ခါးခါး​ကော်​ဖီ​သောက်

in #esteem8 years ago

ကိုယ့်သမီးနဲ့ ပတ်သက်ပြီး အချို့ကပြောကြတယ်။
မွေးစားထားမှန်းသိသွားရင် စိတ်ဒါဏ်ရာရမှာပေါ့
စွန့်ပစ်ခံရတဲ့ ကလေးမှန်းသိရင် ဝမ်းနည်းသွားမှာပေါ့
စသဖြင့်ပေါ့။
ဒါတွေနဲ့ ပတ်သက်ပြီး ကိုယ်နဲ့ ကိုယ့်သမီးကြားက Relationship ကို ပြောပြချင်တယ်။

ပထမဆုံးအနေနဲ့ ဓါတ်ပုံတင်တဲ့ ကိစ္စပါ။
သမီးက ဒီနေ့မှာ နှစ်လနဲ့၁၉ရက်ပဲ ရှိသေးတဲ့ ကလေးသေးသေးလေးပါ။
ပုံထဲမှာကျ အနီးကပ်မို့ ခပ်ကြီးကြီးလေး ဖြစ်နေတာ။
ဆိုလိုတာက သမီးဟာ ရုပ်အမှန်မဟုတ်သေးတဲ့ ဓါတ်ပုံတင်ရင်တင်လို့ရသေးတဲ့ အရွယ်လေးပါ။

နောက်တစ်ခုက စကတည်းက ကျွန်မက မွေးစားထားတယ်ဆိုတာထက် တာဝန်ယူထားတဲ့ သဘောပါ။
ကိုစိုးထိုက်နဲ့ အသေအချာ တိုင်ပင်ထားပါတယ်။
ကျွန်မအနေနဲ့ ကျွန်မရဲ့ ဘဝအခြေအနေအရ သူတစ်ပါးရဲ့ ကလေးတစ်ယောက်ကို မပြောနဲ့
ကျွန်မရဲ့ ကလေးအရင်းမွေးဖို့တောင် အချိန်မပေးနိုင်တဲ့ အခြေအနေပါ။
ကျွန်မမှာ ဘဝအတွက် ရည်ရွယ်ချက်တစ်ခုရှိပါတယ်။
အခု အသက်၂၆နှစ်ပါ.... ၁၀နှစ်အလုပ်လုပ်ပါမယ်။
အသက်၃၆ကျရင် နေ့တိုင်းအလုပ်လုပ်စရာမလိုတဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်။

ကျွန်မ ဒီကလေးလေးနဲ့ ပတ်သက်ပြီး သူ့ဘဝလေးကို
ကောင်းကောင်းမွန်မွန်ရင်အုပ်မကွာ စောင့်ရှောက်နိုင်တဲ့လူရှိရင် ပေးလိုက်ပါ။
မွေးမယ့်သူ မရှိရင်တော့ သူ့အတွက် တာဝန်ယူပါတယ်လို့။ (ဘာလို့လဲဆိုတော့ အများစုက အယူသီးကြပါတယ်။ သင်္ချိုင်းမှာ စွန့်ခံရတဲ့ကလေးဆိုပြီး မွေးစားဖို့ အခက်အခဲ အခြားကလေးတွေထက် ရှိနိုင်လို့ပါ)
ကျွန်မ လုပ်ပေးနိုင်တဲ့အပိုင်းကတော့ ကလေးနဲ့ပတ်သက်ပြီး ကျန်းမာရေး ပညာရေး အစစအရာရာ ကျွန်မတတ်နိုင်တာထက် ပိုစေရမယ်။
အရွယ်ရောက်လာလို့ သူ့ဘဝမှာ မိဘမဲ့ဆိုတာထက် မေမေလို့ ခေါ်စရာ အားကိုးစရာ ခိုနားစရာ ရှိရမယ်။
သူ့ကိုနှိမ်မယ့် စိတ်ဒါဏ်ရာရနိုင်တဲ့ အရာအားလုံးကို ကျွန်မတိုက်ခိုက်မှာပဲ။
သူများအနိုင်ကျင့်တာ မခံစေရဘူး။
သူဘာဖြစ်ချင်လဲ ဘာဝါသနာပါလဲ
အဲ့ဒါပေါ်မူတည်ပြီး သင့်တော်သလောက်ထိန်းကျောင်းပြီး သူ့တစ်ဘဝလုံး ခိုင်လုံတဲ့ ထမင်းစားလက်မှတ်လေး ရသွားစေချင်တယ်။
သူ့ခြေထောက်ပေါ် သူရပ်နိုင်စေရမယ်။
သူ့အသိစိတ်နဲ့သူ ရဲရင့်နိုင်ရမယ်။
ဒါ ကျွန်မလုပ်ပေးနိုင်တာအကုန်ပဲ။

ကျွန်မ ချေးဝတ်သေးဝတ်မလဲတတ်ဘူး။
ကလေးငိုရင် ဘာလို့ငိုလဲ ကျွန်မမသိဘူး။
ကလေးနို့မတိုက်တတ်ဘူး။ နင်ရင် ဘာလုပ်ရမယ် ကျွန်မ မသိဘူး။ ဘယ်လိုအိပ်အောင်သိပ်ရလဲ ကျွန်မ မသိဘူး။ ကလေးနဲ့ ပတ်သက်ရင် ကျွန်မမသိတာတွေ အများကြီးပဲ။
ဒီကလေးဟာ သုံးပေါင်ကိုးအောင်စနဲ့ မွေးလာတဲ့ ကလေးပါ။
သူ့ကျန်းမာရေးအတွက် ကျွန်မလို ဘာမှမသိတဲ့လူလက်ထဲထက် ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့ လက်ထဲမှာ ပိုစိတ်ချရပါတယ်။
နည်းနည်းလေး အရွယ်ရောက်လာတဲ့အထိတော့ ကျွန်မအနေနဲ့ အဝေးကပဲ စောင့်ရှောက်နိုင်မယ်။

