📝

in #esteem6 years ago

" ရှင်သာရိပုတ္တရာက အနာထပိဏ်သူဋ္ဌေးအား ဖြစ်ပျက်ရှုနည်းသင်ပေးပုံ"

မိုးကုတ်ဆရာတော်ဘုရားကြီး
၈-၂-၁၉၆၀
MG-055

အရှင်သြဘာသ မှ မေတ္တာဖြစ်မျှဝေပါသည်။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက "အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်တွေ ပြောနေတဲ့ စကားကို မင်းတို့ကို ငါပြောပြမယ်" တဲ့
အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်များ စိုးရိမ်ကြောင့်ကြနေတာက တစ်မျိုး
အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်များက မစိုးရိမ် မကြောင့်ကြအောင် လုပ်နေကြတာက တစ်မျိုး နှစ်မျိုးရှိတယ်လို့ ရှေးဦးစွာ မှတ်ထားရမယ်

အကြားအမြင်မရှိတဲ့ ပုဂ္ဂိုလ်များက စိုးရိမ်ကြတယ်
အမိနဲ့သား အဖနဲ့သား မိဘကလည်း သားသမီးများအတွက် သားသမီးများကလည်း မိဘအတွက် စိုးရိမ်ကြတယ်
အကြားအမြင်မရှိတော့ ဘယ်လိုများ စိုးရိမ်ကြသလဲ ဆိုတာ မမှန်တာတွေ သိပါစေတော့လို့ ဘုရားကပြတာနော်

တစ်နံပါတ်က ဪ အခုအချိန်များ မီးတွေလောင်လို့ရှိရင် အမေနဲ့အဖေနဲ့ သားနဲ့သမီးကွဲရမယ်
တယ်ကြောက်စရာ ကောင်းတာပဲ ဆိုပြီး ပြောလေ့ရှိတယ်

နှစ်နံပါတ်က အခုအချိန်များ ရေတွေ ကြီးလာလို့ရှိရင် သားကွဲသမီးကွဲနဲ့ သားသမီးကလည်း အမေမိဘကို မကယ်နိုင်
အမေမိဘကလည်း သားသမီးကို မကယ်နိုင်
ဒီလိုအခါများ ကြုံရမှာ အင်မတန် ကြောက်စရာကောင်းတယ် လို့ အကြားအမြင်မရှိတော့ ခေါင်ပြီး ဒါတွေ တွေးတာပဲ

သုံးနံပါတ် တခါ သူပုန်တွေများကျလို့ ဒီမြို့ ဒီရွာတွေ သိမ်းပိုက်လိုက်ရင်ဖြင့် သားကွဲ သမီးကွဲ အမေတကွဲ အဖေတကွဲနဲ့ အလွန့်အလွန် ကြောက်စရာကောင်းတယ်လို့ တွေးပြီး စိုးရိမ်ပြန်တယ်

မီးဘေး ရေဘေး သူပုန်ဘေးကို သူတို့ကကြောက်တယ်
သားသမီးကလည်း အမေမိဘကို မကယ်နိုင်
အမေမိဘကလည်း သားသမီးကို မကယ်နိုင် ဆိုပြီး စိုးရိမ်လေ့ရှိကြတယ်တဲ့
ရှေးကလူကြီးတွေနော်
မင်းတို့က မကြုံဖူးဘူး
မီးကြီးလောင်တုန်းက ဘယ်လို
ရေကြီးတုန်းက ဘယ်လို
သူပုန်တွေ ထလာလို့ မင်းနှစ်ပါးတိုက်နေလို့ ဘယ်လိုနေခဲ့ရတယ်ဆိုတာ မင်းတို့ မတွေ့ဖူးဘူး စသည်ဖြင့် ပြောကြတယ်
အဲ့ဒီကိစ္စတွေက အကြားအမြင်မရှိလို့ ပြောတာတဲ့
ရေကြီးလို့ မီးလောင်လို့ သူပုန်ထလို့ သားသမီးနဲ့ ကွဲကြရတာက တခါတလေကျတော့ ပြန်တွေ့နိုင်ပါတယ်တဲ့

တကယ် စိုးရိမ်ကြောင့်ကျရမှာက အမေက အိုလာတာကို သားသမီးက မကယ်နိုင်တာကမှ လုံးဝ ဘယ်တော့မှ မကယ်နိုင်တာလို့ မှတ်ပါတဲ့
သားသမီးက အိုလာတာကိုလည်း မအေမိဘက ဒီအတိုင်းသာကြည့်နေရတယ် ဘယ်နည်းနဲ့မှ မတတ်နိုင်ဘူး
အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်ကတော့ အိုမှုကြီးမှ မကယ်နိုင်တဲ့ အဖြစ်ကို တွေးမိတယ်တဲ့

အမေမိဘက သေမလောက် အနာပေါက်နေတာကို ဘယ်လိုပင် ဆေးကောင်းဝါးကောင်းနဲ့ ကုပေးသော်လည်း မရနိုင်ပါဘူး
သားသမီးများ နာလာတာကိုလည်း အမေမိဘက လက်လွှတ်လိုက်ရတာသာ များတော့တယ် ဆိုတာလည်း အထူးပြောစရာ မလိုတော့ပါဘူး

