ချင်းမျက်မှန်

in #esteem6 years ago

image

ချင်းမျက်မှန်

ပြောချင်သေးတယ် ဟိုးတစ်ချိန်က အဘတစ်ပါး မျက်မှန်သွားလှူတဲ့အကြောင်း

“ဒါလင်ရေ လှူချင်လိုက်တာ … ဘာလှူရမှန်းမသိ”

“အေးကွယ် ထီးတင်ရတာ ရိုးနေပြီ တစ်ခုခု အဆန်းထွင်ဦးမှ”

“ဒီလို လုပ်ရအောင် ဒါလင်ရေ ရွာပြန်ပြီး မျက်မှန်လှူရအောင်”

“ဘာမျက်မှန်လဲကွ”

“စာကြည့်မျက်မှန်လေ။ စာကြည့်တိုက်ဆောက်တဲ့သူက ဆောက်ပေးပြီးပြီ။ မျက်မှန်မရှိတော့ စာဘယ်လို ဖတ်မလဲနော်”

“အေး ဟုတ်သား။ တို့များ ရွာပြန်ပြီး မျက်မှန်လှူကြတာပေါ့”

အဘ ရွာပြန်ပြီး မျက်မှန်လှူမယ်ဆိုတဲ့သတင်းက ချက်ချင်းကြီးကို မျက်နှာဖုံးသတင်းဖြစ်သွားတယ်။ အမြင် လှူရခြင်းကြောင့် ရရှိနိုင်သော အကျိုးများဆိုပြီးတော့ ဖားရေးဆရာတွေက ဝိုင်းရေးတယ်။ အဘနှင့် အစ်မ ရွာပြန်မယ့်ရက်ကို ဗီဒီယိုရိုက်မယ့်ကားကတစ်စီး၊ သတင်းမီဒီယာတွေအတွက်က ကားတစ်စီး စီစဉ်ပေးထား တယ်။

“ဟေ့ကောင်တွေနော် ည ၈ နာရီသတင်းအမီ ရိုက်ကြ”

“မင်းတို့ မီဒီယာတွေနော် မနက်ဖြန် မျက်နှာဖုံး သတင်းဖြစ်ပါစေ”

ဒီလိုနဲ့ အဘနဲ့ အစ်မ မျက်မှန်လှူပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပမယ့်နေ့ရောက်လာတယ်။ ရွာအဝင်ကတည်းက စည်တော်နဲ့ ကြိုတယ်။

“အောင်ပါစေ … ဟေ … ဟေ … အောင်ကြပါစေ သပြေညိုရေကိုလောင်း သြောင်း … သြောင်း … ဟောင်း … ဟောင်း”

မြို့က ဗျောစည်တော်အဖွဲ့မှာ နာမည်အကြီးဆုံးကို ငှားပြီးတော့ကြိုကြတာ။

အဘနဲ့ အစ်မက ကားပေါ်က ရွရွလေးဆင်းလာ။ ရွာသားတွေကို လက်ပြနှုတ်ဆက်။ အဘက

“ဟေ့ ကြီးညိုတို့ … ရွှေခင်တို့ မတွေ့ပါလား”

“မညိုလှတစ်ယောက်ရော”

“ဟဲ့ မဲဇလီချောင်က အကြော်တဲလေး ရှိသေးလား။ ပဲကြော်လေးများ စားချင်သား”

အဘက သူ့သူငယ်ချင်းဆိုတာတွေကိုနှုတ်ဆက်။ မြို့ကနေ ရုပ်ဖျက်ပြီး ခေါ်လာတဲ့ ကားတစ်စီးတိုက် နေ့စားတွေက

“သက်တော်ရာကျော် ရှည်စေသော်” လို့ ဝိုင်းအော်တယ်

သင်ထားတဲ့ ခေါင်းပေါင်းကြီးနဲ့ အဘိုးကြီးပုံစံပေါက်နေတဲ့ တစ်ယောက်က

“အမယ်မင်း … ဘုန်းကံကြီးတဲ့ သူများ တွေ့ရခဲလိုက်တာ … တိုင်းပြည်ကို ဆက်လက်စိုးမိုး အုပ်ချုပ်တော်မူပါ။ ကျုပ်တို့ တောသူတောင်သားတွေကို ပစ်မထားပါနဲ့” လို့ တုန်တုန်ရီရီ လုပ်ပြောနေတာကို အဘက သဘော တွေကျ

