လူငယ်တစ်ယောက်၏ စကားသံ
“ကယ်ပေါက်”
အားလုံး၏ မျက်လုံး အစုံပေါင်းများစွာက သူ့ထံ စုပြုံကျရောက်နေသည်။သူ၏ ခေါင်းကို ငုံ့ထားသဖြင့် မျက်နှာ အနေအထားကို မမြင်နိုင်သော်လည်း ပုခုံးအစုံ လှူပ်ခတ်နေသည်ကငိုကြွေးနေခြင်းဟု မှန်းဆရသည်။ လူအများကြီး ရှိနေသော ရုံးခန်းမှာ တဒင်္ဂ တိတ်ဆိတ် နေသလိုလို။ခံစားချက်မျိုးစုံက လူအများ၏ မျက်ဝန်းထဲတွင် တွေ့မြင်နေရသည်။ သို့သော် တင်းမာ ခက်ထန်လွန်းနေသည့် မျက်နှာတစ်ခုက အထင်အရှား သီးခြားပေါ်လွင်နေ၏။
သူ၏ခေါင်းကို ငုံ့ထားရင်း လက်နှစ်ဖက်က စွပ်ကျယ် ဖြူညစ်ညစ်၏ အောက်အနားကို ဆွဲချေမွနေသည်။ ရုံးခန်း၏ အောက်ကြမ်းခင်းကို ကြည့်နေသော သူ့မျက်ဝန်းတွင် မျက်ရည်ကြည်များ ဝိုင်းစို့နေ၍ မှုန်ဝေဝါးနေ၏။ ဆက်လက် မထိန်းချုပ်နိုင်တော့သလို ရှိုက်သံတစ်ချက် အင့် ခနဲထွက်သွားပြီး
“ကျွန်…တော် လုပြေးတာမယ်…မယ်..မဟုတ်ပါဘူး၊ သူ့ခြင်းတောင်းထဲ ……”
ဗလုံးဗထွေး အသံများအဆုံး ကြမ်းပြင်ပေါ် ခွေညွတ်ကျသွားသော အသံကြောင့် လူအများ သက်ဝင်လှုပ်ရှား လာကြပြီး ဆူဆူညံညံဖြင့် ရုံးခန်းလေးမှာ အနည်းငယ် ဝရုန်းသုံးကား ဖြစ်သွားလေတော့၏။
အညာနွေ၏ ပူလောင်အိုက်စပ်သော ညချမ်းကို လူးလူးလွန့်လွန့် ကုန်လွန်စေပြီးနောက် နံနက်စောစော၏ အေးမြမှုအရသာကို ခံစားရင်း အိပ်ယာထဲ၌ ဆက်မှိန်းကောင်းနေသည်။ သူ၏ မျက်လုံးကိုမှိတ်ထားသော်လည်း အတွေးများက ဝေ့ဝဲနေပြန်၏။မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖြင့် ဖွင့်ကြည့်ခိုက် ထရံပေါက်မှ တိုးဝင်လာသော နေရောင်တန်းကြောင့် မျက်စိကို အမြန်ပြန် မှိတ် လိုက်ရ၏။ ကျိန်းစပ်စပ်မျက်လုံးကို အသာပွတ်ရင်း နံဘေးကို လှမ်းကြည့် လိုက်မိပြန်သည်။ ဘေးတစောင်း ခပ်ခွေခွေလေး အိပ်မောကျနေရှာသည့် သူ့ညီလေးကို မြင်တော့ သက်ပြင်းချလိုက်မိ၏။ သူ့အမေ၏ အရိပ်အယောင်ကို မမြင်တော့။ မြစ်ဆိပ်သို့ ဆင်းသွားလောက်ချေပြီ။ သူထအထိုင်လိုက် လှုပ်ခါသွားသော ၀ါးကြမ်းခင်းကြောင့် သူ့ညီလေးက တစ်ချက်လွန့်သွား၏။ ခြေကို အသာဖော့နင်းပြီး အိမ်ရှေ့ရေအိုးတွင် မျက်နှာ သစ်လိုက်သည်။ရေအိုးဘေးမှ ဆားပန်းကန်ကို ယူလိုက်ပြီး သွားတိုက်နေရင်း တစ်စုံတစ်ခုကို သတိရသဖြင့် အမြန် လက်စသတ်လိုက်၏။ ပုဆိုးကို ဖြေလျှော့လိုက်၍ အပေါ်အနားဖြင့် မျက်နှာသုတ် လိုက်သည်။အိမ်အနောက်ဖေးတွင် သူ့အဖွားက တံမြက်စည်း လှည်းနေရင်း သူ့ကို လှမ်းကြည့်နေ၏။
