ဘာ​တွေလုပ်​မလဲ

in #esteem6 years ago

အသက်လေးက သုံးဆယ်စွန်းလှမှ တစ်နှစ်,နှစ်နှစ်ပေါ့ ။ပါရမီလှုံ့ဆော်တယ်လို့ပဲ ပြောရမလားတော့မသိ တရားအားထုတ်ချင်စိတ်တွေ သူ့အလိုလို ဖြစ်လာခဲ့တာကို သတိထားမိခဲ့သည် ။တရားတောင်မှ သံသရာ ဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်စေနိုင်တဲ့ ဝိပဿ နာတရား ။
သံဝေဂကြောင့်လို့လဲ ပြောလို့ရမည်တော့ထင်သည် ။အဖေလေဖြတ်ပြီး ဆုံးပါးသွားတော့ ကိုယ်ကသားကြီး သြရသအနေနဲ့ အဖေ့ဈာပနကိစ္စအားလုံးကို ဦးစီးဆောင်ရွက်ခဲ့ရသည် ။လေဖြတ်ပြီးချိန်ကစလို့ ကွယ်လွန်တဲ့အချိန်အထိ တစ်လခွဲလောက်အတွင်း အဖေ့ကို ကိုယ်ဖိရင်ဖိ ပြုစုပေးရင်း , အဖေခံစားနေရတဲ့ ဒုက္ခတွေကို ဘေးကနေ ရင်နဲ့အမျှ မချိတင်ကဲ ရောခံစားမိရင်း လူ့ဘဝဆိုတာ အချည်းနှီး,အချိန်တန်တော့လဲ ဒီလိုနဲ့ ပဲအဆုံးသတ်ရတာပါလားလို့ သံဝေဂရမိခဲ့သည် ။
အဖေ့ဈာပန မြေကျရုံရှိသေး အမေ့နှလုံးရောဂါဖောက်လာလို့ ဆေးရုံပြေးတင်ရသေးသည် ။အေးလေ အနှစ်လေးဆယ် လုံးလုံး အရိပ်ပမာ မခွဲမခွာ အားကိုးအားထားပြုလာခဲ့တဲ့ ရွှေတောင်ကြီး ပြိုကျသွားတာကိုး ။ဒီလောက်ကြီးမားတဲ့ ပရိဒေဝသောကမီးဒဏ် အမေဘယ်ခံနိုင်မှာတုန်း ။ကိုယ်တို့မောင်နှမတွေကို နှစ်ယောက်လုံး တစ်ပြိုင်နက်ထဲ ပစ်သွားတဲ့ အဖြစ်ဆိုးမျိုး မရောက်အောင်လို့ အားတင်းထားဖို့တော့ အမေ့ကို အားပေးပေါ့ ။
အမေ့ကိုကြည့်ပြီး အပူမီးတွေကို ကြောက်မိသည် ။”ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းက ကွေကွင်းနောက်ဆုံး ရှိရချေသည် ”ဆိုတာမျိုး ကိုယ်လဲ မလွဲမသွေ ကြုံရမှာ မဟုတ်လား ။
အမေကလဲ မကွေးတိုင်းဆေးရုံပေါ်ံမှာ စိုးရိမ်နေရတဲ့ အခြေအနေ ၊ဒီအထဲ ကိုယ့်မြို့မီးလောင်တော့ ကိုယ့်အိမ်က မီးထဲပါသွားပါလေရော ။အိမ်မီးထဲပါသွားတဲ့အကြောင်း အမေ့ကိုလဲ မပြောရဲ ။စစ်ကိုင်းမှာနေတဲ့ အမေ့မောင်တော်သူ ဆရာဝန်က မန္တလေးဆေးရုံကြီး ပြောင်းတင်ပေးမယ်ဆိုပြီး အကြောင်းပြ ခေါ်သွားပေးလို့သာ အသက်ရှုချိန်ရခဲ့သည် ။
အခက်အခဲတွေကြားထဲ ရုန်းကန်နေရတုန်း ရောဂါသက်သာလာတဲ့အမေက သူ့ဇာထိုးတဲ့ ပစ္စည်းလေးတွေ ပို့ပေးဖို့ စစ်ကိုင်းကနေ စာရေးပြီးပူဆာတော့ ကိုယ့်မှာ ရီရမလိုလို ငိုရမလိုလို ။မီးလောင်ပြီး တစ်နှစ်ကျော်လောက်ကြာမှ အမေ့ကို အသိပေးရဲသည် ။ အမေက ဘုရား..ဘုရားတဲ့ ၊ပစ္စည်းလဲသင်္ခါရ , လူလဲသင်္ခါရတဲ့ ။ဒါလောက်ပါဘဲ ။တရားနဲ့ တည်ငြိမ်ရင့်ကျက်နေတဲ့ အမေ့ကိုကြည့်ပြီး အားကျခဲ့ရသည် ။
