယ်၊ ရပ်တည်ရတာ ခက်တယ်၊ မင်းလို ကောင်လေးတစ်ယောက် အတွက် ဆိုတာလည်း ပျက်စီးရမယ့် လမ်းစတွေ အများကြီး၊ အပျော်အပါး တွေ ဘာတွေ ရှောင်ကွ၊ ပိုက်ဆံကို ခြစ်ခြုပ်စု၊ တစ်ချိန်မှာ စားပွဲထိုးဘ၀ ကနေ ကိုယ်ပိုင်ဆိုင် ဖွင့်နိုင်အောင်ကြိုးစား သိလား”
“ဟုတ် ဦးလေး တက်ပု၊ ကျနော်လည်း မျော်မှန်းထားပါတယ်”
အသက် ခုနှစ်နှစ်စွန်းစွန်းသာရှိဦးမည့် ဂျစ်တူးလေးနှင့် အပေးအယူ မျှနေသည်။ဦးတက်ပု ၏ ဆုံးမစကားများကို ဂျစ်တူးလေး ခေါင်းတစ်ညိတ်ညိတ် နားထောင်နေပုံကို ငေးကြည့် နေမိသည်။ ဘာပဲ ပြောပြော တစ်နယ်သား ကလေးငယ်တစ်ယောက်ကို လမ်းမှန်သွန်သင် ပြခြင်းသည်လည်း ကောင်းမွန်သော အလုပ်တစ်ခုမဟုတ်လား။ သူ မုဒိတာ ပွားမိ၏။
“ ရိုးသားဖို့ လိုတယ်ကလေးရ ၊ ရိုးသားနေရင် မင်းဘ၀ တက်လမ်း ကို မင်းတွေ့ရလိမ့်မယ်၊ ဦးလေးပြောတာ မှတ်ထား၊ ကဲ ကဲ ဦးကို ဒူးယားလေး မီးသွားညှိပေးဦး”
ဦးတက်ပုက ပြောပြောဆိုဆိုနှင့် စကားကို မီးညှိ ခိုင်းရင်း လက်စသပ် လိုက်သည်။ တစ်စုံ တစ်ခု က သူ့ ခေါင်းထဲရောက်လာသည်။ ချက်ချင်းဆိုသလို မောင်ဂျစ်တူးလေးနား အပြေးနှင်မိ၏။
“ဟေ့ကောင် နေဦး မလုပ်နဲ့”
ဆိုကာ သစ်သားမီးခြစ်ဆံ အပြည့်ပါသည့် ဗူးကို ဦးတက်ပုကို ကမ်းလိုက်သည်။ ဦးတက်ပုက ဇဝေ ဇ၀ါဖြစ်သွားပုံ ရပြီး သူ့ ဆီက မီးခြစ်ကို ယူကာ ခြစ်လိုက်သည်။
“ကျေးဇူးပဲ ကျောက်တိုင် ဒါပေမယ့် မင်းက ဘလိုင်းကြီး ဘာထ ဖြစ်တာတုံး”
ဦးတက်ပု၏ အမေးကို သူ မဖြေဖြစ်။ လဖ္ဘ၇ည်ဖိုး ၇ှင်းကာ ဆိုင်ထဲက ထွက်လာခဲ့သည်။ ဦးတက်ပု ခမျာ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့ပေလိမ့်မည်။ သူ ကတော့ အဆောင်ပြန်ကာ စာရေးစာဖတ် အလုပ် အတွက် အချိန်ပေးရးဦးမည် မဟုတ်လား။ တစ်ချို့ မေးခွန်းများသည် လွယ်ကူစွာ အဖြေပေးနိုင်ပါလျက်နှင့် တစ်ဆို့ နေတက်သည့် အရာမျိုး ဖြစ်နေနိုင်ပါသေးသည်။