“အဖွားရေစားစရာ ဘာရှိလဲဗျ၊ ကျွန်တော် ဒီနေ့ မောင်စိုး တို့နဲ့ သွားစရာ ရှိတယ်။ စားပြီးရင် သွားမယ်နော်”
သူ့ အဖွားက တံမြက်စည်းကို အိမ်နံရံတွင် ထောင်ထားခဲ့ပြီး သူ့ဆီလျှောက်လာသည်။ပြီးနောက် သူ၏ခေါင်းကို ညင်သာစွာပွတ်ရင်း
“အေးအေး ငါ့မြေး၊ မင်းအမေ ကောက်ညှင်းပေါင်း ဝယ်ထားခဲ့တယ်၊ ဒါနဲ့ နေပါဦးကွယ်၊ငါ့မြေးက မောင်စိုးတို့နဲ့ ဘာပတ်သက်စရာရှိလို့တုံး အဲ့ဒီကလေးတွေက အကျင့်တန် ပါတယ်ကွယ်၊သူရို့က လစ်ရင်လစ်သလို ဟိုဟာဆွဲ ဒီဟာယူနဲ့၊ သူရို့နဲ့ ပေါင်းလို့ ငါ့မြေးပါ လူအထင်သေးကြမှာပေါ့၊ကျောင်းပိတ်ရက်လေး အိမ်မှာကပ်ပါလား မြေးလေးရဲ့”
“ အဖွားကလည်း၊ သားအကြောင်း မသိတာ ကျနေတာပဲ၊ သားက သူတို့နဲ့ အလုပ်တစ်ခု လုပ်စရာရှိလို့ဗျ၊မဟုတ်တာ ဘယ်တော့မှ မလုပ်ပါဘူး အဖွားရဲ့ မနေ့က မောင်စိုးတို့ အဖွဲ့ထဲက ဖိုးအောင် သားကိုလာပြောတယ်၊ သူတို့ ကန်ပတ်လမ်းထိပ်က ရေနံရုံးဘေး ဝင်းထရံနားမှာ သံပိုက် အဟောင်းကြီး တွေ့ထားတာကို ဖော်ကြမှာတဲ့။ လမ်းဘေးကဟာ ဆိုတော့ အဖွားကလည်း ဘယ်သူမှ မပိုင်ပါဘူး၊ ပြီးတော့မြေကြီးအောက်ထဲ ရောက်နေတာ ကြာကြာလှပေါ့၊ သားတို့ ဖော်လိုက်တော့ အလကား မဖြစ်တော့ဘူးလေ၊အသုံးတောင် ဝင်သွားပါသေးတယ် အဖွားရယ်။ ပြီးတော့ သူတို့က ဒီနေ့ မနက်ပိုင်းတင် အပြီးဖော်ချင်လို့သားကို ခေါ်တာ၊ မုန့်ဖိုးရတာပေါ့ဗျ အဖွား ကလည်း..”
ကောက်ညှင်းပေါင်း အလုံးကို ပလုပ်ပလောင်း ဝါးစားနေသော သူ့ကိုကြည့်ရင်း သူ့အဖွားက သက်ပြင်း တစ်ချက်ချ လိုက်၏။
“အေးပါ ငါ့မြေးရယ်၊ အကြာကြီးတော့ မနေနဲ့နော်၊ မင်းအမေ ပြန်မရောက်ခင် ရောက်အောင်ပြန်လာခဲ့၊တခြားလည်း မသွားနဲ့နော်…အင်း မင်းအမေသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး”
သူက သူ့အဖွား၏ပါးကို ရွတ်ခနဲ တစ်ချက်နမ်းပြီး အပြေးတပိုင်း ထွက်လာခဲ့တော့၏။
သူတို့ ချိန်းထားသော ဆုံရပ်အရောက် လူကစုံနေပြီ။ မောင်စိုး၊ ဖိုးအောင်နှင့် သူတို့ရပ်ကွက်ထဲမှတခြား နှစ်ယောက်၊ သူနှင့် ပေါင်း ငါးယောက်သား စကားတပြောပြောနှင့် ကန်ပတ်လမ်းဆီ ထွက်လာခဲ့ကြ၏။
“ဖိုးအောင်ရာ မင်းခေါ်လာတဲ့ မောင်ကျောင်းသားက အလုပ်ဖြစ်ပါ့မလားကွာ၊ အေး ခုကတည်းက ပြောထားမယ်နော်၊ တို့နဲ့ တန်းတူ မလုပ်နိုင်ရင် ငါက တစ်ပြားမှမပေးဘူး၊ မင်း မကျေနပ်ရင်အခု ပြန်လို့ရသေးတယ်”