သားသမီးကလည်း အမေမိဘကို မကယ်နိုင်
အမေမိဘကလည်း သားသမီးကို မကယ်နိုင် တာကို အကြားအမြင်ရှိတဲ့ ပုဂ္ဂိုလ်က တွေးရမယ်
အိုမှုဟာ သားသမီးမှာလည်း အိုမှုရှိ မိဘမှာလည်း အိုမှုရှိလို့ အိုမှုအချင်းချင်း မကယ်နိုင်တာ
နာမှုဟာလည်း သားသမီးမှာလည်းရှိ မိဘမှာလည်း ရှိလို့ နာမှုအချင်းချင်း မကယ်နိုင်တာ
သေမင်းဟာ သားသမီးမှာလည်း နဂိုကပါလာပြီးသား မိဘမှာလည်း နဂိုကပါလာပြီးသား ဖြစ်တာမို့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တာ
စိုးရိမ်ကြမယ်ဆိုရင် တကာတကာမတို့ ဒါပဲ စိုးရိမ်ဖို့ သင့်ပါတယ် ဆိုတာ ဘုရားက ဟောပါတယ်

ဒါ သစ္စာနဲ့တွေးတာ
ခုနက သမုဒယနဲ့တွေးတာ
သစ္စာနဲ့တွေးတာ မှန်တယ်တဲ့
သမုဒယနဲ့တွေးတာ မမှန်ဘူးတဲ့

အခု ဘယ်လိုများ နေကြသတုန်းဆိုရင် မကယ်နိုင်တဲ့ လူအချင်းချင်း စုနေကြတာကိုး
အမေမိဘကလည်း သားသမီးကို ပြောတယ်
နင်တို့ ဘာပူစရာရှိလည်း တို့ရှိနေတာကို
မကယ်နိုင်ဘူးလို့ မပြောဘူး သူကယ်နိုင်တဲ့သဘော ပြောနေတယ်
ဒါ လောကွတ်တွေပါလား
သားသမီးတွေကလည်း ထို့အတူပဲ အမေအဖေတို့ ကြီးပြီးရင့်ရော်လာတာ ဘာပူစရာရှိတုန်း ကျုပ်တို့က လူလားမြောက်လာပေါ့ပဲ ဆိုပြီး အားပေးစကားတွေ ပြောတော့လည်း အယုံကြီး ယုံကြတာပဲ
ယုံသာယုံတာ ကယ်နိုင်တာမျိုး ဟုတ်ပါရဲ့လား
သို့သော်လည်း "ပြောရှာတယ်" ဆိုတာလေးနဲ့ မျက်ရည်မသိမ်းနိုင် ဖြစ်နေသေးတယ်
ပြောသံ နားထဲကတောင် မထွက်သေးဘူးလိုလို သမုဒယက အနိစ္စကိုတောင် နိစ္စလုပ်ပြစ်လိုက်သေးတယ်
အဲ့ဒီ မိစ္ဆာဒိဋ္ဌိနဲ့ မအေမိဘက အပါယ်များတောင် ဆင်းသွားလိုက်သေးတယ်
အဲ့ဒါ ဗဟုသုတ မရှိတဲ့ ပုဂ္ဂိုလ်တွေမို့တဲ့
ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေကျတော့ သစ္စာစိုက်စိုက် တွေးရတယ်
အမေကသားသမီး မကယ်နိုင်တာ ဇရာတွေပါလား
သား၏အိုမှုကို အမေမိဘက မတတ်နိုင်
အမေမိဘ၏ အိုမှုကို သားသမီးကမတတ်နိုင်တာ အမြဲဆုံးပါလား အမှန်ဆုံးပါလား လို့ တွေးကြစမ်းပါ
နာမှုကော သေမှုကော ဒီအတိုင်း တွေးကြစမ်းပါ

သစ္စာနဲ့တွေးတာ အမှန်ဆုံးပါပဲတဲ့
သမုဒယနဲ့တွေးတာ မျက်ရည်ကျပြီး အပါယ်ရောက်ဖို့ချည်းပဲတဲ့
ဘယ်သူ့ဘယ်သူမှ မကယ်နိုင်တဲ့ တရားသုံးခုက နဂိုက ပါလာကြတာပါလား
အမေမိဘကလည်း သူ့အိုလမ်း သူသွားနေတာ
သားသမီးကလည်း သူ့အိုလမ်း သူသွားနေတာ
ဒါကိုတွေးလိုက်တော့ သစ္စာစိုက်တယ်
အိုမှုက ဒုက္ခသစ္စာ
တွေးတာက မဂ္ဂသစ္စာ
ဒီလို အတွေးနဲ့ တွေးကြစမ်းပါဆိုတာ ဘုရားက တွေးနည်း သင်ပေးတယ်