ကိုယ်လဲ လောကဓံ အထုအထောင်းတွေကြံကြံ့ ခံနိုင်ဖို့ ၊ ပြာပုံထဲက ရုန်းထနိုင်ဖို့ ခွန်အားတွေလိုသည် ။ပြာပုံဆိုမှ တကယ့်ပြာပုံပါဘဲ ။ မီးလောင်တုန်းက အိမ်မှာလူမရှိတော့ ဘာပစ္စည်းမှမရလိုက် ။အဖေပေးခဲ့တဲ့ ပညာအမွေပဲ ကျန်သည် ။ဒါတောင် လင်မယားနှစ်ယောက်လုံးရဲ့ ဘွဲ့လက်မှတ်တွေ မရလိုက်ပဲ မီးထဲပါသွားခဲ့သည် ။အလုပ်ထဲမှာ ကျန်ခဲ့တဲ့ ဘွဲ့လက်မှတ် copy တွေ နဲံ့ဘဲ ဘဝခရီး ရှေ့ဆက်ခဲ့ရသည် ။
အပူမီးတွေ ငြိမ်းစေဖို့ ၊ဒဏ္ဍရီထဲက phoenix ငှက် လို မီးလောင်ပြာပုံထဲက ရုန်းကန်ထနိုင်ဖို့ ခွန်အားတွေရှာရင်း အမေအားထုတ်နေတဲ့ ဝိပဿနာတရားကို မြင်မိသည် ။
တကယ့်ကို အေးမြတဲ့ ဓမ္မအရိပ်ပါဘဲ ။တကယ့်ကို အားကိုးရာ အားထားရာ အစစ်ပါဘဲ ။
ဘုရားပေးသနားတဲ့ တရားဆေးကိုသောက်,အေးမြတဲ့ ဓမ္မအရိပ်ကို ခိုလှုံပြီးကထဲက စိတ်ညစ်တာတွေ ၊စိုးရိမ်သောကတွေ မရှိတော့ ။လောကဓံကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေက ကိုယ့်မှာအပြည့် ။ဓမ္မက ပြန်စောင့်ရှောက်လို့ ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း ။ အခုတော့ တစ်ဦးတည်းသော သားလဲ ခွဲစိတ်အထူးကုသမားတော်ကြီးဖြစ်တော့မည် ၊ပြီးတော့ သူ့အိမ်ထောင်နဲ့သူ ပျော်ပျော်ရွှင်ရွင် ။ကိုယ်လဲ ဝါသနာအရ မနေနိုင်လို့ ကလေးတွေကို စာပြပေးနေတာကလွဲလို့ စီးပွားရေးအတွက် မပူပင်ရတော့ ။စာလေးပြေးသင်လိုက် အားတဲ့အချိန်လေး တရားထိုင်လိုက်နဲ့ အေးအေးချမ်းချမ်းပါဘဲ ။
စဦးတုန်းကတော့ လောကဓံလှိုင်းတံပိုး တွေကိုကြောက် ၊လူ့ဘဝ အနိဋ္ဌာရုံတွေကို သံဝေဂရပြီး ဒီဆင်းရဲ ဒုက္ခတွေကနေ လွတ်ချင်လို့ ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့တာပါ ။ဒါပေမဲ့ ကျွှဲကူးရင်တော့ ရေကပါလာစမြဲ မဟုတ်လား ။တရားဆိုတာ အားထုတ်လို့ စိတ်စင်ကြယ်လာတာနဲ့အမျှ ကောင်းကံတွေကလဲ ဝန်းရံခလာတတ်တာမျိုးပါ ။