သူ့ဘက်လှည့် ပြောလာသော မောင်စိုး စကားကြောင့် သူ့ရင်ထဲ ဖျဉ်းခနဲ ဖြစ်သွားသည်။သို့သော် သူ့အတွေးထဲတွင် တစောင်းလေးအိပ်နေသော သူ့ညီလေး ပုံသွင်နှင့် အမေနှင့်အဖွားတို့ တီးတိုးပြောနေကြသော စကားသံများက ဖျတ်ခနဲရောက်လာသဖြင့် စိတ်ကို ထိန်းရင်း…
“အေးပါကွာ၊ မင်းတို့တောင် လုပ်နိုင်ရင်ငါလည်း လုပ်နိုင်ရမှာပေါ့၊ စောင့်ကြည့်ပါကွာ၊ မင်းပြောသလို မလုပ်နိုင်ရင် ငါတစ်ပြားမှမယူဘူး”
“အေး ပြီးတာပဲ၊ ကဲကဲမြန်မြန်လျှောက်ကြကွာ နေနည်းနည်း မြင့်သွားရင် လုပ်လို့ မကောင်းဘူး”
မောင်စိုးက လောဆော်ရင်း သွက်သွက်သွားနှင့်သည်။ သူတို့လည်း ခြေလှမ်းကိုမြှင့် လိုက်ပြီး ကန်ပတ်လမ်း အတွင်း ချိုးဝင်လာခဲ့ကြ၏။စိမ်းပုတ်ပုတ် ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် အနံ့ဆိုးဆိုးလေညှင်းက သူတို့ ကိုဆီးကြိုနေသည်။သစ်ပင်ရိပ်များက ပတ်လမ်းကို နေပြောက်မထိုးအောင် ရစ်ခြုံထား၏။ လူသွားလူလာ ပြတ်သော လမ်းတစ်လျောက်ကလည်း တိတ်ဆိတ်ငြိမ်သက် လွန်းလှသည်။
ကန်နှင့်မျက်နှာချင်းဆိုင်လူနေအိမ်များမရှိဘဲ ရုံးဝိုင်းကြီးများ၏ နောက်ကျော ဝင်းထရံကြီးများကသာ ကာဆီးထားသည်။သူတို့နေသော ရပ်ကွက်နှင့် မလှမ်းမကမ်းမို့ နေရာက သိပ်မစိမ်း။ ရှေ့မှ သွားနေသော မောင်စိုးက ရေနံရုံးဝင်းကြီး၏ နောက်ကျော ဆူးခြုံကြီးတစ်ခု ရှေ့အရောက်တွင် ရပ်လိုက်ပြီး
“တို့ ဒီခြုံအောက်မှာ တူးရမှာကွ၊ ငါတွေ့ထားတာ မကြာသေးဘူး။ သံပိုက်ကြီးက နည်းနည်းရှည်တော့ တို့လူညီမှ ဖြစ်မှာ၊ရပြီးရင်တော့ အလေးချိန်က မနည်းလောက်ဘူး၊ မင်းတို့ လူညီရင် ခဏနဲ့ ရမှာ။ အောက်ကမြေက နုံးမြေတွေ..တူးလို့လွယ်တယ်။ ခက်တာက ဒီဆူးခြုံကြီးထဲတော့ တိုးမှ ရလိမ့်မယ်မောင်၊ ဒါကြီးခုတ်နေရရင်လည်းငါတို့ တစ်ပတ်ကြာတောင် ပြီးမှာ မဟုတ်ဘူးကွ၊ ဒီတော့ ငါပြောမယ်ကွာ မင်းတို့ လူကောင်သေးတဲ့နှစ်ကောင် ရှေ့က အရင်လမ်းထွင်ပြီးတိုး၊ တို့က နောက်ကနေ မြေယက်ပြီး လမ်းဖော်ပေးမယ်။ဒီတော့ ဟိုကောင် ကျောင်းသားနဲ့ ဖိုးအောင်က အရင်ဝင်ကြကွာ၊ ကဲကဲ စကြစို့ဟေ့”