ဒူးယားစီးကရက်ကို တစ်ရှိုက်မက်မက်ဖွာကာ စာရေးခြင်း အမှုကို ပြုဖို့ အဆောင် ၀ရံတာ တွင် သူ ကျကျ နန နေရာယူထား လိုက်သည်။ညလေအေးက တစ်နေ့လုံး လောင်ကျွမ်းနေသော အပူငွေ့ကို စုပ်ယူ ထားပုံရသည်။ ကျောင်းဝင်း အပြင်က တရုတ်စကားပင်တန်းကို မှောင်ရီရီ အချိန် ငေးမောနေရသည့် အရသာက လည်း တစ်မျိုး ထူး ခြားနေ၏။ ဖောင်တိန်ဦး မှာ စကားတစ်လုံးမှ ပွင့် မလာသေး။ အတွေး စ တို့ကို ငယ်ရည်းစားဆီ ပို့ပေးလိုက်သင့်သလား၊ ဆောင်း ရိပ် ပြာပြာ အောက်က ငယ်ဘ၀ အိမ်အိုလေးဆီ ရွှေ့ ပြောင်း စိတ်ကူးယဉ် သင့်သလား။ သူ့ အတွက် ၀ထ္ထုတစ်ပုဒ် ဖြစ်လာဖို့ သည်ည ခက်ခဲ နေသည်ကတော့ အမှန်ပင်။
“ကျောက်တိုင် စာရေး မလို့လား”
ဦးတက်ပု ။ တစ်ခါမှ ညဖက်စကားလာမပြောဖူး သေးသောသူ။ ဘာစိတ်ကူးပေါက်သည်မသိ။ သူ ပြန်ထူးလိုက်သည်။
“ သြော် ဦးတက်ပု မအိပ်သေးဘူးလား လာလေ”
ဦးတက်ပုက သူ့ အနားကို လာထိုင်ပြီး
“အေးကွာ ငါ လည်း ဒီနေ့ တအားပျင်းလာတာနဲ့။ မင်း စာရေးရတာ အဆင်ပြေလား။ ကျောင်းလစာ နဲ့ နေရတာကော ကိုက်ရဲ့လား”
ဦးတက်ပု ပုံစံက စကားပြော ချင်နေမှန်းသိသာပါသည်။
“ပြေပါတယ် ။ ဦးတက်ပု တစ်ခုခု ပြောချင်နေတာ ထင်တယ်။ ပြောပါ ကျွန်တော် နားထောင်ပေးပါ့မယ်”
ဦးတက်ပု ၏ မျက်နှာ ပေါ် က အရိပ်တစ်ခုကို သူမြင်လိုက်ရသည်။
“အေးကွာ ငါ မနေ့ က အိမ်ပြန် တော့ အိမ်မှာ ငါ့သားအဖမ်းခံရတဲ့ သတင်းကြားတယ်ကွာ”
“ဘယ်လိုဖြစ်တာတုံးဗျ”
ဦးတက်ပု မျက်ရည်ဝဲလာသည်ကို မြင်လိုက်ရသည်။
“ငါ့ အမှား တွေလို့ပဲ ပြောရမှာပဲ ကွာ၊ ငါ ငါ့သားကို မစောင့်ရှောက်နိုင် ခဲ့ဘူး၊ ဒီလိုကွာ”
ဦးတက်ပုက စကား မစမီ ပုဆိုး ကြား ၀ှက်ယူ လာသည့် အရက်ပုလင်းကို ဆွဲ ထုတ် လိုက်သည်။ သေချာ ပြင်ဆင် ထားပုံရပါသည်။
“ချဦး မလား ကျောက်တိုင်”
“မချတော့ပါဘူး ဗျာ ပြော ပါ”
လေပြေက ပိုမို အေးစိမ့် လာနေသည်။ သည်ည စာရေး ဖို့ မလွယ်ကူတော့မှန်း သူ သိလိုက်သည်။ ဦး တက်ပု ၏ ခံစားချက်များကို သာ နားစွင့် နေလိုက် မိပါတော့သည်။