လူတွေမှာ သံသရာတစ်လျှောက်လုံးက လုပ်ခဲ့တဲ့ ကုသိုလ်တွေ ၊အကုသိုလ်တွေကို စုဆောင်းထားတဲ့ ကန်ကြီးနှစ်ကန် ရှိသတဲ့ ။ ကောင်းတဲ့ အလုပ်လုပ်ရင် ကုသိုလ်လှောင်ကန်ကြီးကို မြောင်းသွယ်သလိုဖြစ်ပြီး ကောင်းကံတွေ စီးဆင်းလာတတ်သည် ။
ကုသိုလ်ကံလေးမြင့်လာလို့ အောင်မြင်မှုလေးတွေ ရလာတော့ လမ်းလွဲချင်လာသည် ။စဦးအားထုတ်ကာစ ဝိပဿနာအသိဉာဏ် မရင့်ကျက်သေးမီ သမာဓိအားကောင်းအောင် ထူထောင်နေတဲ့ အချိန်မျိုးမှာပေါ့ ။, မနက်လေးနာရီတိတိ ထမည်ဆိုပြီး autosuggestion လုပ်ပြီးအိပ်သည် ။မနက်လေးနာရီတိတိ တစ်စက္ကန့်မ့လွဲ နိုးလာသည် ။ ငါ့စိတ်မှာ တန်ခိုးတွေရှိလာပြီပေါ့ ။ စိတ်တန်ခိုးကျင့်စဉ်တွေဖက် ယိုင်ချင်လာသည် ။
ကိုယ်ဖြစ်ချင်တာ, လိုချင်တာလေးတွေ ရှိရင် သစ္စာအဓိဋ္ဌာန် ပြုကြည့်သည် ။အောင်မြင်သည့်အခါ ငါမှငါပေါ့ ။ငယ်ငယ်ရွယ်ရွယ်နဲ့ တရားဖက်လို့ အတော်တည်ကြည် အေးချမ်းတဲ့သူလို့ မြှောက်သံ ပင့်သံတွေကြားရင် ဘဝင်ကမြင့်ချင်ချင် ။လူဆယ်တာလဲမဟုတ်,နတ်ဆယ်တာလဲမဟုတ် ကိုယ့်ဟာကိုယ်ဆယ်ပြီး သောင်ငြိအောင်လုပ်နေတာပါ ။ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ဖြောင့်ဖြောင့်ရောက်သွားသူ ရှားသည်လို့ ဆိုကြတာပါ ။နောက်တော့ သတိထားပြီး လူမြင်သူမြင် တရားမထိုင်တော့ ။သိုသိုသိပ်သိပ်နဲ့ လူကြားသူကြား တရားစကားမပြောတော ။တရားဆိုတာ ကိုယ်မြင်ဖို့အဓိက ကိုယ်မြင်ကြောင်း သူများကိုပြောပြနေဖို့မဟုတ် ။သူများ အထင်ကြီးစေဖို့မဟုတ် ။ဒီတော့ အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့ ။
ကိုယ့်စိတ်ထဲမှာ မကောင်းတဲ့ လိုအင်ဆန္ဒတွေ ရှိမနေအောင်လဲ သတိထားရသည် ။
သမာဓိရလို့ တည်ကြည်ငြိမ်သက်နေတဲ့ စိတ်အခြေအနေဟာ သိစိတ်ထဲက လိုအင်ဆန္ဒတွေကို မသိစိတ်ထဲရောက်အောင် ပေါင်းကူးပို့ပေးနိုင်စွမ်း ရှိသည်တဲ့ ။ဒါကြောင့် သမာဓိရှိသူများ ကောင်းကျိုးလိုရာဆန္ဒရော မကောင်းကျိုးလိုရာဆန္ဒပါ ပြည့်တတ်သည် ။စိတ်ကို သန့်ရှင်းစင်ကြယ်နေအောင် သီလနှင့် မွှမ်းထုံထားဖို့ အရေးကြီးသည် ။မကောင်းတဲ့ဆန္ဒတွေ စိတ်ထဲမှာ ရှိမနေအောင် သီလကိုလုံအောင် ခြုံထားသင့်သည် ။
သို့မဟုတ်လျှင် ဘိုးတော်ယောင်ယောင် ဆေးဆရာယောင်ယောင်ဖြစ်ပြီး သာသနာပြုသည်ဆိုကာ ဟိုရောက်သည်ရောက် ဖြစ်သွားတတ်သည် ။
