တောင်သူလယ်သမားရဲ့ ဘဝအပိုင်းအစများ

in #farmers7 years ago (edited)

image
ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ်တာနှင့်အညီ ဆန်ရေစပါးကို မှီခို အားထားရသော နိုင်ငံဖြစ်ပါတယ်။နိုင်ငံအတွင်းတွင် ရွာပေါင်းများစွာရှိ၍ အားလုံးနီးပါး တောင်သူ လုပ်ငန်းကို အားထားလုပ်ကိုင်ကြရပါတယ်။ရွာနှင့်လယ်ယာမြေသည် ခွဲခြား၍ရမည်မထင်ပါ။လယ်ယာမြေများသည် တောင်သူလယ်သမားတွေအတွက် အဖိုးမဖြတ်နိုင်သော ကျောက်သံပတ္တမြားဆိုလည်း မမှားပါ။ "မြေကြီးမှ ရွှေသီး" ဆိုတဲ့ စကားအတိုင်း တောင်သူလယ်သမားများဟာ သီးနှံမျိုးစုံကို စိုက်ပျိုး ကြပြီး ရွှေငွေများရရှိလာကြရပါတယ်။ အချို့ ဒေသများမှာတော့ ဆန်စပါးကို အဓိက စိုက်ပျိုးကြပြီး အချို့ဒေသတွေမှာတော့ တောင်ယာ စိုက်ခင်းများကို လုပ်ကိုင်ကြပါတယ်။ ရွာတစ်ရွာနှင့်တစ်ရွာ တောင်သူလုပ်ငန်းခြင်းတူပေမယ့် စိုက်ပျိုးတဲ့ သီးနှံ အမျိုးအစားကတော့ မတူညီကြပါဘူး။ရာသီဥတု ၊ မြေအမျိုးအစား၊ရေ ရရှိမှု ပေါ် မူတည်ပြီး ပြောင်းလဲ စိုက်ပျိုးကြရပါတယ်။
image
ကျွန်တော်တို့ ဒေသဟာ မိုးအင်မတန်ရွာပြီး ရံဖန်ရံခါ ရေကြီးတတ်တဲ့အရပ်ပါ။လွန်ခဲ့သော၂၀၁၅ခုနှစ်က ရွာသွန်းခဲ့သောမိုး ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်ရသလို ကျွန်တော်တို့ ရွာကတောင်သူတွေလည်း အတော်များများဒုက္ခ၊သောကတွေ ချောင်းရေနဲ့အတူ ဝေဆာခဲ့တဲ့နှစ်ပါ။အထူးသဖြင့် စစ်ကိုင်းတိုင်းနယ်ဘက်က ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ပါတယ်။ မိုးရာသီဟာ တောင်သူလယ်သမားတွေရဲ့ အသက်သွေးကြောဖြစ်၍ သူကောင်းလည်းစံ ၊သူဆိုးလည်းခံကြရပါတယ်။မိုးမရွာရင် ထမင်းငတ်လုနီးပါးရှိကြသလို မိုးဆွေရင်လည်း စားခွက်ပျောက် ကြရပါတယ်။ စိုက်ပျိုးရေ ရရှိဖို့ မိုးကို အားကိုးရသူတွေအဖို့ မိုးခေါင်ရေရှားဖြစ်တတ်တဲ့နှစ်ဆိုရင် အတော်လေး အခက်ကြုံရပါတယ်။ထို့အတူ သီးနှံပွင့်ချိန်၊သီးချိန်နှင့် ရိတ်သိမ်းချိန်မှာလည်း ဒုက္ခပေးတတ်ပါသေးတယ်။သဘာဝဘေး အန္တရာယ်ဟာ တိုးတက်မှု အားနည်းတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အလူးအလဲ ခံစားကြပါတယ်။တောင်သူလယ်သမားတွေအတွက် ဘေးဥပဒ်များဟာ မိုးရာသီမှာ နစ်နစ်နာနာ ဆုံးရှုံးစေပါတယ်။ တစ်နှစ်လုံး မာန်တင်း လုပ်ကိုင်ခဲ့သမျှ ဒီမိုးကြောင့်ပဲ မရှုမလှ ခံစားကြရပါတယ်။အချို့ ဒေသများတွင် မိုးရေကြီးသောကြောင့် လူ့အသက်အန္တရာယ်တောင် ထိခိုက်တယ်လို့ ကြားခဲ့ရပါတယ်။