“ငါငယ်ငယ်က တာမွေ အသောက ကြက်ဝိုင်း မှာ နေ့တိုင်း
ကြက်တိုက်တယ်၊ မိန်းမ ငယ်ငယ် လေးယူထားပြီး ယောက်က္ခမ အကူ အညီနဲ့ တင့်တယ် နေချိန်ပေါ့ကွာ၊ အဲ့ တုံးက ငါ့သားလေး မွေးတယ်။ မွေးပြီး ပြီးချင်း ငါ့မိန်းမ လည်း မီးတွင်းထဲ ဆုံးတော့တာပဲ”
သန်းခေါင်က ပိုမို နက်ရှိုင်းလာသလို ဦးတက်ပု ၏ ခံစားချက်ကလည်း ထို ည ထက် ပိုနက် နေသယောင် သူ မြင် မိလာသည်။
“ ငါ တစ်ယောက်တည်း သားလေး နဲ့ ရပ်တည် ခဲ့ရတယ်။ ယောက်က္ခမ ကလည်း သား အချစ် မြေး အနှစ် ဆိုတဲ့ ရှေးထုံးနဲ့ လားလားမှ မသက်ဆိုင်သလိုပဲ၊ သူ့ သမီးဆုံးတာ ငါ့ ကြောင့် ဆိုပြီး မဆက်ဆံတော့ ငါလည်း ပိုရုန်းကန်ရတာပေါ့ကွာ”
“အင်း”
“အဲ ဒီကတည်းက ငါ ဘာ အလုပ် ကို လုပ်လုပ် ငါ့သားကို ခေါ် သွားတယ်။ငါကလည်း နဂို ကမှ လောင်းကစား သမားဆိုတော့ ဒါပဲ လုပ်တက်တာရယ်။ တစ်နေ့ တစ်နေ့ အသောက ကြက်ဝိုင်း၊ မိုးကောင်း စေတီ ဖက်က ဂလောက် ဂလက် ၀ိုင်း တွေလောက်ပဲ ရောက်နေတော့တာ။တစ်ခါတစ်ခါ ငါ့အသိ တစ်ယောက်နဲ့ မော်တင် ဖက် ရောက်တတ်တယ်၊ လမ်း မတော် လှသောင်း ရဲ့ တပည့် တပမ်း တွေ ထောင်ထားတဲ့ လောင်းကစား ၀ိုင်း တွေမှာ အကောက်ပေးပြီး တစ်နေ့ လုံးနေတာရယ်၊ ဟူး”
ဦးတက်ပု အရက်ကို တငုံ မော့သောက်လိုက်သည်။ ရေရော ဖို့ ပင်မေ့နေသည့် ဦးတက်ပုကို သူ ရေ ရောဖို့ သတိပေးရသေးသည်။
“ငါ ဘယ်သွားသွား ငါ့သားလေးကို ခေါ် သွားတယ်။ငယ်သေးတယ် ဆိုတဲ့ အတွေးပဲ တွေးခဲ့တာကိုး၊ ဒါပေမယ့် တစ်ချိန်ကျတော့ “
“အင်း သူလည်း ဦးတက်ပုလို လုပ်တက်လာတယ် ပေါ့၊ ဟုတ်တယ် မလား၊ အဲ ဒါ အတုမြင် အတက်သင်ခဲ့တာလို့ ပြောချင်တာ မလား”
သူ၏ သုံးသပ်ချက် ကို ဦးတက်ပုက မငြင်းပါ။ သို့သော်