မောင်စိုးက သူ့လွယ်အိတ်ထဲမှ ဓားမတို နှစ်ချောင်းကို သူတို့အားထုတ်ပေးပြီး ခြုံဝင်သာမည့် နေရာကိုဝိုင်းဆြွဲဖဲ ပေးကြ၏။ လူတစ်ကိုယ်သာ မရှိတရှိ အပေါက်ပေါ်လာသောအခါ သူတစ်ချက် လှမ်းကြည့်လိုက်၏။ ထိုးထိုးထောင်ထောင် ဆူးချွန်ချွန်များက ကြက်သီးထစဖွယ် စောင့်ကြိုနေ သလိုလို၊အောက်ခြေတွင်လည်း အနေ့နေ့ အရက်ရက်က စွန့်ပစ်ထားသော အမှိုက်များက ပရပွ။ မတတ်နိုင် မခံချင်စိတ်နှင့်ပိုက်ဆံရချင်စိတ်က တွန်းပို့နေသဖြင့် ပုဆိုးကို ခါးတောင်းကြိုက် လိုက်ပြီး ရှေ့မှ စွတ်ဝင်သွားလိုက်တော့၏။ဖိုးအောင်ကလည်း သူ့နောက်မှ ထပ်ချပ်မကွာ။
လူတစ်ကိုယ်စာ အပေါက်မှတိုးတိုးချင်း မလွတ်တလွတ် နောက်ကျောကို ဆူးတစ်ချက်က ဗျစ်ခနဲခြစ်မိသွား၏။ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကြောင့် အားတင်းပြီး ဒူးထောက်တိုးလိုက်ရ၏။ အောက်ခြေမညီမညာ ကျောက်ဗြုတ်ကြမ်းကြောင့် ဒူးခေါင်းကလည်း နာလာသည်။ သို့သော် အပေါ်ကဆူးထက် ဒူးကသက်သာ ပေလိမ့်မည်စိတ်ကူးပြီး ရှေ့သို့သာ ဝပ်တိုးလိုက်တော့၏။ တော်သေးသည်။ သိပ်ဝေးဝေး မဝင်လိုက်ရ။ မောင်စိုးတွေ့ထားသည့် သံပိုက်အဟောင်းကြီး၏ အစွန်းကို မြင်နေရသဖြင့် အားတက်သွားသည်။
သံပိုက်အဟောင်းကြီးက ထိပ်ဝ လေးလက်မခန့် ရှိလိမ့်မည်။ မြေကြီးပေါ် တစ်ပိုင်းတစ်စ ပေါ်နေသည်ကိုက သုံးပေကျော်ခန့် ရှိ၏။ သူတို့နှစ်ယောက်လည်း ဓားမတိုကိုယ်စီနှင့် ပိုက်ကြီးအခြေတစ်လျှောက်တူးဆွရင်း လိုက်နေခဲ့သည်။ ကံကောင်းသည်ပြောရမည်။ ပိုက်ကြီးက အောက်ထိ သိပ်မမြုပ်။ အပေါ်ယံ နှုန်းမြေပွပွမို့ တူးရသည်မှာ အနည်းငယ်တော့ သက်သာ၏ ။ သို့သော် အမှိုက် အညစ်အကြေးများကြောင့် တစ်ချက်တစ်ချက် ပျို့ချင်ချင်။ အဆိုးဆုံးက ခွေးချေးများ။ စူးစူးဝါးဝါး နံစော်နေသေးသည်။စိတ်ကိုတင်းရင်း အားစိုက် လုပ်နေလိုက်၏။ အမေ့စကားသံနှင့် ညီလေးပုံကို တွေးမိတိုင်း အံကြိတ်တူးနေမိသည်။ မောင်စိုးတို့ကတော့ အစောက ကူညီ၍ ခြုံရှင်းပေးနေသော်လည်း ခုတော့ အသံမကြားရ။
အတန်ကြာကြာ ပိုက်ကြီးတစ်လျှောက် တူးခြစ်ရင်း ခြောက်ပေခန့် အရောက် ပိုက်က အဆုံး သတ်သွားသည်။ သူနှင့် ဖိုးအောင်လည်း လက်စသတ်တူးလိုက်ပြီး ခြုံပြင် တိုးထွက်ခဲ့ကြ၏။
“ဟေ့..ပိုက်ကြီး အဆုံးထိတော့ ဘေးတွေ အကုန် တူးပြီးသွားပြီ၊ မင်းလာကြည့်လိုက်ဦး”
သူ့အော်သံကြောင့် သစ်ပင်အရိပ်တွင် ထိုင်ပြီး ရေခဲချောင်းကိုယ်စီ စုပ်နေကြသော မောင်စိုးတို့ သုံးရောက် သူတို့ဆီ ပြေးလာကြသည်။ မောင်စိုးကသူ စုပ်လက်စ ရေခဲချောင်းကို ဖိုးအောင်ဆီ ထိုးပေးလိုက်ရင်း