တကယ်တမ်း စိတ်ဆန္ဒပြင်းပြလာလို့ သားကအမေကို ကယ်ချင်ပါတယ် အမေကသားကို ကယ်ချင်ပါတယ် သူ၏ အိုမှုနာမှုသေမှုကိုလည်း ကိုယ်မကြည့်နိုင်ဘူးဆိုရင် ကယ်နိုင်တဲ့တရားကို တစ်ယောက်နဲ့တစ်ယောက် အားပေးပြီး လုပ်ကြမယ်ဆိုရင် ကယ်နိုင်တဲ့နည်း ရှိပါသေးတယ်တဲ့
ဘာတုန်းလို့ဆိုရင်
အမေမိဘက သားသမီးများ မဂ္ဂင်ရှစ်ပါးအလုပ် လုပ်စမ်းကွာ ဝိပဿနာ လုပ်စမ်းကွာ
ဒီလိုတိုက်တွန်းရမယ်
ဒီလိုတိုက်တွန်းလို့ သားသမီးများမှာ ဝိပဿနာ အလုပ် အထမြောက်သွားပြီ ဆိုမှဖြင့် အဟောင်းအိုမှု နာမှု သေမှုတော့ မတားနိုင်ရှိဦးမပေါ့ဗျာ
အသစ် အိုမှု နာမှု သေမှု ရှိပါဦးမလား
တကယ်တမ်း သားသမီးများရဲ့ အကျိုးကိုလိုလားတယ် လောကွတ်မဟုတ်ဘူးဆိုရင် မဂ္ဂင်အလုပ် လုပ်ဖို့ တိုက်တွန်းပေးလိုက်စမ်းပါတဲ့

အမေမိဘကိုလည်း သားသမီးများက မအိုတာ မနာတာ မသေတာကို ကျွန်တော်တို့ဖြင့် မြင်ချင်တာပဲလို့ ပြောနေရုံနဲ့မပြီးဘူး
အမေအဖေတို့ မဂ္ဂင်ရှစ်ပါးအလုပ်လုပ်ပြီး မသေရာနိဗ္ဗာန်ရအောင် ကြိုးပမ်းစမ်းပါ လို့ တိုက်တွန်းစမ်းပါတဲ့
ဒါမှ ချစ်ရိုးခင်ရိုး ကြင်နာရိုး အမှန်တဲ့
ဒီတော့ ခင်ဗျားတို့ နှလုံးသွင်းထားတာနဲ့ ဘုရားပြောတဲ့ ကယ်နည်းက တခြားစီ ဖြစ်နေပြီ
ခင်ဗျားတို့ နှလုံးသွင်းတာက အဖေအမေ မေတ္တာပို့ရ သားလေးတွေ သမီးလေးတွေ မေတ္တာပို့ရနဲ့
ပို့ရင်းမတ်တပ်တဲ့ အိုနေတယ်
ပို့ရင်းမတ်တပ်တဲ့ နာနေတယ်
ပို့ရင်းမတ်တပ်တဲ့ သေခါနီး ဖြစ်သွားတယ်
အဲ့ဒါတွေ မဟုတ်ဘူးကွတဲ့
အဲ့ဒါ လောကွတ်သာသာပဲ ရှိတယ်
မလုပ်ကောင်းဘူးတော့ မဟုတ်ပါဘူး
အစစ် မရောက်သေးဘူး ပြောတာ

အဲ့ဒီတော့ သားသမီးတွေကို ခင်ပါတယ် ချစ်ပါတယ်ဆိုရင် ဘာလုပ်ရမလဲ
ဝိပဿနာ လုပ်ခိုင်းပေါ့ဗျာ
သားမယားများကလည်း ခင်ပွန်းသည်ကို ကြင်နာပါတယ် ယုယပါတယ် လောကွတ်စကား မသုံးဘဲနဲ့
အိုတာ နာတာ မကြည့်ချင်ပါဘူးဆိုရင် ဘာလုပ်ရမလဲ
ဝိပဿနာ လုပ်ဖို့ တိုက်တွန်းပေါ့ဗျာ
ဆိုင်ရာဆိုင်ရာ နှစ်ဦးစလုံး ကာကွယ်ပြီးသား ဖြစ်ရောပေါ့တဲ့
ငါဘုရား လေးဆယ့်ငါးဝါပတ်လုံး သားသမီးက အမေအဖေကယ်နိုင်တဲ့တရား
အဖေအမေက သားသမီးကို ကယ်နိုင်တဲ့တရား
ကိုယ့်ကိုယ်ကို ကယ်နိုင်တဲ့တရား
မဂ္ဂင်ရှစ်ပါး တရားကို ဟောခဲ့တယ်တဲ့

အမှန်တကယ် ချစ်ရိုးခင်ရိုး ကြင်နာရိုးမှန်ရင် မဂ္ဂင်အလုပ်လုပ်ဖို့ တိုက်တွန်းကြပါတဲ့
တချို့က အပြောလေးတွေနဲ့ သေရင် ရူးကျန်ခဲ့အောင် ပြောတတ်တယ်
ခင်ဗျားတို့က "ပြောရှာတယ်" "မှာရှာတယ်" ဆိုတာလေးနဲ့ တော်တော် ရူးကျန်ခဲ့တယ်

