Nyi ma lay

in #esteem6 years ago

ညီမလေးမသိအောင်တိုးတိုးလေးပြောခဲ့တဲ့စကားတွေ

(၁)
ညီမလေးရေ
နေလို့မှကောင်းရဲ့လား
ငါတို့ကိုယ့်လိပ်စာကိုယ်ပြန်မှတ်မိသွားပြီးကတည်းက
အိပ်မက်တွေထဲမှာလည်းမဆုံဖြစ်တော့ဘူး
မျှော်လင့်ချက်တွေထဲမှာလည်းမခေါ်ဖြစ်ကြတော့ဘူး
ငါသိပ်နေနိုင်တာပဲလို့ငါ့ကိုယ်ငါမေးယူရတဲ့အထိပေါ့
တစ်ခုပဲ
blockထားတဲ့ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုပြီး
'ငါဖုန်းချလိုက်တော့မယ်နော်'လို့ခဏခဏပြောရတာ
ညီမလေးမသိပါစေနဲ့

ညီမလေးရှိနေမယ်ထင်လို့
သီချင်းတွေထဲဝင်ကြည့်တယ်
ငါတစ်ပုဒ်မှမမှတ်မိတဲ့လူတစ်ချို့ပဲတွေ့တယ်
ဘဝမှာကံမကောင်းဖူးတဲ့သူဆိုလို့ငါပဲရှိမှာပါ

ညီမလေးရဲ့ပေါင်ပေါ်မှာအိပ်ပြီး
ကမ္ဘာကြီးကိုအိပ်မက်မက်ဖူးချင်တယ်
ညီမလေးရဲ့ဗိုက်သားစူစူလေးတွေကိုလွမ်းပြီး
လူတွေရဲ့စိတ်တွေကိုပြည့်ဝဆူဖြိုးစေချင်မိတယ်
ဘဝမှာထိထိရှရှကျကွဲခဲ့တာတွေလည်းရှိတယ်
ညီမလေးရဲ့နားရွက်ပေါ်ကမွှေးညှင်းနုနုလေးတွေကို
ဘယ်တော့မှကဗျာမရေးနိုင်ခဲ့တာ
ကြယ်တွေဟာ
ငါဆုတောင်းပြည့်ဖို့အရှိန်လျှော့ပြီးမကြွေတတ်ရှာဘူး

သိပ်လှတဲ့ကဗျာတွေကသိပ်နာကျင်ရတယ်
တစ်ချို့စောက်ပိုအလုပ်တွေကို
ရင်နာနာနဲ့လုပ်ပြနေရတာ
ငါ့ကဗျာတွေကိုမင်းမှမဖတ်ကြည့်ပဲ
ညီမလေးကိုချစ်ရတာလေ
ငါ့ကိုယ်ငါတောင်သံယောဇဉ်မရှိတော့တဲ့အထိပေါ့

(၂)
ညီမလေးရေ
အချစ်လည်းစစ်တယ်
မေတ္တာလည်းမှန်တယ်
ငါ့တို့ဘာလို့ဝေးခဲ့ရတာလဲ

တစ်ယောက်ရဲ့ဘဝကို
တစ်ယောက်ကနားမထောင်တတ်ရင်
မျှော်လင့်ချက်ဟာသတ်တိုင်းသေတယ်
ဒါပေမယ့်
လူ့ဘဝကိုသိပ်တိုတယ်လေ
တစ်ချို့အသံအတုတွေကိုသေချာနားထောင်တတ်ဖို့လိုတယ်

ငါတို့စိတ်တွေကို
တစ်ယောက်ဆီတစ်ယောက်က
အတိအကျပစ်ပေါက်ခဲ့ဖူးတာပဲ
အချစ်တစ်ခုတည်းမှာသေဆုံးမသွားဖို့ပဲလိုတယ်

မင်းဘုရားရှိခိုးတဲ့အခါ
ငါ့အတွက်ပိုပြီးရှိခိုးပေးပါညီမလေး
ငါ့လိုမလိမ်မိုးမလိမ်မာလူတစ်ယောက်က
ညီမလေးအချစ်တွေနဲ့မှကျွတ်မှာ

(၃)
မေ့မရခြင်းဆိုတာ
နင်မရှိတဲ့နေ့ရက်အစိမ်းသက်သက်တွေကိုခေါ်ပြီး
နာကျင်မှုများကတော့
မင်းကိုချစ်တဲ့'စောက်ပိန်းကောင်'ကြီးရဲ့ကဗျာတွေပေါ့ ။