“ အဲ့ထက်ဆိုးလာတာ ကျောက်တိုင်ရေ၊ ငါ လေ ဒီကောင် အကျင့် ပျက်လာတာ သိ လာချိန် က စပြီး အရာရာကို ဆင်ခြင်ခဲ့တယ်။ ငါ တစ်သက်လုံး လုပ်လာတဲ့ အရာတွေကို သားလေး အတွက် ဆိုတဲ့ စိတ်နဲ့ အကုန်စွန့် လွှတ် ပြီး ကောင်းရာ ကောင်းကြောင်းပဲ လုပ်ခဲ့တယ်။ ဒါပေမယ့် ဒါပေမယ့် နှောင်း သွားတယ် ကွာ”
သူက ဖခင် တစ်ယောက် မဟုတ်ပါ။ သို့သော် ဦးတက်ပု၏ ဖခင် မေတ္တာ ကို ပြည့် ပြည့် ၀ ၀ ခံစား နားလည် မိလာသည်။ စကားဝိုင်းလေးက အချိတ်အဆက် ပိုမိလာသလို ခံစားရသည်။ လေပြေက လေပြေ မဟုတ်တော့။ လေရူးနှင့် တူလာသည်။တစ်ဖက် အဆောင်မှ ကျောင်းသားတစ်သိုက် ဆီက ဂစ်တာသံ ပါးပါးကို သဲ့သဲ့ ကြားနေရ၏။ မျက်ရည် ဥ များ တွဲ ခို လာသော ဦးတက်ပု ပုခုံးကို သူ အသာအယာ ဖိထားမိသည်။
“ ငါ့သားလေး က တောင်ဒဂုံ တစ်ရာ့လေးရပ်ကွက်မှာ မိုက်ကြေးခွဲ ပြီး ပိုက်ဆံ ရှာတက်လာတယ်။အဲ့ဖက်က လူမိုက် ဂိုဏ်း တွေကလည်း ပေါမှ ပေါလေ။ ကြက်ဝိုင်း၊ အံစာဝိုင်း၊ ဖဲဝိုင်း တွေတိုင်း သူ ရှိတယ်။ ၀င်ကစားတယ်။ ရွာ ခံ လူမိုက်တွေနဲ့ ချိတ်ဆက် လိမ်စားတယ်။ ပြီးတော့ မနိုင်ရင် မိုက်ကြေးခွဲတယ်။ ရွာခံကို ဆပ်ကြေးပေးရတယ် ကြားတာပဲ၊ ကျောက်တိုင်ရယ် ငါ လေ ငါ ငါ့သားကို သင်မပေးခဲ့ပါဘူးကွာ၊ ငါကိုယ်တိုင် မဟုတ်တာတွေ လုပ်ခဲ့ ပေမယ့် သူ့ကို ငါ အမြဲ ဆုံးမ ခဲ့တာပါ။ ငါ့လို မလုပ်ဖို့ပေါ့။”
ဦးတက်ပု အရက်တစ်ပုလင်းလုံး ကုန် လုပြီဖြစ်သည်။ ဂစ်တာ သံများလည်း တိတ်ဆိတ် သွားသည်။ တစ်ချို့ အခန်း များတွင် မီးရောင် မမြင်ရတော့။ သူ ဦးတက်ပု ကို သေသေ ချာချာ စိုက်ကြည့်ကာ
“ အခု ဦးတက်ပု ဆိုလိုတာက “
“ငါ ငါ့ သားက အတု မြင် အတက်သင် သွားတာလား၊ ငါ့လို မလုပ်ဖို့ ငါ အတန်တန် ဆုံးမခဲ့တာလေ၊ ပြီးတော့ ဒီကောင် က ပိုဆိုးသွားတယ်။ ငါ လည်း ငါ့သား အရွယ် မရောက်ခင် ပြင်ဆင် နိုင်ခဲ့တာပါကွာ၊ ငါဘာ မှားခဲ့ လို့လည်း၊ ဗီဇ လား ”
သူ အနီးစပ်ဆုံး ဖြစ်နိုင်မည့် အဖြေကို ဦးတက်ပုကို ပေးဖို့ လိုလိမ့်မည်။ ထို့ကြောင့်
“ အခု ဦးတက်ပု သားက .. .”