“ ရော့ မင်းတို့ ဒါစုပ်ပြီး ခဏနားလိုက်ဦး၊ ငါ ဝင်ကြည့်ပြီး ရလောက်ရင် ကြိုးနဲ့ချည်ပြီး ဝိုင်းဆွဲကြမယ်…ဟေ့ကောင် ငါ့လွယ်အိတ်ထဲက ကြိုးယူပေး”
တစ်ယောက်က လှမ်းပေးသောကြိုးကို ယူပြီးမောင်စိုး အထဲ ဝင်သွားသည်။ သူလည်း ဖိုးအောင် လှမ်းပေးသော ကုန်လုကုန်ခင် ရေခဲချောင်းလေးကို စုပ်လိုက်ရသဖြင့် ရေငတ်ပြေ၊ အမောပြေသွား သလိုလို။
“ကဲဟေ့..မင်းတို့ အားလုံးဝိုင်းဆွဲကြတော့ ၊ ငါ အထဲက တွန်းပေးမယ်”
သူတို့လည်း ကြိုးကိုအားလုံး တစ်ပြိုင်တည်း ဝိုင်းဆွဲကြ၏။ ပထမပိုင်း တုတ်တုတ်မှမလှုပ်။ မောင်စိုး၏ ညာသံပေး အော်သံကြောင့်သာ ဆွဲနေရသည်။ စိတ်ဓာတ်က ကျချင်ချင်။ နောက်တစ်ချီ မောင်စိုး၏ ညာသံအတိုင်းဆွဲ လိုက်ကြ၏။အနည်းလှုပ်ပြီး တစ်ပေခန့်ပါလာသည်။ အားတက်ပြီး ဝိုင်းအဆွဲ တဖြည်းဖြည်း ပိုက်ကြီးက ခြုံအပြင် ပါလာသည်။
မောင်စိုးလည်း အပြင်ရောက်လာပြီ။သူတို့လည်း ခြေပစ်လက်ပစ် ထိုင်ရင်း ပိုက်ကြီးကြည့် ပျော်နေသဖြင့် လက်မှ အပေါက်အပြဲများကိုပင်သတိမရတော့။ လက်တွေ ဒူးတွေ နောက်ကျောပါ ပေါက်ပြဲနေသော်လည်း သူပျော်နေမိ၏။ အားလုံးဝိုင်းထမ်းပြီး သံရည်ကြိုစက်ဆီ ဦးတည်လိုက် ကြသည်။ အချိန်ကတော့ သိပ်နေမမြင့်သေး၊ ဆယ်နာရီခွဲခန့်တော့ ရှိပေလိမ့်မည်။
နေအပူကိုပင် သတိမပြုနိုင်တော့။ခြေလှမ်းသွက်သွက်ဖြင့် သူလျှောက်ပြန်လာခဲ့သည်။ လက်ထဲမှ ငါးရာတန်တစ်ရွက်နှင့် နှစ်ရာတန်လေး နှစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း သူ့ခြေလှမ်းများက ပေါ့ပါး သွက်လက်နေ၏။ မြစ်ဆိပ်တာဘောင်အတိုင်း ပြန်လာနေရင်း ရှေ့မှ ဈေးကလေးကိုပင် မြင်နေရပြီ။ သုတ်ခြေတင်လိုက်ပြီး ဈေးအတွင်း အမောတကောဝင်လာခဲ့၏။ ဆယ့်တစ်နာရီ ထိုးလုလု အချိန်ဖြစ်သဖြင့် ဈေးကွဲစပြုနေပေပြီ။ သူလည်း ဆိုင်ခန်းများကြားမှ တိုးဝှေ့လာရင်း ရှေ့ဆီမျှော်ကြည့်မိသည်။ အမဲသားသည် ဘာဘာကို မြင်လိုက်တော့မှ သူ သက်ပြင်း ချလိုက်နိုင်တော့၏။ဘာဘာက ဆိုင်သိမ်းနေရင်း သူ့ကို လှမ်းမေးငေါ့ပြ၏။ သူ့ရှေ့ခုံတွင် အမဲသား အတိုအစပုံ တစ်ပုံကိုတွေ့လိုက်ရသည်။ ဘေးမှ နီရဲနေသော အသားမြောင်းကြီးကို သူမမြင်၊ စိတ်လည်း စိတ်မဝင်စား။
“ဘာဘာ…ကျွန်တော့်ကို အမဲသားအစ ငါးရာဖိုးပေး”
သူ့စကားအဆုံး ဘာဘာက ဆိုင်သိမ်းနေရင်း သူ့ကိုမကြည့်ဘဲ
