ဆည်းလည်းလေး
ဆည်းလည်းလေး
အခြေအနေတွေက ပြောလေ တင်းမာလေဖြစ်လာတာကြောင့် ကျွန်တော်မပြောတော့ဘူး။ အိမ်တစ်အိမ်မှာ လင်နဲ့မယားနှစ်ယောက်အကြား တင်းမာမှုတွေဟာ ဘယ်နေရာမှာနေနေ ကြားမှာ နံရံကြီးတစ်ခုခြားနေသလို ဖြစ်နေတယ်။
ကျွန်တော်က အိမ်ရှေ့မှာ ထိုင်နေတာ ဘယ်လောက်ကြာသွားပြီလည်း မသိဘူး။ မှောင်လာပေမယ့် မီးလည်း ထမဖွင့်မိဘူး။ စိတ်ထဲမှာ ပင်ပန်းလွန်းတာကြောင့် မျက်စိကို မှိတ်ပြီး အသာလေး ငြိမ်နေမိတယ်။
“ထောက်”
မီးကိုဖွင့်လိုက်သံကြားလိုက်ရတယ်။ မီးလင်းလာတာကြောင့် ကျွန်တော် မျက်လုံးကို ဖွင့်လိုက်မိတယ်။ သူက ကျွန်တော့်ရှေ့လာရပ်ပြီး
“ကဲ ဘယ်လို လုပ်မလဲ”
“မင်း ဘယ်လို လုပ်ချင်လို့လဲ … ကြိုက်တာလုပ်”
“ကျွန်မကို ကွာရှင်းပေး”
“သဘောပဲ”
ကျွန်တော်တို့ စကားမပြောတာ တစ်ပတ်လောက်ရှိပြီ။ စကားစပြောတဲ့နေမှာ အကြီးအကျယ် စကားများ ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ရလွန်းလို့ လည်ချောင်းတွေနာနေပြီ။ သမီးလေးကို ကျွန်တော်က တစ်နေရာကို သွားပို့ထားလိုက်တယ်။ သူ့ကို မနာကျင်စေ့ချင်ဘူး။
ကျွန်တော်တို့ ရုံးမှာ ကွာရှင်းဖို့ လူကြီးတွေကို သက်သေပြုကြတယ်။ လူကြီးတွေက ထုံးစံအတိုင်း တားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆက်လက်ပေါင်းသင်ဖို့ ဆန္ဒမရှိတော့ကြောင်း နှစ်ယောက်စလုံး ပြိုင်တူပြောကြတယ်။
“ကြာပါပြီ … ခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ အကျိတ်အခဲဖြစ်နေတာ သမီးလေး တစ်သက်ရှိပါပြီ”
“ဟုတ်တယ် အဲဒီ ကလေးအတွက်ပဲ ပြောနေတာ … မင်းတို့ ကွာရှင်းတာ ဟုတ်ပြီ သမီးကိစ္စကို ဘယ်လို လုပ်မလဲ”
“သမီးကို ကျွန်တော် ခေါ်ထားမယ်”
“ဘယ်ရမလဲ ကျွန်မခေါ်သွားမယ်”
“အဲဒါပြောတာပေါ့ မင်းတို့က ကွာရှင်းတယ်ဆိုတာ လက်မှတ်ထိုးလိုက်ရင် ပြီးသွားတာပဲ။ ဒါပေမဲ့ ကလေး ပြဿနာက ရှိနေတာ။ ဒီကလေးကိစ္စကို မင်းတို့ အစောကြီးကတည်းက စဉ်းစားထားသင့်တယ်”
“ကျွန်တော့်ဘက်ကတော့ မလျှော့နိုင်ပါဘူး … သမီးကို ကျွန်တော် မခွဲနိုင်ဘူး”
“ကျွန်မလည်း မွေးထားတာပဲ … ကျွန်မသမီးကို မထားခဲ့နိုင်ဘူး”
