ကာကွယ်ခြင်း
ကာကွယ်ခြင်း
လူဟူ၍ဖြစ်လာလျှင် ကိုယ့်စည်းကမ်းကမ်းနှင့်ကိုယ်ရှိရသလို အခြားသူတစ်ပါးစည်းကမ်းများကိုလည်း လေးစား လိုက်နာရန် လိုအပ်သည်။ သို့မှသာ ကိုယ်လည်း အကျိုးရှိ၊ သူလည်း အကျိုးများနိုင်သည်။ လူ့စည်း ဘီလူးစည်း ဆိုသည့် စကားရှိပါသည်။ သူ့စည်းနှင့်သူ နေထိုင်နိုင်ခြင်းကသာ ဘဝမှာ အေးချမ်းသာယာနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စည်းဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးသားဖြစ်နေသလို သူတစ်ပါးကိုလည်း အကာအကွယ်ပေးပြီးသား ဖြစ်နေတတ်သောကြောင့်ပင်။
လူတိုင်းပြည့်ဝကြသည်မဟုတ်ပေ။ ကိုယ့်အိမ်နီးချင်းကောင်းနှင့် ရေရှည်ပေါင်းလိုလျှင် ခြံစည်ရိုးကို ဦးစွာကောင်း အောင် လုပ်ထားနိုင်ရမည်။ ခြံစည်းရိုးကောင်းလျှင် အငြင်းမပွား၊ အနှောင့်အယှက်ပေးရာမရောက်၊ နားလည်မှု လွဲမှားခြင်းများမဖြစ်နိုင်ပေ။ ထို့ကြောင့် ခြံစည်းရိုးကို ကောင်းအောင်ဦးစွာ ပြုပြင်တည်ဆောက်ထားသင့်သည်။
ခြံစည်းရိုးကောင်းကောင်း တောင့်တောင့်ခိုင်ခိုင် တည်ဆောက်လိုက်ခြင်းသည် မိမိအိမ်နှင့် မိသားစုကို ကာကွယ် လိုက်ခြင်းသာမက ကိုယ့်အိမ်နီးချင်းကိုပါ အကာအကွယ်ပေးပြီးသားဖြစ်သွားသည်။ ခြံစည်းရိုးခတ်လိုက်ခြင်း သည် ကိုယ့်ကို လာစော်ကားခြင်းခွင့်မပြု၊ ခြံစည်းရိုးထဲ ဝင်ရောက်လိုပါလျှင် ခြံထဲကသူများကို မစော်ကားရ၊ ငြိမ်းချမ်းစွာ ပြောဆိုဆွေးနွေးလိုမှ ဝင်ရောက်ပါဆိုသည့် သတ်မှတ်ချက်တစ်ခုခုကို ဖော်ဆောင်ပြီးသားလည်း ဖြစ်သွားသည်။ ထို့ပြင် ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် လုံခြုံမှုကိုပါ ခံစားလိုက်ရသည်။
သူ့အပေါ် လိမ်လည်လှည့်ဖြားခြင်း မပြုပါဆိုသည့်စိတ်ဓာတ်သည် ခြံစည်းရိုးတစ်ထပ် ကိုယ့်ကိုယ်ကိုယ် ကာလိုက် ခြင်းဖြစ်သည်။ ကိုယ်လည်းငြိမ်းချမ်းသွားသလို အကြောက်အလန့်တရားလည်း ကင်းသွားသည်။ လူသားဆို သည်မှာ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးနေထိုင်ကြရသူများဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် လည်း ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထည့်စဉ်းစားနိုင်ရသည်။ ကိုယ့်သိက္ခာကိုယ်လုံအောင် တည်ဆောက်နိုင်သူသည် ငြိမ်းချမ်းသည်။ ကိုယ့်လိပ်ပြာကိုယ်လုံနိုင်အောင် စောင့်ထိန်းနိုင်သူသည် တည်ငြိမ် အေးချမ်းပြီး အားလုံးနှင့် သဟဇာတဖြစ်ပေလိမ့်မည်။