“ကောင်လေး…နင့်အမေ အရင်ယူထားတဲ့ အကြွေးတွေလည်း မဆပ်သေးဘဲနဲ့ ငါ ထပ်မပေးတော့ဘူး၊သွားတော့”
“မဟုတ်ပါဘူးဗျာ၊ ဒီမှာ ပိုက်ဆံပါ ပါတယ် အခုပေးမှာပါ၊ ရော့ဗျာ”
သူက လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ပိုက်ဆံများထဲမှ ငါးရာတန် ကို ခုံပေါ်တင်ပေးလိုက်သည်။ ထိုစဉ်
“ဘာဘာ..ရေ၊ ဒီနေ့ နောက်ကျနေတာ၊ အလုပ်က ရှုပ်နေလို့ မလာတော့ဘူးနေနေတာ၊နင့်ဆီ မှာထားတာရှိလို့ လာခဲ့ရတာ၊ ဝူး…ပူလိုက်တာဟယ်”
နောက်မှ အသံကြောင့် သူလှည့်ကြည့်လိုက်မိသည်။ သနပ်ခါးနံ့၊ မိတ်ကပ် ရေမွှေးနံ့ ပြင်းပြင်းကို အနံ့ အရင်ရနေ၏။ ရွှေလက်ကောက် တစ်တောင်လောက်နှင့် မိန်းမဝဝ ကြီးတစ်ယောက် ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်လျက် သူ့ဘေး ဝင်လာရပ်သည်ကို တွေ့နေရသည်။ ဘာဘာကလည်း သိမ်းလက်စများကို အောက်ချရင်း
“အော်..အစ်မကြီး ကျွန်တော်ကမလာတော့ဘူးတောင် ထင်နေတာ၊ အစ်မ မှာထားတာတော့ ရှိပါသေးတယ်၊ အသားက ကောင်းမှကောင်း ရဲစိုနေတာပဲ၊တစ်ခြားသူ ယူမှာစိုးလို့ ဖွက်တောင်ထားရတာ”
“အေးပါဟယ်..ကျေးဇူးပါ၊ကဲ ချိန်လိုက် ချိန်လိုက်၊ အရှိအတိုင်း ယူရုံပေါ့”
သူတို့နှစ်ယောက် အပြန်အလှန်ပြောဆိုနေသည်ကို သူက စိတ်မှတ်မဲ့ ငေးနေမိသည်။ သူတို့ပြောဆို ချိန်တွယ်နေသည်ကို စိတ်ကမရောက်၊အိမ်တွင် ကျန်နေသည့် သူ့ညီလေးမျက်နှာသာ ပေါ်နေသည်။ ထိုစဉ်သူတို့ ပြောစကားအသံ တစ်ခုကြောင့်ဖျတ်ခနဲ ဖြစ်သွားရ၏။
“ဟယ်..ဘာဘာ ရေ၊ ဟိုအပုံလေးပါထည့်လိုက်ဦး၊ ငါ့အိမ်ကအကောင်တွေက ဒါပါမလာရင် ဗြောင်းဆန်ကြတော့မှာ၊ ဒီကောင်တွေက ခုမှခြောက်လရှိသေးတာကို အစားက ပက်စက်တယ်၊ တစ်ရက် သုံးခါကြွေးရတာ အသားကောင်းနဲ့ဆို ဘယ်ခံနိုင်လိမ့်မတုံး”
“ ဟုတ် အစ်မကြီးရေ၊ အကုန်ထည့်ပေးလိုက်မယ်၊အဲ့ဒါအတွက်က ခုနှစ်ရာပဲ ယူလိုက်မယ်နော်၊ အသားက သုံးထောင့်ရှစ်ရာနဲ့ အစ်မကြီး ပေါင်းလေးထောင့်ငါးရာ ပေးပါ”
ပိုက်ဆံလှမ်းပေးပြီး အသားထုပ်ကို ခြင်းတောင်းထဲ ထည့်၊ အစထုပ်ကို လက်ကဆွဲ၍ ထွက်သွားတော့မည့် မိန်းမကြီးကို သူလှမ်းအော်လိုက်မိသည်။
“ဟိုး..နေပါဦးဗျာ၊ ဘာဘာ..လုပ်ပါဦးဗျ၊ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ”
သူ့အသံကြောင့် လှမ်းခါစ ခြေလှမ်းကိုရပ်မလို ဖြစ်နေသော မိန်းမကြီးက စုတ်တီးစုတ်ပြတ် ဖြစ်နေသော သူ့ကို တစ်ချက်လှမ်းအကြည့်