“သမီးကို မင်း ခေါ်သွားလို့မရဘူး။ သမီးက ကျောင်းတက်နေတယ်။ ကျောင်းဖျက်ပြီး မင်းနောက်ကို မထည့် လိုက်နိုင်ဘူး။ ကျွန်တော်နဲ့ ခေါ်ထားရင် သမီးက ပြဿနာမရှိဘူးလေ။ သူက ဒီက ထွက်သွားမှာ”
“ကျွန်မ သမီးကို မထားခဲ့နိုင်ဘူး။ ကျွန်မလည်း ရှင်နဲ့ အတူ မနေနိုင်ဘူး။ ကျွန်မကတော့ သမီးကို ခေါ်သွားမှာပဲ”
လူကြီးတွေက စိတ်ပျက်စွာနဲ့
“တို့က ကွာရှင်းတာကို အတည်ပြုပေးလို့ရတယ်။ ဒါပေမဲ့ ကလေးကတော့ မင်းတို့နှစ်ယောက် အကျေအလည် ဆွေးနွေးရမယ်နဲ့တူတယ်။ အိမ်မှာ ပြန်တိုင်ပင်ကြကွာ။ ကလေးကို မင်းတို့ ဘယ်သူယူမယ်ဆိုတာ ပြေလည်မှ ပြန်လာခဲ့ကြပါ။ တရားရုံးရောက်ရင် ပိုရှုပ်တယ်”
ဒီလိုနဲ့ ကျွန်တော်တို့ မတင်မကျ ပြန်လာခဲ့ကြတယ်။
ကျွန်တော်က သမီးလေးကို အိမ်ပြန်ခေါ်လာတယ်။ ပြီးတော့ ဇနီးကို ခေါ်လိုက်တယ်။ သူက ကျွန်တော့်ကို မကြည့်ဘဲ မျက်နှာလွှဲပြီး ထိုင်နေတယ်
“သမီး … ဖေဖေ တစ်ခုပြောမယ် နားထောင်နော်။ သမီး မေမေနဲ့ ဖေဖေတို့ ဆက်မပေါင်းဖို့ ဆုံးဖြတ်ကြတယ်။ အဲဒါ သမီးက တစ်ယောက်ယောက်နဲ့ လိုက်နေရမယ်။ သမီးအမေက နိုင်ငံခြားထွက်မယ်။ ဖေဖေကတော့ ဒီမှာပဲ နေခဲ့မယ်။ သမီး မေမေနဲ့ လိုက်သွားရင် နိုင်ငံခြားမှာ နေရမှာပေါ့။ ဒါပေမဲ့ နောက် ဖေဖေတစ်ယောက်နဲ့ အတူ နေရတာလည်း ဖြစ်သွားနိုင်တယ်”
“ရှင်နဲ့ နေလည်း နောက် မိထွေးတစ်ယောက်နဲ့ နေရမယ်ဆိုတာ ထည့်ပြောဦးလေ”
“ပြောမှာပါ။ သမီး ဒီလိုရှိတယ်။ ဖေဖေတို့ စိတ်သဘောချင်း မတိုက်ဆိုင်လို့ ကွဲတာဆိုတော့ သမီး ဘယ်သူနဲ့ လိုက်နေသည်ဖြစ်စေ ဘဝသစ်တစ်ခုခုကို ရင်ဆိုင်ရမှာပဲ။ ဖေဖေကလည်း သမီးကို မခွဲနိုင်ဘူး”
“ကျွန်မကလည်း သမီးကို ထားသွားမယ်ထင်သလား”
သမီးက မျက်လုံးလေး ကလယ်ကလယ်နဲ့ ဟိုကြည့် သည်ကြည့် လုပ်နေရင်းက
“ဖေဖေနဲ့ မေမေက သမီးအတွက်တွေးနေတာလား … ကိုယ့်အတွက် ကိုယ်တွေးနေကြတာလား”
ကျွန်တော်ဘာပြောရမှန်း မသိဘူးဖြစ်သွားတယ်။
“သမီးအတွက် တွေးနေတာပါကွယ်”
“သမီးအတွက် တွေးရင် ဘာကြောင့် ကွဲမယ်၊ ကွာမယ်တွေ ပြောနေတာလဲ။ ဒီအတိုင်း နေတော့ရော ဘာဖြစ်သွားမှာလဲ။ သမီးက ဘယ်သူနဲ့မှ မခွဲရတော့ဘူးလေ။ ဖေဖေတို့ မေမေတို့က သမီးဘက်က မတွေးပါဘူး”