“အဘိုး အသက် ဘယ်လောက်ရှိပြီလဲ”

“၁၀၀ ပြည့်တော့မယ်”

“ဟေ့ … ဟောဒီ အဘိုးကို ငွေ တစ်သောင်း ကန်တော့လိုက်စမ်း”

အနားက ပါလာတဲ့ ခရိုနီသူဌေးက ပိုက်ဆံအိတ်ကိုဖွင့်ပြီး ပေးလိုက်တော့

“သာဓုပါ” တဲ့

ဒီလိုနဲ့ ဘုန်းကြီးကျောင်းထဲက တန်းလျားမှာ အဘိုးအဘွား ၂၀ လောက် တန်းစီ ထိုင်နေကြတယ်။ ဓာတ်စက်ကအော်ပြီ

“နိုင်ငံတော် …. ကနေ မျက်စိနှစ်ကွင်း အလင်းဆောင်ပွဲ မကြာခင် ကျင်းပတော့မှာမို့ နေရာ ယူပေးကြပါခင်ဗျား” တဲ့

ကြွလာပါပြီ

အဘနဲ့ အစ်မကို လင်ဗန်းကိုင်ထားတဲ့ ရွာသူလေးတွေက ဝန်းရံလိုက်တယ်။ အဘကိုတစ်ယောက်။ မမကို တစ်ယောက်

အဘက အရှေ့ဘက်ထိပ်ကနေ မျက်မှန်တွေကို အဘိုးအဘွားတွေကို လိုက်တပ်ပေး။ မမကလည်း အနောက် ဘက်ကနေ အဘိုးအဘွားတွေကို မျက်မှန်လိုက်တပ်ပေး
နေ့စားအပေါင်း သူတော်ကောင်းတွေက လက်ခုပ်တွေ ဝိုင်းတီးပေး

အို … ဗီဒီယိုတွေရိုက်၊ ဓာတ်ပုံတွေရိုက် တဖြတ်ဖြတ် … တဖြောက်ဖြောက်။

ကိုင်း အဘနဲ့ မမက မျက်မှန်တွေတော့ တပ်ပေးပြီးပြီ။ ဓာတ်စက်ကထအော်

“နိုင်ငံတော်က … ကလှူဒါန်းသည့် မျက်မှန်များဖြင့် မည်မျှစွမ်းဆောင်နိုင်ကြောင်း အဘိုးသူတော်က စာထဖတ်ပြီး ကျေးဇူးတင်ကြောင်း ပြောကြားပေးပါမယ့်ခင်ဗျား”

“ဖြောင်း … ဖြောင်း … ဖြောင်း”

image

အဘိုးသူတော်က မျက်မှန်ကိုပင့်လိုက်ပြီး လက်ထဲ ကိုင်ထားတဲ့ စာရွက်ကိုဖြန့်လိုက်တယ်။ သူ့ဘေးနားမှာ ဆရာလေးက မိုက်ခရိုဖုန်းကို ကိုင်ထားပေးတယ်

“အဘိုး ဖတ်တော့လေ”

“အေး …”

“ဖတ်လေ အဘိုးရဲ့”

“အဟမ်း”

“ဖတ်လေ”

“ဟာ … မင်းအမေလခွမ်းတဲ့မှ ငါ့ဘာသာငါ မျက်မှန်မပါဘဲ မြင်နေရတဲ့ဟာ မင်းတို့အမေ့လင်က မျက်မှန်လာတပ်လိုက်မှ သောက်ကျိုးကို နည်းတော့တာ။ နင့်အမေကလွှား ဘာမှ မမြင်ရဘူးဟ” တဲ့

မျက်မှန်ဆိုတာ လူတိုင်းကောက်တတ်လိုက်ရင် ရတယ်လို့ ထင်နေသူတွေဟာ

အဘလား

အစ်မလား

ရွာသားလား

နောက်တော်ပါးတွေလား

ဘာပြောပြော မျက်မှန်ရောင်းတဲ့ အပ္ပနားကတော့ တစ်လက် ၁၀၀၀ တန်ကို ၁၀၀၀၀ နဲ့ ချင်းထည့်ခွင့်ရနေလို့ ပျော်နေတာ။

တင်ညွန့်

photo : facebook
image

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26