“မနေ့က လောင်းကစားမှု နဲ့ အဖမ်းခံရတယ်။ ဒီနေ့ မနက် သတင်း ထပ်ကြားရတာ လိမ်လည် မှု တွေပါ တိုးနေတယ်တဲ့”
“ အင်း ကျွန်တော် ပြောပြမယ်။ အဲ့ဒါ ဦးတက်ပု သားက အတုမြင် အတက်သင်တယ်လို့လည်း ပြောမရဘူးဗျ၊ ဦးတက်ပု ကိုယ်တိုင် ဆင်ခြင် ခဲ့တာပဲ ၊ ဆုံးလည်း ဆုံးမခဲ့တာပဲ၊ပြီးတော့ ဗီဇ ဆိုတာလည်း ကျွန်တော် လက်မခံဘူး၊ ကလေးတစ်ယောက် ဟာ တိရိစ္ဆာ န် ဆပ်ကပ်ရုံက ကျားပေါက် တစ်ကောင်လိုပဲ ၊ လိမ်မ္မာခြင်း ဆိုးသွမ်းခြင်းဆိုတာ ပဲ့ကိုင် ရှင်ရဲ့ အပြု အမူ ကြောင့် ပဲ”
“ဒါ ဒါဆို ငါ့ ကြောင့်ပေါ့၊ ငါ့ မှာ ပဲ အပြစ်ရှိတာပေါ့နော်”
“ အဲ့တာလည်း အကုန် မမှန်ဘူး၊ ဦးတက်ပု ဆုံးမခဲ့တာပဲ၊ ဘာလို့ ဒီလိုဖြစ်ရလည်း သိလား၊ နည်း လမ်း မှား တာဗျ၊ အဲ့ဒီ နည်း လမ်း မှားတယ် ဆိုတာကလည်း ဦးတက်ပုရဲ့ အားနည်းချက်ပဲ”
“ငါ သူ့ကို နည်း အမျိုးမျိုး နဲ့ ချော့တစ်ခါ ခြောက် တစ်လှည့် သွန်သင်ပါတယ်၊ မောင်ရင် ဆိုလို ချင်တာ ဘာလည်း”
သူ ပြောချင်သော အချက်ကို တည့်တည့် မတ်မတ် နားလည် သဘောပေါက်ဖို့ အကြံ ထုတ်ရသည်။
“ ဒီလိုဗျာ၊ဦးတက်ပု သားငယ်တုံးက ဦးတက်ပု လောင်းကစားဝိုင်းတွေ ခေါ် သွားတယ်၊ ကလေးက မြင်တယ်၊ သူ့ အတွေးမှာ ခိုအောင်းလာတာက ဒီနည်း နဲ့ ပိုက်ဆံ ရှာ တာပါလားလို့ ပေါ့၊ အဲ့ ဦးတက်ပု ဆင်ခြင်ပြီး ရိုးသားပြတဲ့ အခါ အခု ဦးတက်ပု လုပ်နေတဲ့ အလုပ်ကို သူ့ကို ဘယ်နှစ်ခါ ခေါ် ခဲ့လဲ”
ဦးတက်ပုခေါင်းခါပြီး
“ ငါ ငါ့သားလေးကို သန့်ရှင်းရေး အလုပ် လုပ်နေတဲ့ အဖေ ရဲ့ သားတစ်ယောက် ဆိုပြီး ဂုဏ်ငယ် နေမှာ စိုး တာပါကွာ”
“အဲ ဒါ လွဲတာပဲ ဗျ၊ ကလေးတစ်ယောက်ကို မကောင်းတဲ့ ၀မ်းစာရှာဖွေမှု ပုံစံ တွေ မြင်ခွင့် ပေးထားတဲ့ ဖခင်ဟာ၊ တစ်လှည့် ပြန်ပြီး ကောင်းတဲ့ သမ္မာအာဇီဝ အလုပ်လေးတွ ကို လည်း မြင်အောင် ပြပေးခဲ့ရမှာ၊ သြော် ဒီလိုလည်း ငွေရှာ လို့ ရတာပါပဲ ဆိုတဲ့ အသိတရားကို ပြကို ပြပေးခဲ့ရမှာ၊ ပြီးတော့ သန့်ရှင်းရေုးကို ဦးတက်ပု မျက်နှာငယ်စရာလို့ သတ်မှတ်တယ်၊ အဲ့ဒီ အတွေး အခေါ် က ဦးတက်ပု ရဲ့ သွေးသားဆီ ရောဂါတစ်ခုလို ကူးစက် မှာ မစိုးရိမ်ခဲ့ဘူးလား”