နောက်တစ်ခုက မိဘမဲ့ကလေးဆိုတာ သင်္ချိုင်းမှာ စွန့်ခံရတဲ့ကလေးဆိုတာ ဖုံးကွယ်ထားရမယ်ဆိုတာ ကျွန်မ လက်မခံဘူး။
သူက ဘာအမှားတွေလုပ်မိလို့ သူ့ကို ဖုံးကွယ်ထားတဲ့ ဘဝအတုကြီးတစ်ခု ပေးရမှာလဲ။
သူ့မမှားတဲ့ အရာတွေအတွက် သူက ဘာလို့ရှက်ရမှာလဲ။ ရှက်တယ်ဆိုတာ မှားတဲ့လူတွေအတွက် သီးသန့်ပါ။ ကျွန်မ သမီးအတွက် မဟုတ်ဘူး။
အဲလို ရဲရင့်မှုမျိုး သူ့ရင်ထဲကို ကျွန်မထည့်ပေးနိုင်မယ် ယုံကြည်တယ်။
အဲ့လိုအသိမျိုးဆိုတာ အရွယ်ရောက်မှ ရှိလာနိုင်မှာ။
ဟုတ်ပြီ.... အရွယ်မရောက်သေးခင်မှာရော သူ့ကိုစိတ်ဒါဏ်ရာမပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ ထားမယ်။

မိဘမဲ့ကလေးတွေ အများကြီးပါ။
ကျွန်မသမီးက မိဘမဲ့ကလေးမဟုတ်ဘူး။
မိဘရှိတယ်... ကျွန်မပဲ။
မွေးမယ့်သူမရှိတဲ့ မိဘမဲ့ကလေး ထောင်သောင်းပေါင်းများစွာမှာ မိဘရှိတဲ့ ကျွန်မသမီးက မိဘမဲ့ဖူးရုံနဲ့ အားငယ်ရမှာလား။
သိပ်မြန်မာကားဆန်လွန်းတယ်။
ကလေးကို မိဘမဲ့ဆိုတာဖုံးကွယ်ထား
တစ်ချိန်ကျမှ မိဘအရင်းတွေပေါ်လာ ... သိသွား
မဟုတ်ဘူး... မဟုတ်ဘူးဆိုပြီး မျက်ရည်တွေနှပ်ချေးတွေ ပေလူးပြီး ငိုပြရတာတွေက သိပ်ပြီး အပိုစာသားတွေများလွန်းပြီး ရုပ်ရှင်ဆန်လွန်းတယ် မထင်မိဘူးလား။

ကျွန်မ သမီးအနေနဲ့ ကျွန်မအပေါ် ဘာတာဝန်မှမရှိဘူး။
ကျေးဇူးဆိုတာက အပေးအယူသိပ်ဆန်လွန်းပါတယ်။
ကျွန်မကလည်း သူ့အပေါ်မှာ ကျွန်မတတ်နိုင်တာလေးတွေပဲ လုပ်ပေးခဲ့မှာ။
ကျွန်မ မတတ်နိုင်တာတွေအတွက် သိပ်ပြီးမြင်းမိုရ်ဆန်မယ့် မိန်းမမဟုတ်ဘူး။
ကျွန်မအနေနဲ့ လူဖြစ်တုန်းအချိန်မှာ လူသားတစ်ယောက်အတွက် လူပီသလိုက်တဲ့သဘော။
မိဘမဲ့ကလေးတွေအများကြီးထဲမှာမှ ကျွန်မရှေ့နားကျလာတဲ့ ကြယ်ငါးလေးကို ကောက်လိုက်တဲ့သဘော။
ဒီလောက်ပါပဲ...

ဒီ့အတွက် ကျွန်မဟာ အရမ်းမြင့်မြတ်သူကြီး မဖြစ်သလို
သူလေးအနေနဲ့လည်း ကျွန်မအပေါ်မှာ ဘာကျေးဇူးခံကျေးဇူးစားမှ မရှိဘူး။
ကျွန်မအပေါ်မှာ သူ့အတွက် ဘာတာဝန်မှ ရှိစရာမလိုဘူး။ ဘယ်အရာနဲ့မှ ချည်နှောင်မှာလည်း မဟုတ်ဘူး။
ဒါ ကျွန်မအထားနိုင်ဆုံးသော လူတစ်ယောက်က လူတစ်ယောက်အပေါ် အပေးနိုင်ဆုံးသော မေတ္တာတရားပါပပဲ။

ဒီလောက်ဆို နားလည်ကြမယ်ထင်ပါတယ်။
အချို့အထင်ကြီးထားသလောက် မမြင့်မြတ်နိုင်တာအတွက်တော့ ဆောရီးပါ။

ဒါပါပဲ။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/M-GIFs-Fun-420424681634243/?ref=page_internal

Coin Marketplace

STEEM 0.05
TRX 0.29
JST 0.042
BTC 67608.07
ETH 1952.11
USDT 1.00
SBD 0.38