ဘုရားကတော့ အဖ သုဒ္ဓေါဒန မင်းကြီးကိုလည်း ဝိပဿနာ အလုပ်လုပ်ခိုင်းပြီး နိဗ္ဗာန်ပို့တာပဲ
မယ်တော်မိနတ်သားကိုလည်း တာဝတိံသာ သွားပြီး မအိုမသေတဲ့ မဂ္ဂင်အလုပ် လုပ်ခိုင်းတာပဲ

ကိုင်းဒါဖြင့် အလုပ်တရားကို ရှေ့ဆက်ဟောတော့မယ်
အလုပ်တရား ဆိုတာ မအိုမသေအမြဲနေမဲ့ နေရာကို သွားမဲ့ လမ်းပြတရား

ဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ဇေတဝန်ကျောင်း သတင်းသုံးနေတဲ့အချိန် ရှင်သာရိပုတ္တရာတို့ ရှင်အာနန္ဒာတို့ အနားမှာ ရှိတဲ့အချိန်နဲ့ ကြုံကြိုက်တယ်
အဲ့ဒီအချိန်မှာ ကျောင်းတကာဖြစ်တဲ့ အနာထပိဏ် သူဌေးကြီးက သေလောက်အောင်ဖြစ်တဲ့ အကြီးအကျယ် မမာမှုကြီးနဲ့ ကြုံတယ်
သူကသောတာပန် ပုဂ္ဂိုလ်ကြီး
အိုနာသေ ကိစ္စနဲ့ ဒီဘဝကြုံတယ်
ဒီအချိန် အနားမှာ သူတော်ကောင်း ရှိဖို့ အရေးကြီးတယ်လို့ သူ့စိတ်ထဲ အောက်မေ့တယ်
ဒါနဲ့ သူ့အနားရှိတဲ့ အစေခံတစ်ယောက်ကို ဘုရားကျောင်းတော်လွှတ်ပြီး လျှောက်စေတယ်
"အရှင်ဘုရားရဲ့ ကျောင်းတကာ အနာထပိဏ် သူဌေးကြီးဟာ ပြင်းစွာ ဝေဒနာ ခံစားနေရတယ်" လို့ လျှောက်ခဲ့
ပြီးရင် ရှင်သာရိပုတ္တရာ နေတဲ့ အခန်းကိုသွား
"အရှင်ဘုရား အနာထပိဏ် သူဌေးကြီး နေမကောင်းလို့ ခဏကြွခဲ့ပါ" လို့ လျှောက်ခဲ့
ဆိုပြီးခိုင်းတယ်
အစေခံက သွားလျှောက်တော့ ရှင်သာရိပုတ္တရာက "ရှင်နန္ဒာ မင်းပါလိုက်ခဲ့ အနာထပိဏ် သူဌေးကြီး အတော်မမာဘူးတဲ့ဟေ့" ဆိုပြီး နှစ်ပါးကြွလာတယ်
ရောက်တဲ့အခါ ထုံးစံအတိုင်း ဝေဒနာဘယ့်နှယ်နေလဲ ရှေ့တိုးသလား နောက်ဆုတ်သလား မေးရတာပေါ့
အနာထပိဏ်ကလည်း တပည့်တော် ဝေဒနာက ရှေ့သာတိုးတယ် နောက်မဆုတ်ဘူး ဘယ်လိုဘာညာ လျှောက်ပြောတာပေါ့

ရှင်သာရိပုတ္တရာက ဒီဝေဒနာတွေကို အဘိညာဏ်နဲ့ ကြည့်လိုက်တော့
သေမဲ့ဝေဒနာမှန်းသိတယ်
သေမဲ့ဝေဒနာကို တခြားအကြောင်း ဆေးအကြောင်းဝါးအကြောင်းတွေ ပြောနေလို့ အပိုပဲ
တရားနဲ့ ဆုံးမရင် အကောင်းဆုံးပဲ လို့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချတယ်
(တကာတကာမတွေ လူမမာနား သွားကြလာကြတယ်နော်
တရားအကြောင်း အကောင်းဆုံးပဲလို့ ဆုံးဖြတ်ချက်ချပါ)
ဒီအချိန်မှာ တခြားစကားတွေ ဇာတ်သိမ်းမှ တော်တော့မယ် တခြားစကားတွေနဲ့ သွားအားပေးလို့လည်း အပိုပါပဲ
အမယ် မနေ့ကနဲ့ ဒီနေ့ မတူဘူးဟေ့ ဒီနေ့ ပိုကောင်းလာတယ် စသည်ဖြင့် မြောက်လုံး ပင့်လုံးတွေနဲ့ သွားအားပေးပြီး ပြန်လာကြတာပါပဲ
မင်းစားရတာ အရသာရှိရဲ့လား
ကောင်းမှာပါကွာ မင်းလုပ်နိုင်ဦးမှာပါကွာ ဘာမှ ပူစရာမရှိပါဘူး စတဲ့ စကားတွေနဲ့ပဲ အချိန်ကုန်လာတာပါပဲ
ခု ရှင်သာရိပုတ္တရာက ကြည့်လိုက်တော့ နေရမဲ့အချိန် မရှိတော့ပါဘူး
ဒီပြင်စကားတွေ ပြောနေလို့လည်း အပိုပါပဲ
တရားစကားသာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်ချက်ချပြီး တရားအကြောင်းပဲ အမေးအမြန်း လုပ်နေတယ်
"တကာကြီး ကျုပ်ကျင့်ကြံစရာလေး တစ်ခု ပြောချင်တယ်ဗျာ"တဲ့
"ရူပက္ခန္ဓာကို မစွဲခဲ့ရင် နောက်ဝိညာဏ် မလာတော့ဘူး" တဲ့ ပဋိသန္ဓေ မလာတော့ဘူးလို့ပြောတာ
အခု ရူပက္ခန္ဓာကို မစွဲရင် နောက်ရူပက္ခန္ဓာ မရဘူး
အခု ဝေဒနက္ခန္ဓာကို မစွဲရင် နောက်ဝေဒနက္ခန္ဓာ မရဘူး
အခု သညက္ခန္ဓာကို မစွဲရင် နောက်သညက္ခန္ဓာ မရဘူး
အခု သင်္ခါရက္ခန္ဓာကို မစွဲရင် နောက်သင်္ခါရက္ခန္ဓာ မရဘူး
အခု ဝိညာဏက္ခန္ဓာကို မစွဲရင် နောက်ဝိညာဏက္ခန္ဓာ မရဘူး