တရားအားထုတ်လို့ ခရီးအတော်ပေါက်လာချိန်မှာတော့ နတ်ဆယ်တာလို့ပဲ ပြောရမလားတော့မသိ ။သမာဓိလေးရပြီး စိတ်ငြိမ်သွားတဲ့ အချိန်မှာ ထွက်မဲ့ ချဲဂဏန်းကို အာရုံထဲမှာ ထင်ထင်ရှားရှား မြင်လာတတ်သည် ။ကိုယ်တို့ လင်မယားနှစ်ယောက်လုံး ဝါသနာမပါတော့ တစ်ခါမှမထိုး ။တခြားဘယ်သူ့မှလဲမပြော ။ပြောလို့လဲ မဖြစ် ၊၊ တော်ကြာ အကြားအမြင်ပေါက်တဲ့ ဘိုးတော်ဆိုပြီး လူတွေဝိုင်းအုံလာရင် အခက် ။နောက်တော့ စိတ်မဝင်စားမှန်း ဖျက်ဆီးလို့မရမှန်း သိသွားလို့ထင်သည် , နောက်ထပ် မမြင်ရတော့ , အဖျက်မခံရတော့ ။
အဖျက်တွေနောက် ပါသွားရင်တော့ သံသရာမှာ စုန်းစုန်းမြှုပ်မည် ။သတိထားစရာပါ ။တရားကို တကယ်အားထုတ်လို့ တရားအသိလေးတွေ တိုးလာတဲ့အချိန်မျိုးမှာ မာရ်နတ်ရဲ့အဖျက် လို့ပြောရမလားမသိ , စိတ်ယိုင်စရာ အခြေအနေမျိုးတွေ ကြုံရတတ်သည် ။ အနီးကပ် လမ်းညွှန်မဲ့ သတိပေးမဲ့ ဆရာသမား ရှိဖို့လိုသည် ။မသာယာသင့်တာ သာယာသွားမိရင် ဝိပဿနာ လမ်းပေါ်မှ ချော်ကျနိုင်သည် ။
သမထက ဝိပဿနာ ဖြစ်မလာပေမဲ့ ဝိပဿနာအားထုတ်ရင်းနဲ့ သမထ ဖြစ်သွားတတ်သည် ။ဒီအခါ နတ်တွေနဲ့ တွေ့လိုတွေ့ ၊နတ်ပြည်က စူဠာမဏိစေတီဖူးလိုဖူးနဲ့ အာရုံတွေနောက် မျောပါသွားတတ်သည် ။သတိမထားရင်တော့ တရားမထူးပဲ ရူးပဲရူးတတ်သည် ။
ဘဝင်မြင့်စရာ စိတ်ကြီးဝင်စရာတွေကလဲ အများသား ။တရားရှိသူကို တရားက ပြန်စောင့်ရှောက်လို့ နေပူကြဲကြဲထဲ သွားရင်တောင် မိုးကအုံ့ပေးရသတဲ့ လို့ကြားဖူးသည် ။ကိုယ်ခရီးသွားနေတုန်း မိုးအုံ့လာတာကြုံရရင် သွေးနားထင်ရောက်ချင်ချင် ။
မှတ်မှတ်ရရ ကြုံဖူးတာလေးရှိသည် ။ကိုယ့်နှမ မြစ်ကြီးနားမှာ မင်္ဂလာဆောင်တော့ စစ်ကိုင်းကအမျိုးတွေက မန္တလေးက နေမြစ်ကြီးနားကို လေယာဉ်နဲ့ သွားကြသည် ။နောက်ကျမှရောက်တဲ့ ကိုယ့်အတွက် လေယာဉ်လက်မှတ်ကမရှိတော့ ။ထိုခေတ်ထိုအခါက လေယာဉ်စီးနိုင်ဖို့ဆိုတာက ဒုလ္လဗ္ဗတရားပါ ။သူတို့တောင် တိုင်းမှုးနဲ့အလွန်ခင်လို့သာပါ ။ ကိုယ်က စီးချင်ပေမဲ့ ဘယ်သူနဲ့မှမခင် ၊ဒီတော့ အဓိဋ္ဌာန်လေးလုပ်ပြီး မန္တလေးက လေယာဉ်ရုံးသွားကြည့်သည် ။ထူးထူးခြားခြား VIP တွေအတွက် ချန်ထားတဲ့နေရာလေး ပိုလို့ဆိုပြီး လူတွေကို မဲနှိုက်ရောင်းပေးနေတာနဲ့ကြုံလို့ လူတွေအများကြီးကြားထဲ ဝင်ကံစမ်းလိုက်တာ နောက်နေ့လေယာဉ်နဲ့ ကိုယ်လဲဟန်ကျပန်ကျပေါ့ ။