ဦးတက်ပု တွေတွေငေးငေး နားထောင်နေသည်။ သူ့ ပုံစံမှာ စာရေးနှင့် မတူတော့။ ကျောင်းဆရာ တစ်ယောက်နှင့် ပိုတူ လာသည်ဟု သူ့ကိုယ်သူ ခံစားမိသည် ။အချိန်က ည တစ်နာရီစွန်းစွန်းရှိပြီမို့ ည ဟု သတ်မှတ်မရနိုင်တော့။ဦးတက်ပု မျက်ဝန်း မှ မျက်ရည်သည် မျက်ရည်ဥ မဟုတ်တော့။ ဖြိုင်ဖြိုင်ရွာနေသည့် မျက်ရည်မိုး ဖြစ်နေသည်။
“ဦးတက်ပု မနက် သားအတွက် လုပ်စရာ ရှိတာတွေ ပြင်ဆင်ပါ၊ ဖြစ်လာတဲ့ အခြေအနေကို လက်ခံပါ၊ နောင်တစ်ချိန် သတိထားတက်ဖို့ပဲ ရှိတော့တယ်။ တကယ်တော့ မိမိ ကိုယ်တိုင်က ဘာမှ မဟုတ်ပဲ ပြုမူ နေထိုင် မိတာလေးတွေက လူတစ်ယောက် ဘ၀ကို ပြောင်း လဲ စေနိုင်တယ်သိလား”
ဦးတက်ပုသူ့ကို ငိုနေရင်းမှ မော့ကြည့်သည်။ ညိုးငယ်ဖျော့တော့ နေသည့် မျက်နှာကို သူ အကြာကြီး ကြည့် မနေနိုင်တော့။
“ကျွန်တော် ဆေးလိပ်ကြိုက်တာ ဦးတက်ပုသိတယ်နော်”
“ အင်း”
“ဆေးလိပ်က မကောင်းမှန်း သိပါတယ်။ ကျွန်တော့်မိဘတွေလည်း သွန်သင်ဆုံးမခဲ့တာပါပဲ၊ ဒါပေမယ့် ကျွန်တော် ဘာကြောင့် ဒီလို ဆေးလိပ် စွဲ ခဲ့လဲ သိလား”
ဦးတက်ပုက ပြောပြ စေချင်သည့် အကြည့်နဲ့ ကြည့်သည်။
“ ညနေက ဦးတက်ပု ဂျစ်တူးလေးကို မီးညှိခိုင်းတယ် မလား၊ ကျွန်တော် ၀င်ပြီး မီးခြစ်ပေးခဲ့တယ်လေ”
“ အင်း”
“ကျွန်တော် ငယ်ငယ်က စားပွဲထိုး လုပ်ခဲ့ဖူးတယ်၊ ကျွန်တော့်ကို လာ ထိုင်တဲ့ လူတွေက အဲ့လိုပဲ မီးညှိ ခိုင်းလေ့ရှိတယ်၊ မီး ညှိနေရင်းနဲ့ ကျွန်တော် ဆေးလိပ်သောက်တတ် သွားတာပါ”
“ဟုတ်လား”
“ဒါပေါ့ ဗျာ ကျွန်တော်ပြောတဲ့ သတိ မမူ မိတာလေးတွေဆိုတာ အဲ့ဒါပဲ၊ ကျွန်တော် တို့ အတွက် ဘာမှ မဟုတ် တဲ့ သာမာန် အပြု အမူလေးတွေက အဖြူရောင် ကလေးတွေကို စွန်းထင်းစေတတ်တယ်၊ ကျွန်တော်လည်း အဲ့လိုပဲ စွန်းထင်းခဲ့တာ”
သူ စကားစ ကို အဆုံးသတ်ပစ်လိုက်သည်။ ဦးတက်ပု ပိုမို တွေဝေ သွားပုံရသည်။ သို့သော် ဦးတက်ပု နားလည် လာလိမ့်မည် ဟု လည်း သူ ယုံကြည်မိသည်။
“ ကဲ မနက်ဖြန် အတွက် အသင့် ပြင်ထားပေတော့ဗျာ”
သူတို့ နုတ်ဆက်ချိန်က မနက် နှစ်နာရီ ထိုးလုလု။ လမင်းက ပြည့် ပြည့် ၀၀ သာနေသည်။ လှေကားမှ ဒယီးဒယိုင် ဆင်း သွားသည့် ဦးတက်ပု ကို တလှည့် လမင်းကို တစ်လှည့် သူ ငေးကြည့် နေမိ၏။ လမင်း ပဲ အားကျသည်။အမြဲ လိုလို တစ်ကိုယ်တည်း လင်းသည်။ အဖြူ ရောင် အပြည့် ။ ဘယ်လို ဆေးမျိုးကမှ လမင်းကို စွန်းထင်အောင် လုပ်မရ။ နာရီကို ပြန်ကြည့် လိုက်သည်။ သူလည်း မနက်ဖြန် အတွက် အိပ်စက်ခြင်းဖြင့် အစချီရဦးမည် မဟုတ်ပါလား။