တကာတကာမတို့
အခု ခန္ဓာငါးပါးကို မစွဲရင် နောက်ခန္ဓာငါးပါး မရဘူးလို့ ပြောတာ

ခန္ဓာဆက်ဆက်ပြီး ရလာတာ ဘာကြောင့်ပါလဲ လို့ တွေးကြည့်စမ်းပါ ဘာကြောင့်လဲဆိုရင်
လက်ရှိခန္ဓာ စွဲသွားလို့

သံသရာဆိုတာ ခန္ဓာဆက်တာကို ဆိုတာပါပဲ
ဆက်တဲ့ခန္ဓာဟာ ဒုက္ခသစ္စာ
ဆက်တဲ့ခန္ဓာ ဒုက္ခသစ္စာ ဘာလို့ရပါလိမ့်ဆိုရင်
လက်ရှိခန္ဓာ ဒုက္ခသစ္စာမသိလို့
အခုအသေ ဒုက္ခသစ္စာ မမြင်မှုကြောင့် နောက်အသေ ဒုက္ခသစ္စာ ရတာပဲ

ဒီခန္ဓာဒုက္ခသစ္စာ မစွဲလမ်းရင် နောက်ခန္ဓာ ဒုက္ခသစ္စာ မရဘူးလို့ ရှင်သာရိပုတ္တရာ ဟောတာ အလွန့်အလွန် မှတ်သားထိုက်ပါလား

သစ္စာမသိဘဲ သေတဲ့အသေဟာ နောက်ခန္ဓာ ဒုက္ခသစ္စာ ပြန်ရတာပါလား

ယခု ခန္ဓာ မစွဲလမ်းဘဲ သေခဲ့သော် နောက်ခန္ဓာ ပြန်မရတော့ဘူးလို့ မှတ်ပါ
အဲ့ဒီတော့ ဝိညာဏ်သော်လည်းကောင်း နာမ်ရုပ်သော်လည်းကောင်း သဠာယတန သော်လည်းကောင်း ဖဿသော်လည်းကောင်း ဝေဒနာ သော်လည်းကောင်း ရှုရလိမ့်မယ်
ဒါဘယ်သူ့ခန္ဓာစဉ်ကြီး ပါလိမ့်
ကိုယ့်ခန္ဓာကို ကိုယ် သစ္စာစိုက်အောင် ကြည့်ဖို့ပဲ
ကြိုက်ရာတစ်ခုခုကို မဂ္ဂင်ငါးပါးနဲ့ ရှုရမယ်

ဝေဒနာကို ရှုကြတာပေါ့ဗျာ
သုခ ဒုက္ခ ဥပေက္ခာ ဆိုပြီး ဝေဒနာ သုံးပါး မရှိဘူးလား
အဲ့ဒီတပါးပါးကို တကာတကာမတွေက ဝေဒနာ မစွဲလမ်းရဘူး
ဝေဒနာ မစွဲလမ်းရဘူး ဆိုတော့ ဝေဒနာ့နောက်က တဏှာ မလိုက်စေနဲ့
လိုက်ရင် ဝေဒနာနဲ့ တဏှာနဲ့ဆက် ဥပါဒါန်နဲ့ ဆက်တော့ ဒီလိုမဆက်စေနဲ့တဲ့
ဝေဒနာ့နောက်က မဂ်သွင်းတဲ့
ဝေဒနာနဲ့ ပတ်သက်တဲ့ နောက်ဝေဒနာ မပေါ်တော့ဘူး
ဝေဒနာကို မစွဲလမ်းရင် နောက်ဝေဒနာ မပေါ်တော့ဘူး
မစွဲလမ်းဆိုတာက လူမမာသွားပြီး မစွဲလမ်းနဲ့ ဆိုလို့ ဟိုက ဘာမှ နားမလည်ဘူး
ဟိုက သားနဲ့ မယားနဲ့ ပစ္စည်းနဲ့
မစွဲလမ်းနဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး
ဘာလုပ်လိုက်မှ မစွဲလမ်းမယ် ဆိုတာ သိပါ့မလား
အဲ့ဒီလို မဟောရဘူးတဲ့
အဲ့ဒီလို ဟောလိုက်တော့ လူမမာက ငါ့ကို သေခါနီးလို့ ဟောနေတယ်လို့ ထင်ပစ်လိုက်တယ်