ဒါမျိုးတွေကို မသာယာမိအောင် သမထဖက် စိတ်ယိုင်မသွားအောင် သတိတော့ အတော်ထားရသည် ။
ဓမ္မကလဲ စောင့်သူကို အကာလိကော အချိန်အခါမလင့် ပြန်စောင့်ရှောက်တတ်ပါသည် ။တရားအားမထုတ်ခင်က ဇက်ကြောက အလွန် ဒုက္ခပေးခဲ့သည် ။ညနေပိုင်းဆိုရင် ဇက်ကြီးဟိုလှဲ့သည်လှဲ့ မူးသလိုမော်သလိုနဲ့ လောကကြီးက အမြဲတမ်းအုံ့အုံ့မှိုင်းမှိုင်း ။တရားထိုင်လိုက်ပြီဆိုရင်လဲ ဇက်ကြောထဲမှာ ပူပြီး ခံရခက်နေတတ်သည် ။စိတ်ထဲမှာလဲ မခံချင်တာတွေ,သက်သာသွားအောင်ဟိုဒီလှည့်ပစ်ချင်တာတွေ စတဲ့ တုန့်ပြန်မှုတွေက တင်းကြမ်း ။နောက်တော့ အဲဒီ ပူနေ,တင်းတောင့်နေတာတွေ, စိတ်ထဲဖြစ်နေတဲ့ လောဘ, ဒေါသတွေ ကိုရှုရင်းရှုရင်းနဲ့ ဖြစ်နေတဲ့ ဝေဒနာသဘောကို နားလည်လာပြီး လောဘ,ဒေါသတွေနဲ့ မတုန့်ပြန်တော့ ။
နောက်တော့ ဇက်ကြောနဲ့ပတ်သက်တဲ့ ဒုက္ခတွေမရှိတော့ ။လောကကြီးက အခုတော့ ကြည်ကြည်လင်လင် ၊လူကလဲလန်းလန်းဆန်းဆန်း ။အခုအသက်ခြောက်ဆယ်နားထိ မျက်မှန်မတပ်ရပဲ စာတွေရေးနိုင်ဖတ် နိုင်သည် ။
တရာအားထုတ်သူတွေမှာ Dopamine ဟော်မုန်း အထွက်များသတဲ့ ။ဒီဟော်မုန်းက စိတ်ကြည်လင်ပြီး ပျော်ရွှင်မှုကို ပေးတတ်လို့ စိတ်အတွင်းမှာ အမြဲတန်း ကြည်ကြည်လင်လင် ငြိမ်းငြိမ်းချမ်းချမ်း ။Depression စိတ်ကျတာ ဘယ်တော့မှ မဖြစ်ပဲ လောကကြီးက အမြဲတမ်း တက်ကြွပျော်စရာ ။အရာအားလုံး အလှအပ ကိုယ်စီနဲ့ အလွန်ကို နေပျော်တဲ့ လောကကြီးပါ ။
တစ်ယောက်ထဲ ဖြစ်နေလို့လဲ ဘယ်တော့မှ အထီးကျန်မဖြစ် ။အေးအေးဆေးဆေး တရားမှတ်နိုင်လို့ ပိုလို့တောင်သဘောကျသေးသည် ။အများနဲ့ နေရ ဆက်ဆံရရင်လဲ ပဋိပက္ခတွေ,ငြင်းခုံတာတွေ တတ်နိုင်သမျှ ရှောင်သည် ။စိတ်ငြိမ်းချမ်းမှုကို ဘာနဲ့မှ မလဲနိုင် ။
စိတ်အမြဲတမ်း ငြိမ်းချမ်းနေတော့ သွေးတိုး, ဆီးချို ,သွေးချို စတဲ့ ခေတ်ပေါ်ရောဂါတွေ အခုအသက်အရွယ်ရောက်သည်အထိ ကိုယ့်အနား မသီနိုင်ခဲ့ ။ခေတ်မမီဘူးလို့ပဲ ဆိုရမလားမသိ ။
ဒါကြောင့် ဒီလို လောကီ, လောကုတ္တရာ နှစ်ဖြာစလုံး အကျိုးပေးတတ်တဲ့ ဝိပဿနာတရားကို လမ်းလွဲတွေကို ရှောင်ပြီး ခရီးပေါက်အောင် လူတိုင်း အားထုတ်စေချင်ပါသည် ။

image

@elay

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60793.30
ETH 3356.37
USDT 1.00
SBD 2.48