ကျွန်တော်တို့ စကားဝိုင်းကရပ်သွားပြန်တယ်။ ဇနီးဖြစ်သူက ထသွားတယ်။ ကျွန်တော်ကလည်း ငိုင်ပြီးတော့ ကျန်ခဲ့တယ်။
“သမီး အိပ်ချင်နေပြီ။ သွားအိပ်တော့မယ်”
သမီးကထသွားပြန်တယ်။ ကျွန်တော် တစ်ယောက်တည်း ငိုင်ပြီး ကျန်ခဲ့ရပြန်တယ်။ ကျွန်တော်တို့မှာ အဖြေ မရှိတဲ့ ပြဿနာတစ်ခုကို ကိုင်တွယ်ပြီးတော့ ဘာဆက်လုပ်ရမှန်း မသိအောင်ဖြစ်နေကြတယ်။ ကျွန်တော် သူ့ကို စကားသွားမပြောချင်တော့ဘူး။ ဒါကြောင့် ဧည့်ခန်းထဲမှာပဲထိုင်နေပြီး တွေးနေမိတယ်။
ကျွန်တော် တီဗီကိုဖွင့်လိုက်တယ်။ CNN သတင်းလာနေတယ်။ အမေရိကန်ပြည်ထောင်စုမှာ လင်မယားကွာ ရှင်းနှုန်းတွေ အရမ်းမြင့်မားနေပြီး ၅၃ ရာခိုင်နှုန်းရှိကာ ကမ္ဘာ့အမြင့်ဆုံး လင်မယာကွာရှင်းတဲ့ နိုင်ငံဖြစ်နေပါ တယ်တဲ့။ လူ ၁၀၀ လက်ထပ်တိုင်း လင်မယားကွာရှင်းမှုပေါင်း ၅၃ မှုဖြစ်နေတာပါလား။
အဲဒီနိုင်ငံကို သူထွက်သွားမှာပါ။ သူသာ သမီးလေးကို ခေါ်သွားရင် ကျွန်တော် အတွေးတွေဖြစ်လာချိန်မှာ အိမ်ခန်းထဲက အော်သံကြားလိုက်တယ်
“ဖေဖေ … နာတယ် … ဖေဖေ လာပါဦး နာလိုက်တာ”
ကျွန်တော် အိပ်ခန်းထဲ ပြေးဝင်သွားမိတယ်။ သူလည်း အိမ်ပေါ်က အပြေးလေးဆင်းလာပြီး သမီးအခန်းထဲကို လုဝင်သလိုဖြစ်သွားတယ်
“ဘာဖြစ်တာလဲ သမီး … ဘာဖြစ်တာလဲ”
“သမီးဗိုက်နာလိုက်တာ … ကယ်ပါဦး … နာလိုက်တာ”
“ဟာ ဘာဖြစ်တာလဲ … ပြစမ်း ဖေဖေ့ကိုပြစမ်း … ဟဲ့ ဗိုက်ကို အရမ်းသွားမနှိပ်နဲ့လေ”
“သိပါတယ် ဆရာ မလုပ်ပါနဲ့”
“နာတယ် ဖေဖေ … အား မကိုင်ပါနဲ့ နာတယ်”
ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။
“ကားထုတ်လေ … ကားမြန်မြန်ထုတ် ဆေးခန်းသွားရမယ်”
“ရော့ ဒီမှာ ကားသော့ … ကားသွားထုတ်နှင့် … ငါသမီးကို ပွေ့ခဲ့မယ်”
ကျွန်တော်တို့ ကားနဲ့ထွက်ခဲ့တယ်။ ဆေးခန်းကိုပါ
“ကျော်သက် … ဟေး … ကျော်သက်”
ကျွန်တော်တို့ သူငယ်ချင်း ကျော်သက်အိမ်ရှေ့ရောက်လာတယ်။ ကျော်သက်က ဆရာဝန်။ ကျွန်တော့် သူငယ်ချင်း။ သမီးခေါင်းကိုင်အဖေ
“ဟေ့ … ဘာဖြစ်လာတာလဲ … လာ … လာ … ကုတင်ပေါ်တင်လိုက်။ ထွက် … မင်းတို့နှစ်ယောက်စလုံး အပြင်မှာစောင့်နေ”
“အား … နာတယ် … ဦးကျော်သက် နာတယ်”
“သမီး ခဏလေး … ဦးကြည့်ပေးမယ် … ခဏလေး”