ဒီလိုဟောရတယ်တဲ့
မင်း ဝေဒနာတွေ ရှိတယ်မလား
အဲ့ဒီ ဝေဒနာတွေကို ဖြစ်ပျက်ရှုကွာ
ရှုတော့ တဏှာ ဥပါဒါန်မလာတော့ဘူး
စွဲကော စွဲလမ်းသေးလား နောက်ဝေဒနက္ခန္ဓာတွေ မပေါ်တော့ဘူး
ဒီတော့ ရှင်းသွားတယ်

လူမမာနားသွားပြီး ဘာမှ "မစွဲလမ်းနဲ့ကွ
ဘုရား တရား သံဃာသာ စွဲလမ်းကွ
ဘုရားကြီး ရောက်ဖူးတယ်မလားကွ "
ဒါလောက် က ကုသိုလ် သာမညပဲ ဖြစ်သေးတယ်
"မင်း တရားတွေ ရတယ်မလား တရားတွေ ရွတ်နေပါလားကွ" ဒါလည်း ထိုက်တန်သလောက် ဟုတ်တော့ဟုတ်ပါရဲ့
သာမညပဲ
"သံဃာတွေ ဆွမ်းကျွေးဖူးတယ်မလား အဲ့ဒါတွေ အာရုံပြုကွ" ဒါလည်း သာမညပဲ ရှိသေးတယ်
ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိပဲ ရှိသေးတယ်
သမထပဲ ရှိနေတော့ အဖိုးတန်ပါပြီလို့ ဆိုလို့ရပါ့မလား
ဒီလို မလုပ်ကြပါနဲ့တဲ့
ကိုယ့်အတွက်မှာလည်း ကိုယ်ရှု
သားသမီးများ ဝေဒနာခံစားနေရတော့လည်း သူတို့အတွက် သူတို့ရှုဖို့ တိုက်တွန်းရမယ်
သူတို့ဝေဒနာ သူတို့ရှုတော့ သူတို့ခန္ဓာ သူတို့ဖြစ်ပျက်မြင်လာတော့ သူတို့ခန္ဓာ စွဲလမ်းပါ့မလား
စွဲလမ်းစရာ တဏှာ ဥပါဒါန် လာသေးရဲ့လား
မလာတော့ နောက်ခန္ဓာ ငါးပါးမလာတော့ဘူး
ဒုက္ခသစ္စာတွေ မလာတော့ မစွဲလမ်းလို့ ဒုက္ခချုပ်သွားတာ
မစွဲလမ်းတာ ဒီတိုင်း မစွဲလမ်းပါနဲ့ဆိုလို့ မစွဲလမ်းတာလား
ရှုပါဆိုလို့ ရှုတော့မှ မစွဲလမ်းတာလား
ဒါဖြင့် ဝေဒနာရှုခိုင်းတာ မှတ်မိပြီလား

ဝေဒနာရှုတော့ သညာ သင်္ခါရပါပြီးသား
သူနဲ့သဟဇာတဖြစ်တဲ့ ရုပ်တွေပါပြီးသား
ဒါကြောင့် ခန္ဓာငါးပါး ရှုရာရောက်တယ်
ဝေဒနာသာ ပေရှု
ဝေဒနာမစွဲနဲ့ဆိုတာကို ဝေဒနာရှုလို့ ယူလိုက်
ရှုတော့ တဏှာ ဥပါဒါန် ကမ္မဘဝတွေ မလာတော့ဘူး
ဒါ လက်ရှိခန္ဓာကို ဥပါဒါန်နဲ့ မစွဲလမ်းလို့ နောက်ခန္ဓာတွေ မရတော့တာ
ဒါ ဘုန်းကြီးက သေနည်းသင်တာပဲ
သေနည်းသင်စရာ လိုလို့လားဆို
ခွေးသေတော့ သေတတ်တာပေါ့
ကြက်သေတော့ သေတတ်တာပေါ့
ရဟန္တာဖြစ်တဲ့ သေနည်းတော့ မသေတတ်ဘူး
ဒါ့ကြောင့် သင်ရတာ

ကိုယ့်ဝေဒနာ ဖြစ်ပျက်ရှုပြီး သေရင်ဖြင့် နောက်က ဥပါဒါန်ချုပ်ပြီး ခန္ဓာသိမ်းပါတယ်
ခန္ဓာသိမ်းတော့ ဒုက္ခသစ္စာချုပ်ပါတယ်
စုတေပြီး ဘယ်များသွားသလဲ ဆို ဒုက္ခဆုံးသွားတယ်
နိဗ္ဗာန်
တသံသရာလုံး ဒုက္ခနဲ့ ခန္ဓာနဲ့ တွဲနေရာက ခွဲသွားတာကိုး
ဒုက္ခသိမှ နိရောဓ သိပါလား
ဒုက္ခမသိတဲ့ ပုဂ္ဂိုလ် နိရောဓ မသိပါလား