ရောဘတ် ဖရော့စ်ဆိုသည့် ကဗျာဆရာကြီးက “နံရံကို ပြင်ဆင်ခြင်း”ဆိုသည့် ကဗျာတစ်ပုဒ် ရေးသွားဖူးပါသည်။ ကိုယ်ကလည်းကောင်းအောင်နေ၊ ကိုယ့်ပတ်ဝန်းကျင်ကလည်း ကောင်းသူတွေဖြစ်နေလျှင် “နံရံ” ဆိုသည်မှာ မလိုပါ။ ထိုသူများကြားတွင် နံရံခြားလိုက်လျှင်လည်း အလကားဖြစ်သွားနိုင်ပါသည်။ ကမ္ဘာဦးက လူများသည် နံရံ ခြားစရာမလို၊ သူလိုကိုယ်လို ဘဝမျိုးဖြင့် တည်ဆောက်နေထိုင်ခဲ့ကြသည်။ လူသားတို့ဘဝ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ပိုင်ဆိုင်မှုတွေကို ထူထောင်ကြသည်။ ယုံကြည်မှုတွေကို သီးခြားတည်ဆောက်လိုက်ကြသည်။ ဘာသာတရားတွေကို ကွဲပြားအောင် ခွဲခြားလိုက်ကြသည်။ ကွဲပြားမှု၊ ခွဲခြားမှုများက လူသားတို့အကြားတွင် နံရံလို စည်းရိုးကြီးကို ကာခြားလိုက်သည်။
ဗုဒ္ဓဘာသာတွင် “သီလ” ဆိုသည့် စကားလုံးရှိပါသည်။ သီလဆိုသည်မှာ စိတ်ကို လေ့ကျင့်ခြင်း စိတ်ကို ယဉ်ပါး အောင်ဆောက်တည်ခြင်း၊ ထိန်းချုပ်ခြင်းဆိုသည့် အဓိပ္ပာယ်ဆောင်သည်။ ဘာသာတရားဖြင့် စိတ်ကို တည်ဆောက်နိုင်ပါသည်။ စိတ်ကို ငြိမ်းချမ်းစေရန် ပြုပြင်နိုင်ပါသည်။ အကြမ်းဖက်ခြင်း၊ ဒေါသထွက်ခြင်း၊ သူ့အသက်သတ်ခြင်း စသည့်သဘောတရားများကို မည်သည့် ဘာသာတရားကမှ လက်သင့်မခံကြပေ။ လူ့ဘောင်ကလက်ခံသည့် သဘောတရားစည်းမျဉ်းများ၊ ဘာသာတရားက ချမှတ်ထားသည့် စည်းမျဉ်များကို ချိုးဖောက်သူသည် အပြစ်တစ်ခုခုကို ကျူးလွန်လိုက်သလို ခံစားကြရမည်သာဖြစ်သည်။
“ငရဲ” ဆိုသည့် သဘော တရားကို ဘာသာတရားများက လက်ခံကြသည်။ ငရဲမရှိဟုပြောသော်လည်း ငရဲကိုကြောက်သူများစွာရှိသည်။ လောကငရဲကို မရှိဟု မည်သူမျှ မပြောရဲပေ။ လက်ငင်းခံစားရနိုင်သည့် ငရဲများကို ကြောက်ရွံ့သောကြောင့်သာ လူတိုင်း သီလဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ကာကြသည်။ သီလသည် အကောင်းဆုံး ခြံစည်းရိုးကြီး တစ်ခုဖြစ်သည်။
ဗုဒ္ဓဘာသာဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်လိုက်သူတိုင်းသည် သီလရှိသူများ၊ စင်ကြယ်မြင့်မြတ်အောင် နေထိုင် သူများဟု အလိုလိုမှတ်ယူလေ့ရှိကြသည်။ ဗုဒ္ဓ၏ အဆုံးအမများကို တိကျစွာလိုက်နာ၊ ကျင့်ကြံ၊ နေထိုင်နိုင်သူ များသည်သာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နိုင်ပါလိမ့်မည်။ ဗုဒ္ဓတရားများက လူသားကို မြင့်မြတ်သူများ ဖြစ်စေရန် ကာပေးထားသည်။ သို့သော် မရိုးသားသူများ၊ လိုက်နာအားထုတ်မှုမရှိဘဲ ဗုဒ္ဓဘာသာဟု ကြွေးကြော် နေသူများမှာ ခြံစည်းရိုးကိုချိုးပြီး ထင်းအဖြစ်ခိုးကာ မီးစိုက်နေသူများသာဖြစ်ပေလိမ့်မည်။