အစွန်း အထင်း
မောင်သြလေး
#အရှင်ဥတ္တရ ဂုဏ်ပြု (ဂုဏပူဇာ မင်္ဂလာမော်ကွန်း စာအုပ်) မှ
ကိုသြလေးဆိုတာ မီးချစ်ရဲ့ စာပေအသိုင်းအဝိုင်းက အကိုပေါ့
လောကကံ ခပ်ကြမ်းကြမ်းကို အပြုံးမပျက် ရင်ဆိုင်ရပ်တည်ခဲ့သူ လူငယ်စာရေးဆရာလက်သစ်ထဲတော့ ပညာပါအောင်ရေးနိုင်စွမ်းရှိသူပါပဲ သူက steem မသုံးတော့ သူ့စာလေးတွေကို သူ့အမည်နဲ့ ပြန်ပြန်မျှပေးတယ် နောက်ရက်တော့ ဒီမှာ ကိုယ်ပိုင်ရေးတာတွေ ပဲ တင်တော့မှာမို့ စာကောင်းတွေကို တခြားအကောင့်က တင်ပေးပါမယ် မီးချစ်က တချိန်က စာမျက်နှာပေါ်မှာ ကဗျာဆောင်းပါး စတာတွေ ရေးဖြစ်ပေမယ့် ခုက ကာတွန်းကိုပဲ တစိုက်မတ်မတ်ရေးဖြစ်လာပါတယ် အာ့တော့ စာကောင်းတွေကို ပြန်မျှချင်စိတ်ကလည်း မစွန့်နိုင်ဘူး awbarkhin ကတင်ပေးပါ့မယ် စာကို fbမှာ တင်ရင်သေချာမဖတ်ကြဘူးလေ steမှာတင်တော့မှ cm ပေးဖို့ သေချာဖတ်လာကြတယ်အာ့တော့ စာကောင်းကောင်းလေးတွေ နဲ့ စာဖတ်ပီါ် ထုတ်ထားတဲ့ အိရဲ့ knowledge တွေမျှပေးမယ့် awbarkhin ကို follow လုပ်ထားအူးနော် ပြန် follow လိုက်ပါ့မယ်
Nice
Please @meechit do not use the promo-steem tag, if your post is not a @promo-steem activity and we @steem-ambassador ask you to remove the promo-steem tag. if in the future you do activity promo-steem please you use tag #promo-steem.
Read the link under the #promo-steem tag rule
Promo-Steem community guidelines. Important read for all promoters
12 Activities that Qualify to be Rewarded by the #promo-steem @steem-ambassador Guild! Lets make the Trending Page full of this Activities!
12 Kegiatan @ Promo-steem yang memenuhi syarat untuk Di beri Hadiah oleh @ steem-ambassador
nice post
အားပေးနေပါတယ်ဗျာ
Congratulations @meechit! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
right
ကျွန်တော့်အတွက် အသိတရားတစ်ခု မကရရှိလိုက်တဲ့ ဝတ္ထုလေးပါပဲ အမအိ။ သည်ထက်မက ပြန်လည်မျှပေးနိုင်ပစေ ဗျာ