ရှင်သာရိပုတ္တရာက "တကာကြီး ဘယ်ဘုံဘယ်ဘဝမှလည်း မစွဲပါနဲ့"
ဥပါဒါန်က လာမှာစိုးလို့
အဲ့ဒီ ဘုံတွေကို အာရုဏ်ပြုမိလို့ရှိရင်လည်း အဲ့ဒီအာရုဏ်ပြုမိတဲ့ဘုံကို ဖြစ်ပျက်လုပ်ကြ
တာဝတိံသာ ယာမာ တုသိတာ စွဲမိရင်လည်း အဲ့ဒါ ဖြစ်ပျက် ရှုလိုက်
ရှုလိုက်တော့ ဟိုဘုံတွေက ဖြစ်ပျက် ရှုလိုက်တာ မဂ်
ဥပါဒါန် ချုပ်သွားရော
ဥပါဒါန်ချုပ်တော့ နောက်ခန္ဓာ မပေါ်တော့ဘူး
ဟိုဘုံစွဲလိုက်ရင် ဟိုဘုံရောက်မယ်
အဲ့ဒီ ဘုံဘဝ၏ ဒုက္ခသစ္စာ ခန္ဓာကြီးရမယ်
ဟိုဘုံ မစွဲလိုက်ရင် နိဗ္ဗာန်ရောက်မယ်

နောက်တစ်ခါ
"တကာကြီး ကြားဖူးတာလည်း မစွဲနဲ့နော်"
"တွေ့ဖူးတာလည်း မစွဲနဲ့၊ မြင်ဖူးတာလည်း မစွဲနဲ့၊ စားဖူးတာလည်း မစွဲနဲ့၊ နေဖူးထိုင်ဖူးတာလည်း မစွဲနဲ့" တဲ့ စွဲရင် ဥပါဒါန်က လာဦးမယ်
ကြားဖူး မြင်ဖူး စားဖူး နေဖူးတာတွေ ပေါ်လာရင် ဖြစ်ပျက်ရှု
နတ်ပြည် ကြားဖူးရင် ကြားဖူးတာကို ဖြစ်ပျက်ရှု
နတ်ပြည် မြင်ဖူးရင် မြင်ဖူးတာကို ဖြစ်ပျက်ရှု
အဲဒါတွေ ဖြစ်ပျက်ရှုပြီး နေပါလို့ ဟောလိုက်တော့ အလုံးစုံ ဖြစ်ပျက်ရှုပြီး နေပါလို့ အနာထပိဏ်သူဌေးကြီးက ရိပ်မိတယ်
ဒါနဲ့ အနာထပိဏ် သူဌေးကြီးက မျက်ရည်ကျတယ်
ရှင်အာနန္ဒာက နှုတ်ကလည်း ခပ်ဆော့ဆော့ ဆိုတော့ တကာကြီး သေရမှာ ကြောက်လို့လား လို့ သွားမေးတယ်
အရှင်ဘုရား တပည့်တော် သေရမှာ မကြောက်ပါဘူး
သူက သောတာပန်ကြီးပဲ သေရမှာ မကြောက်ပါဘူး
တပည့်တော်ဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးနဲ့ နှစ်ပေါင်း အစိတ်သုံးဆယ် နေခဲ့ပါတယ် ဒီတရားမျိုးကို မနာခဲ့ရဘူးတဲ့
အလုံးစုံ ပေါ်ရာ ဖြစ်ပျက်ရှု ဆိုတဲ့တရား မနာခဲ့ရဘူးတဲ့
မနာဖူးလို့ မျက်ရည်ကျတာပါဘုရားတဲ့
အခုချက်ချင်း နိဗ္ဗာန်ရောက်မဲ့တရားကို နာရလို့ မျက်ရည်ကျတာပါတဲ့
သုံးဆယ့်တစ်ဘုံ ဘယ်မှ မသွားဘူးဆိုတော့ ကုန်နေပြီ နိဗ္ဗာန်ပဲ ကျန်တော့တယ်
တပည့်တော်က နေ့တိုင်း တစ်နေ့ သုံးခေါက် ဇေတဝန်ကျောင်းတော် ရောက်ပြီး ဒီတရားမျိုးကို မနာရဘူးတဲ့
ဒါနခန်း သီလခန်းတွေပဲ နာဖူးခဲ့တယ်တဲ့
ဒါဖြင့် သူ သောတာပန် ဘာနဲ့တည်လာသတုန်းလို့ မေးဖို့ မလိုဘူးလား
သောတာပန်တည်လာတာကတော့ တစ်ခုကောင်းနဲ့ တည်လာတာ
အခုက ရဟန္တာဖြစ်အောင် ဟောတဲ့ ရှင်သာရိပုတ္တရာ တရားဖြစ်နေတယ်