“အစ်မကြီး သွားပါ၊ ဘာမှ မဟုတ်ပါဘူး အားနာတာအစ်မကြီးကို၊ ရတယ် သွားသွား၊ ဘာမှမဟုတ်ပါဘူး အစ်မရဲ့”
မိန်းမကြီးကလည်း သူ့အိပက်အိပက်ခန္ဓာကိုယ်ကြီးကို သယ်ရင်း ထွက်သွားသည်။ ဘာဘာ ကလည်း ဘာမှမပြောတော့ဘဲ သူ့ဆိုင် သိမ်းစရာ ရှိသည်များကိုသိမ်းနေ၏။ ခံစားချက်မျိုးစုံကြောင့် သူ့ရင်မှာ ဗလောင်ဆူလာသည်။ ဘာဘာကို ကြည့်လိုက်၊ မိန်းမကြီးလက်ထဲမှ အထုပ်ကို ကြည့်လိုက်နှင့် သူ့မျက်စိထဲ ပြာဝေလာသည်။ အမြင်အာရုံများက ရှုပ်ထွေးပြီးသူ့ရင် တဒိန်းဒိန်း အခုန်မြန်လာသည်။ ဆာလောင်နေသော ဝမ်းဗိုက်က ပူလောင်လာသလို သူ့ညီလေး၏မျက်နှာနှင့် မိန်းမကြီးလက်ထဲမှ အထုပ်တို့က တလှည့်စီ မြင်ယောင်နေ၏။ ဖျတ်ခနဲ ပြေးထွက်သွားပြီးသူ ဘာလုပ်မိမှန်းမသိတော့။ ဈေးထဲ တဝုန်းဝုန်း ဆူညံသွားပြီး မိန်မကြီးအော်သံ၊ လူအများ ပြေးလွှားသံများအကြား သူဘာလုပ်မိမှန်းပင် မသိတော့ပေ။ ဆတ်ခနဲ နောက်ကျောမှ စွတ်ကျယ်စကို ကိုင်ဆွဲခံလိုက်ရသဖြင့် သူ့လည်ပင်း အောင့်သွားပြီး ယက်ကန်ယက်ကန် ဖြစ်သွား၏။ သူ အသိ ဝင်ချိန်တွင်မတော့ ဈေးရုံးထဲမှလူအများရှေ့တွင် သူရောက်နေတော့သည်။
ရေစက် ရေမှုန်အေးအေးများကြား သူပြန်သတိရလာသည်။သူ့ထမဆုံးမြင်သည်က တဖြည်းဖြည်းချင်းလည်နေသည့် မျက်နှာကျက်မှ ပန်ကာ။ နောက် သူ့အား ဝိုင်းအုံကြည့်နေသည့် လူအများ၏ မျက်နှာများ။ အစစ အရာရာ သူပြန် သတိရလာ၏။ အမဲသားသည် ဘာဘာ၊ မိန်းမ ဝဝကြီး၊ ဈေးသူဈေးသားများ၊ ဈေးလူကြီး၏ မျက်နှာ…..အားလုံးကို တဖြည်းဖြည်း သူသိလာပြီ။
“ကဲ..မဆိုင်တဲ့ သူတွေ နောက်နည်းနည်း ဆုတ်ပေးကြပါဗျာ၊ ဒီကလေးကို ကျွန်တော် မေးပါရစေဦး၊ သူ့ကို ခင်ဗျားတို့လည်း သိကြတာပဲ၊အဝတ်လျှော်တဲ့ မခင်စိန်ရဲ့သားလေးပါ၊ အရင်ကလည်း ဘာနာမည်ပျက်မှ မရှိပါဘူး၊ ဒီကလေး ကျောင်းသွား ကျောင်းပြန် ဈေးရှေ့က အမြဲဖြတ်နေကျပါ၊ သူ့အမေခိုင်းလို့ ဈေးထဲ ဟိုဟာ သည်ဟာ လာဝယ်နေကျ ကလေးပါ၊အရင် အလစ်သုတ်တဲ့ ကလေးတွေနဲ့ မတူပါဘူး၊ ကျွန်တော်သေချာ မေးပါရစေဦးဗျာ၊ ကဲ နောက်ဆုတ်ပေးကြဦး”
ဈေးလူကြီး၏ စကားကြောင့် လူအများ နောက်သို့ ရှဲသွာသည်။ သူလည်း ဈေးရုံးကြမ်းခင်းပြင်ပေါ် ထထိုင်လိုက်၏။ ခံစားချက် မျိုးစုံဖြင့်သူ့မျက်နှာမှာ ထူပူနေပြန်သည်။ ခုမှ မနက်က အဖွား ပြောလိုက်သည်ကို ပြန်သတိရတော့ မျက်ရည်ပူများက အလိုလို စီးကျလာတော့သည်။ ဈေးလူကြီးက သူ့ နံဘေးတွင် ထိုင်လိုက်ရင်း