ဘုရားနဲ့တေ့လွဲကလေးလွဲနေပြီး
ညီမလေးနဲ့တစ်ဘဝစာလွဲသွားတဲ့သူ
ရင်ထဲမှာလည်းအကုန်လစ်ဟာသွားသလို
ဒီစာကိုညီမလေးဖတ်မိရင်
သူရဲဘောကြောင်သူကြီးလို့လက်ညှိုးထိုးပြီး
ညီမလေးငါ့ကိုလှောင်ပါ

ဘဝမှာ
မမြင်ရတဲ့ကြိုးကလေးတွေကတော့အများကြီးပေါ့
ချည်နှောက်တတ်ဖို့ထက်ဖြည်ချတတ်ဖို့ကပိုအရေးကြီးတာ
ဒါကိုညီမလေးမင်းနာလည်ပါ

ဘယ်သူနဲ့ဖြစ်ဖြစ်
ကောင်းတဲ့ရေစက်နဲ့ပဲဆုံချင်တယ်
အထူးသဖြင့်ညီမလေးနဲ့ပေါ့
ရေစက်တိုလည်းကိစ္စမရှိပါဘူး
ဘဝကခဏကလေးပဲမဟုတ်လား
အဓိပ္ပါယ်ရှိတဲ့တစ်စက္ကန့်ဟာလည်း
အချစ်ကိုဒဏ်ရာမရစေနိုင်ဘူးလေ

(၄)
သိပ်ပြီးဝေးလွန်းတဲ့သူတွေက
အရမ်းနီးသလိုခံစားရတတ်တယ်တဲ့
ငါတို့နီးဖို့မလိုအောင်ဝေးခဲ့ကြဖူးတယ်နော်ညီမလေး
စောက်ပိုတွေပါကွာလိုပြောရင်းမင်းရယ်စမ်း

ပွင့်မလာသေးတဲ့ပန်းတစ်ပွင့်ကို
ညီမလေးနာမည်ပေးထားလိုက်ပြီး
ဘယ်တော့မှမပွင့်ခိုင်းတော့ဘူး
အဲဒါညီမလေးကိုငါချစ်တာပေါ့
ငါ့စိတ်နဲ့ထိမိတဲ့အရာတိုင်းအတွက်ညီမလေးနာကျင်မှုကင်းပါစေ

တစ်ယောက်ယောက်ကမျှော်ခဲ့ပါတယ်
မလာတဲ့သူရဲ့မနက်ဖြန်ဟာ
အိပ်မက်တွေတသမ်းသမ်းတဝေနဲ့
တစ်ဘဝလုံးအိပ်ရေးပျက်သွားရ
သီချင်းတစ်ပုဒ်ပုဒ်ကို
အဆုံးကနေစနားထောင်ရတဲ့feelဟာအဲဒါ

မေတ္တာတရားဆိုတဲ့ဓာတ်ငွေ့ဟာ
ညီမလေးနဲ့တွေ့မှမီးထတောက်တယ်
သေရာပါအောင်ချမ်းမြေ့ရတဲ့တရားပါပဲ
ကြင်နာရတာကိုပျော်ရသလို
နာကျင်ရတာလည်းငါပျော်ပါတယ်
ညီမလေးကိုဘယ်လိုကျမ်းအဆူဆူနဲ့မှမလွတ်အောင်
ငါ့မှာတနင့်တပိုးချစ်ခဲ့ရပေါ့ ။

(၅)
ဘယ်တော့မှမဆုံဖြစ်တော့တဲ့
အနီးဆုံးလူတွေအကြောင်း
ငါကဗျာရေးဖူးတယ်
ကံတရားဆိုတာဘယ်လိုနှလုံးသားမျိုးနဲ့
သတ္တဝါလေးပါလိမ့်လို့
ကလေးအတွေးတွေကချစ်စရာ
ဒါပေမယ့် နာကျင်စရာ ။

ငါ့မေတ္တာတရားကို
နာကျည်းစိတ်နဲ့ဖုံးကွယ်နေလို့
ညီမလေးမမြင်တာပဲဖြစ်မှာပါ

မျက်ရည်တွေနဲ့ကြည့်ရတဲ့မြင်ကွင်းဆိုတော့
ဘယ်ပီပြင်ပါ့မလဲ
မမြင်တာအပြစ်မဟုတ်ဘူး
မမြင်တတ်တာသာငါ့အပြစ်ပါညီမလေး

စိတ်ကူးထဲမှာပဲဆိုပါတော့
ညီမလေးရေ
သေမင်းကိုငါအမိုက်စားကတိတစ်ခုပေးမိတယ်
နင်စိတ်ကောက်မပြေမချင်းငါမသေဘူးဆိုတဲ့ကတိပေါ့
ညီမလေးကသာငါ့ရဲ့ငြိုးမျက်ဖြေအလင်္ကာဦးပါ
image
Credit photo

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.030
BTC 65663.89
ETH 2670.06
USDT 1.00
SBD 2.91