ဘာသာတရား တံတိုင်းကြီးကို ခိုင်မာအောင်တည်ဆောက်ပြီး အထဲတွင် ပိတ်လှောင်ကာ အပြင်ကို ခေါင်းပြူပြီး မကြည့်သူများကို ဗုဒ္ဓက အားမပေးပါ။ ကိုယ့်ဘာသာကိုလည်းလေးစား၊ အခြားသူတစ်ပါး ယုံကြည်မှုအားလည်း စော်ကားဖျက်ဆီးခြင်းမပြုသည်မှာ ဗုဒ္ဓ၏ မြင့်မြတ်သော ကိုယ်ကျင့်တရားပင်ဖြစ်သည်။
ငါ့ကို ယုံကြည်လော့၊ ငါ့ကို မယုံကြည်သော သူများကို တိုက်ခိုက်ဖျက်ဆီးလော့ဟု ဗုဒ္ဓသည် မည်သည့်အခါကမျှ ကြွေးကြော် စည်းရုံးခြင်း မပြုပေ။ သီလဖြင့် လုံခြုံအောင်နေနိုင်သူတိုင်းကို ဗုဒ္ဓသည် ချီးကျူးတော်မူသည်။ သူ့အသက်မသတ်၊ သူဥစ္စာမခိုး၊ သူ့သားမယား မစော်ကား၊ သူတစ်ပါးကို မလိမ် မလှည့်ဖြား၊ အရက်သေစာမသောက်စား အနည်းဆုံး သီလငါးပါးဖြင့် ကိုယ့်တံတိုင်းကို ကိုယ်လုံအောင်ဦးစွာခတ်ထားနိုင်သူသည် လောကတွင်မြင့်မြတ်သူများ ဖြစ်ပေ လိမ့်မည်ဟု ဗုဒ္ဓက သီလငါးပါး၊ တံတိုင်းငါးထပ်ကို ဆောက်တည်နိုင်စေရန် လမ်းညွှန်တော်မူခဲ့သည်။
စစ်မှန်သော ပျော်ရွှင်ခြင်းဆိုသည်မှာ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်းမဟုတ်၊ တန်ခိုးအာဏာ ပြည့်ဝလွန်ကဲခြင်း လည်းမဟုတ်။ ကျော်စော်မှု၊ အချွေအရံများမှု၊ ပညာဉာဏ်မြင့်မားမှုများကြောင့်လည်း မဟုတ်ပေ။ ယင်းတို့သည် ထာဝရတည်တံ့ခြင်းမရှိနိုင်သည့် တဒင်္ဂဘဝများဖြစ်သည်။ ပိုင်ဆိုင်ခြင်းများက ပိုင်ဆိုင်သူကို လောဘ၊ ဒေါသ၊ မောဟတရားများ ဖုံးလွှမ်းစေသည်။ အလိုဆန္ဒဆိုသည်မှာ လေးကိုင်းက ပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းသာ ဖြစ်သည်။ ပစ်လိုက်ပြီးလျှင် ပြန်ဖမ်း၍မရ။ ပစ်မှတ်ကို ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ မြား၏လားရာအတိုင်း လိုက်နေရတော့မည်ဖြစ်သည်။ ပစ်မှတ်ကို ထိလိုက်သော်လည်း စိတ်မချမ်းသာ၊ ပစ်မှတ်ကို လွဲချော်ပြန်လျှင်လည်း စိတ်ပျက် ဘဝတွင် အလိုမပြည့်ခြင်းများဖြင့်သာ မြားတွေကို တစ်ချောင်းပြီးတစ်ချောင်း မနားတမ်း ပစ်လွှတ် နေကြတော့သည်။
အောင်မြင်ခြင်းဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟများကြောင့် မရနိုင်ပေ။ ပဋိပက္ခဖြင့်လည်း အောင်မြင်မှုကို မရနိုင်ပေ။ အောင်မြင်မှုကို ရယူလိုသူတို့သည် အတ္တကိုလျှော့ရသည်။ သီလကို လုံအောင်ထိန်းသိမ်းနိုင်ရသည်။ ငြိမ်းချမ်းမှုဖြင့် နှလုံးသားကိုတံတိုင်းခတ်ထားသူများသာ လောကကို အောင်နိုင်သူများဖြစ်သည်။
(ဓမ္မမီးအိမ်)
#တင်ညွန့်
photo ; facebook