"လူဆိုတာ သားရေး သမီးရေး စီးပွားရေး အရမ်းအရေးကြီးတယ်
ဘယ်ဟာမဆို ဖြစ်ပျက်ရှုရမယ်ဆိုရင် သူတို့နားဝင်ပါ့မလား
အဲ့ဒါကြောင့် သူတို့နဲ့ တန်ရုံလေး ဟောရပါတယ်" လို့ ရှင်သာရိပုတ္တရာက ပြန်ဖြေလိုက်တယ်

အနာထပိဏ်သူဌေးက "အရှင်ဘုရား ဟောတာ မှန်ပါတယ်တဲ့ ဒါပေမဲ့ အကုန်မှန်တယ်လို့ တပည့်တော်မထင်ဘူး" တဲ့
"လောကကြီးထဲမှာ လူသုံးမျိုး ရှိတယ်ဘုရား
ကိလေသာ ထုထူတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်
ကိလေသာ အလတ်စား ထူနေတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်
ဉာဏ်ပေါ်မှာ ကိလေသာ ပါးပါးလေး ဖုံးနေတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်
အဲ့ဒီ ပါးပါးလေး ဖုံးနေတဲ့ ပုဂ္ဂိုလ်ကို ဒါဟောရင် ရဟန္တာ ဖြစ်တယ်
အဲ့ဒီလို ပါးပါးလေး ဖုံးနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဒါ ဟောသင့်တယ်
ဒီလို ပါးပါးလေး အုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် အရှင်ဘုရားတို့ ဒီလိုမှ မဟောရင် အုပ်လျှက်နဲ့ သေသွားတော့မယ်
တပည့်တော်ကတော့ သေရမယ့် ပုဂ္ဂိုလ် မထူးပါဘူး နာလည်းနာနေပြီ အရှင်ဘုရားတို့ ဟောရစ်ပါ" ဆိုပြီး မှာတယ်
အဲဒါကြောင့် ဘုန်းကြီးလည်း တကာတကာမတွေကို ပေပြီး ဟောနေတာ
တစ်နေ့ထက်တစ်နေ့တော့ ပိုပြီး ပါးရမယ်
အခု ခင်ဗျားတို့နာရတာ ရိပ်မိပြီလား
အနာထပိဏ်သူဌေးကြီးရဲ့ ကျေးဇူးမကင်းဘူး
ဝိပဿနာ မရှုဖြစ်လို့ ခန္ဓာဆက်ကြီးပြန်ရရင် ဒီ ကိလေသာ အပါးစားပုဂ္ဂိုလ်က အထူကြီး ပြန်ရသွားမှာ
ဒီပုဂ္ဂိုလ်ဟာ ကျွတ်ရေးလွတ်ရေး ပိုမိုပြီး ကွာဝေးသွားမှာ
ဗြဟ္မာ့ပြည်ကနေဆင်းပြီး ဝက်ဖြစ်သွားတဲ့ ဝတ္ထုမှာဆို ဗြဟ္မပြည်မှာ ကိလေသာ အတော်ပါးနေပြီ ဝက်ဖြစ်သွားတော့ ဘယ်နှယ်နေလဲ
ဒါကြောင့် အနာထပိဏ်သူဌေးကြီး ပြောတာ မမှားဘူးဗျ
ဒါကြောင့် ဒီတရားဟာ နားမလည်လည်း နာ
နားလည်လည်း နာ
ကိလေသာပါးတာပဲ
ကိလေသာ ပါးပြီးသားပုဂ္ဂိုလ်က နိဗ္ဗာန်ချက်ချင်းရောက်မှာပဲ
အရမ်းကျေးဇူးများတယ်
သုံးဆယ့်တစ်ဘုံ ဘယ်ဟာမှ မစွဲနဲ့ဆိုတာ သေချာဟောတာ
လက်ရှိခန္ဓာမစွဲနဲ့
လက်မဲ့ခန္ဓာ မစွဲနဲ့
ဘုံဘဝတွေကို မစွဲနဲ့
စားဖူးသောက်ဖူး နေဖူးထိုင်ဖူးတာတွေလည်း မစွဲနဲ့
ခင်ဖူးမင်ဖူးတာတွေလည်း မစွဲနဲ့
ဥပါဒါန်သာချုပ်ရင် ကံချုပ်လို့ ဇာတိ ဇရာ မရဏ ချုပ်မယ်
မသေချာဘူးလား

နောက် သူတုသိတာ သွားလိမ့်ဦးမယ်
တုသိတာရောက်တော့ ဘုရားဆီ သွားပြီး သူရတဲ့တရားတွေကို လောကမှာ ဘယ်ဟာသာ အားကိုးရာရှိတယ်ဆိုတာ လာဟောဦးမယ်ဗျ
ကဲ ဒီနေ့ ဒီတင်တော်ကြစို့ ......
အရှင်သြဘာသ မှ မေတ္တာဖြစ်မျှဝေပါသည်။

image
@gla

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60915.52
ETH 3364.88
USDT 1.00
SBD 2.48