ကျွန်တော်က အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။ သူလည်း ပါးစပ်က ဘာတွေ ရွတ်နေမှန်း မသိဘူး။
“အား … နာလိုက်တာ”
“ကျော်သက် … ကျော်သက် အခြေအနေကောင်းရဲ့လား … ဘယ်လိုနေလဲ”
“ရှင်က ဘာလို့ သွားအော်နေရတာလဲ … ဟိုကဆရာဝန်”
“ငါသိတယ် … စိုးရိမ်လို့ပေါ့”
“မေမေရေ … နာလိုက်တာ … သေတော့မယ်”
“သမီး … မေမေလာပြီ”
“ဟေ့ ဝင်မသွားနဲ့ … ဟိုမှာ အနှောင့်အယှက်ဖြစ်မယ်”
“သိပါတယ် … စိုးရိမ်လို့ပါ”
ကျော်သက်က ထွက်လာတယ်။
“ဟေ့ကောင် ကျော်သက် သူငယ်ချင်း ပြောစမ်း … သမီးဘာဖြစ်သလဲ”
ကျော်သက်က ခေါင်းရမ်းလိုက်ပြီး
“အခြေအနေမကောင်းဘူးကွာ”
“ဟာ … ဘာဖြစ်လို့လဲ”
“ကိုကျော်သက် သမီးလေး ဘာဖြစ်လို့လဲ ကျွန်မကို ပြောပါဦး စိုးရိမ်ရသလား … အီး ဟီး ဟီး”
“မင်းကလည်း ငိုဖို့ပဲ သိတယ်။ မေးပါရစေဦး … ကျော်သက် သူငယ်ချင်း ပြောပါကွာ။ ဘာဖြစ်လို့လဲ”
“မင်းတို့ ဘာဖြစ်သလဲ ငါ့ကို အရင်ပြောပြ”
ကျွန်တော်တို့က ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြလိုက်တယ်။
“တော်တော် သောက်သုံးမကျတဲ့ကောင်တွေ … မင်းတို့ သမီးလေးက ဆေးတွေသောက်လိုက်တာ။ သေချင်လို့တဲ့။ သူ့မှာ ဖေဖေနဲ့ မေမေ မရှိတော့ဘူးတော့။ သေတာပဲကောင်းတယ်တဲ့။ အဲဒါကြောင့် ဆေးတွေ သောက်ပြီး သေကြောင်းကြံတာ။ မင်းတို့ကွာ တော်တော် သောက်သုံးမကျတာပဲ။ မင်းတို့ချင်း အဆင်မပြေ တာနဲ့ သမီးလေးကို စိတ်ဆင်းရဲအောင်လုပ်ရသလား”
“ကျော်သက် ပြောပါကွာ … သမီးလေး အခြေအနေ”
“မကောင်းဘူးကွ … မကောင်းဘူး …”
“ဘယ်လို မကောင်းတာလဲကွာ … ဆေးရုံကို ခေါ်သွားရမလား”
“ဘာ ခုမှလာပြီး စိုးရိမ် ပူပန်နေကြတာလဲ … သွားကြ … ဟိုမှာ သေတော့မယ်။ သေသွားရင် အေးသွားတာပဲ။ မင်းတို့နှစ်ယောက်မှာ ဘာပြဿနာမှ မရှိတော့ဘူး။ သေပစေပေါ့”
“ကိုကျော်သက် ဘယ်လိုပြောလိုက်တာလဲ။ ရှင့်မှာ သားသမီးမရှိတိုင်း ကိုယ်ချင်းမစာ မပြောပါနဲ့”
“ဟေ့ … သားသမီးမရှိပေမယ့် မင်းတို့လို မယုတ်မာဘူးကွ။ မင်းတို့ကမှ ကလေးကို သတ်ချင်နေတဲ့ လူသတ်သမားတွေ။ ခုတော့ ငါ့သမီးလေး သေတော့မလားမသိဘူး။ မင်းတို့ကတော့ ပျော်ပျော်ကြီး ကွာရှင်းဖို့ လုပ်နေကြတယ်။ ဟိုမှာ သမီးကတော့ စိတ်ထိခိုက်ပြီး ဆေးသောက်သေတယ်။ ကောင်းကွာ … သိပ်ကောင်း”