“ကဲ..ကလေး မငိုနဲ့တော့၊ ဦးဦးတို့မေးတာတွေကိုသာ မှန်မှန်ဖြေနော်၊..ခု မင်းက ကျောင်းနေသေးလား၊ နေသေးတယ်ဆို ကျောင်းဖွင့်ရင်ဘယ်နှစ်တန်း တက်ရမှာလည်း”
သူက ခေါင်းတစ်ချက် ငြိမ့်ပြပြီးခုနှစ်တန်းဟု တိုးလျှစွာ ဖြေလိုက်သည်။
“သြော်…ဟုတ်ပါပြီ၊ ဒါဆို သားကကျောင်းသားဖြစ်ပြီး ဘာလို့ သူများအထုပ်ကို ဆွဲပြေးရတာလည်းကွယ်၊ သားတို့ ကျောင်းက ဆရာဆရာမတွေ မိဘတွေက ဆုံးမတယ် မဟုတ်လား”
ဈေးလူကြီး၏ စကားအဆုံး သူဘယ်လိုမှ ထိမ်းချုပ်နိုင်စွမ်း မရှိတော့။ ချုံးပွဲချ ငိုလိုက်ရင်း ဗလုံးဗထွေး ပြန်ပြော လိုက်တော့သည်။
“ဟုတ်..ဟုတ် ကျွန်တော် မှားပါတယ်၊ ဒါပေမဲ့..ဦးတို့ ပြောသလိုမဟုတ်..ဟုတ်..ပါဘူး၊ ကျွန်တော့်အဖေ မရှိတော့ပေမယ့် အဖွားရော အမေရော ကျွန်တော့်ကို ဆုံးမပါတယ်၊ဆရာတွေပြောတာလည်း ကျွန်တော် နားထောင်ပါတယ်။ အခုဟာက ကျွန်တော့်…ညီ..ညီလေး အတွက်မို့ပါ၊ညီလေးက…နေ..နေ.မကောင်းဘူး၊ မနေ့က အမေနဲ့ အဖွား ပြောနေတာ ကျွန်တော်ကြားတယ်…သူ…သူက သွေးအားနည်းတယ်တဲ့၊အာဟာရ ချို့တဲ့ ရင် မကောင်းဘူးတဲ့၊ ဒါပေမယ့် အမေ့မှာ ပိုက်ဆံ မရှိဘူး၊ ဆေးဖိုးတောင်နေ့ ပြန်အတိုးနဲ ချေးထားရတာ ဆိုတာ ကျွန်တော်ကြားတယ်၊ ဒါနဲ့ ညီလေးအတွက် ပိုက်ဆံရအောင်မနေ့က သူငယ်ချင်း အကူအညီ တောင်းပြီး ဒီနေ့ အလုပ်လုပ်..လုပ်လာတာပါ၊ ရတဲ့ ပိုက်ဆံနဲ့ လောက်မယ့်အမဲသားအစတွေကို…ကျွန်တော် ဝယ်တယ်…ဒါပေမယ့် ဘာဘာက ဟိုမိန်းမကြီး အကုန်ရောင်း ပစ်လိုက်တာ…တကယ်ဆို ကျွန်တော်က အရင် ဝယ်တာပါ၊ ဒါနဲ့…စိတ်မထိန်းနိုင်လို့ ဟို မိန်းမကြီးဆီက ပြန်လုပြီး ဝယ်လိုက်တာပါ…. ကျွန်တော် အလကား မလုပါဘူး…မ..မ..ယုံရင် ဟို မိန်းမကြီး ဈေးခြင်းတောင်းထဲကြည့်ပါ၊ ပိုက်ဆံ..ဆံ…ထည့်..ထား..”
ချုံးပွဲချ ငိုလိုက်ရင်း အသံကတိမ်ဝင်သွား၏။ သူ၏ကျောကို ဈေးလူကြီးက ကြင်နာစွာ ပွတ်သပ်ပေးနေရင်း တစ်ယောက်က ဈေးခြင်းတောင်းကို ယူလာပြသည်။ အားလုံး၏ရှေ့တွင် ခြင်းတောင်းကို သွန်ချလိုက်သောအခါ အမဲသားအိပ် အနီးတွင်ငါးရာတန်တစ်ရွက်နှင့် နှစ်ရာတန်နှစ်ရွက် အလိပ်လိုက်လေးက ထွက်ကျလာသည်။ တိတ်ဆိတ်သွားသော ဈေးရုံးထဲတွင် ရှိုက်သံ မျဉ်းမျဉ်းလေးသာ ထွက်ပေါ်နေပြီး တဖြည်းဖြည်း တိုးဝင်သွားလျှက်နောက်ဆုံးတွင် အားလုံး တိတ်ဆိတ် သွားလေတော့၏။ ။