“ကိုကျော်သက် … သမီးလေးကို တွေ့ပါရစေရှင်”
“တွေ့မနေပါနဲ့ … အလကား ချစ်ဟန်ဆောင်တွေ။ အတ္တသမားတွေ။ ကိုယ့်ကျိုးပဲကြည့်တဲ့ကောင်တွေ။ ဒီလို မိဘတွေနဲ့ နေရမယ့်အစား သေသွားတာကမှကောင်းသေးတယ်”
“ကိုကျော်သက် အဲဒီလိုမပြောပါနဲ့ရှင် ကျွန်မအရမ်းခံစားရလို့ပါ”
“ဟေ့ကောင် ကျော်သက် မင်းပြောတာတွေ လွန်လာပြီ။ သူက ငါတို့ သမီးပါကွ”
“ငါတို့ ဟုတ်လား။ ငါတို့သမီးတဲ့လား”
“အေးလေ”
“ဟုတ်တယ် … မင်းတို့နှစ်ယောက်ကြောင့် ဖြစ်လာတဲ့ သမီးလေးကို မင်းတို့နှစ်ယောက်ကြောင့် မပျက်စီးစေချင် ဘူးဆိုရင် သောက်ရူးမထနဲ့တော့”
“အေးပါကွာ … သမီးလေး အဲဒီလောက် ခံစားသွားရမယ်မှန်း မသိလို့ပါ”
“ကျွန်မလည်း သမီး အရမ်းခံစားသွားရမယ်လို့ မထင်လိုက်ဘူးကိုကျော်သက်ရယ်”
“သမီးအိပ်နေတယ်။ ကံကောင်းလို့။ ငါ့ဆီအရောက်မြန်လို့။ ကလေးပင်ပန်းနေပြီ။ အိပ်နေတယ်။ အသာလေး ပြန်ပွေ့သွား”
ကျွန်တော်က ဆေးခန်းထဲဝင်လိုက်တယ်။ သမီးလေး နဖူးကို နမ်းဖို့ ခေါင်းငုံ့လိုက်တယ်။ သူကလည်း သမီးလေး နဖူးကို နမ်းဖို့ပြင်လိုက်ချိန်မှာ တိုက်ဆိုင်ပြီး ကျွန်တော်တို့နဖူးချင်း ခွပ်လိုက်မိတယ်
“အို”
သူက ရှက်စနိုးလေးနဲ့ ပြုံးလိုက်တယ်။ ကျွန်တော်က သမီးလေးကို ပွေ့ဖို့ပြင်လိုက်ပြီး
“မိန်းမရေ မင်းကားဆီကို သွားပြီး တံခါးဖွင့်ထားလိုက်” လို့ပြောလိုက်တယ်။
မိန်းမက ကားစက်နှိုးသံကြားမှ ကျွန်တော် သမီးကို ပွေ့ချီလိုက်တယ်။ သမီးလေးက လူးလွန့်လိုက်ပြီး
“ဖေဖေ သမီး အိုက်တင်ကောင်းရဲ့လား”
“ဟင်”
“သမီးသရုပ်ဆောင်တာ ပီပြင်တယ်မဟုတ်လား”
“ဟာ”
“ဒါရိုက်တာက ဦးဦးကျော်သက်လေ”
ကျော်သက်က အခန်းဝမှာ ပြုံးပြုံးကြီးလုပ်နေပြီး လက်မထောင်ပြလိုက်တယ်။ သမီးကလည်း လက်မထောင် ပြလိုက်ပြီး
“ဦးဦးကျော်သက် … သမီးက နောက်တစ်ခါ သူတို့ရန်ဖြစ်ရင် တကယ်သောက်မှာနော်” တဲ့
“ဟေ့ကောင် … ကြားတယ်နော်”
ကျွန်တော်က သမီးကိုပွေ့ချီလိုက်ပြီး
“သမီးရေ … အိပ်ချင်ယောင် ဆက်ဆောင်လိုက်ပါဦးကွယ်။ အိမ်ရောက်တဲ့အထိ အိပ်နေနော်” လို့ ပြောလိုက် မိတယ်။
တင်ညွန့်
၂၃.၅.၂၀၁၈