တောင်သူလယ်သမားဘဝတွေဟာ တစ်နေ့လုံး နေပူမရှောင် မိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရပြီး ရွံ့နွံထဲမှာ ဘဝကို နေဝင်မိုးချုပ် ဖြတ်သန်းကြရပါတယ်။နေ့စဉ်ရက်စက် ပင်ပန်းမှုကို ပဓာနမထားဘဲ မိမိတို့၏ စားဝတ်နေရေးကို အလေးထားကာ ရုန်းကန်လုပ်ရှားနေရခြင်းဖြစ်ပါတယ်။ ဒီလို မိုးရာသီဆိုရင် ယောက်ျားလေးအများစုဟာ လယ်စိုက်ဖို့ရန်အတွက် စောစီးစွာ ကျွဲ၊နွားဖြင့် ထွန်ယက်နေကြပြီး အမျိုးသမီးများကတော့ ကောက်စိုက်ဖို့ရန် မနက် လေးနာရီမှ ထကာ လယ်ထဲသို့ သွားကြရပါတယ်။အချို့မှာ ပဲ၊နှမ်း၊ပြောင်းနှင့် အခြား သီးနှံများကို စိုက်ပျိုးရန် လုပ်ကိုင်နေကြရပါမည်။ တချို့က ပေါ်ဦးပေါ်ဖျား ရောင်းချလို၍ ဦးစွာ စိုက်ပျိုးကြသလို အများစုမှာ စားဝတ်နေရေး အဆင်မပြေ၍လည်း စောစော စိုက်ပျိုးကြရခြင်းဖြစ်ပါတယ်။အထက်က ပြောခဲ့သလို သဘာဝဘေးအန္တရာယ်ကြောင့် စားဝတ်နေရေး အဆင်မပြေတာလည်း ပါဝင်ပါတယ်။
image
ကျွန်တော်လည်းပဲ ဇနပုဒ်ကျေးရွာကနေ ဆင်းသက်လာတဲ့ ကျေးတောသားလေးဖြစ်ပါတယ်။ရွာဆိုတော့လည်း အားလုံးသိကြတဲ့အတိုင်း တောင်သူယာခင်း လုပ်ကိုင်စားသောက်ကြရတယ်။ ကျွန်တော်ဟာ စိုက်ပျိုးရေး လုပ်ငန်းကို ကျွမ်းကျင်စွာ မလုပ်ကိုင်တတ်ပေမယ့် ကျွန်တော် ကျောင်းပိတ်ရက်အိမ်ပြန်တဲ့အခါ အိမ်ကို တတ်နိုင်သလောက်ကူညီပေးပါတယ်။များသောအားဖြင့် လယ်စိုက်ချိန်မှာ ကျောင်းဖွင့်ရက်ဖြစ်တတ်ပေမယ့် ဝါလကင်းလွှတ်သီတင်းကျွတ် ကျောင်းပိတ်ရက်ဟာ မြေပဲ၊နှမ်း၊မုံညှင်း၊ ပြောင်း၊ အာလူးနှင့် အခြားသီးနှံများ စတင် လုပ်ကိုင်ချိန်ဖြစ်ပါတယ်။ကျွန်တော်ဟာ ယာခင်းအလုပ်ကို အနည်းငယ် လုပ်ကိုင်တတ်သောကြောင့် လိမ္မာသော ကျွဲတစ်ရှဉ်းကို ယူကာ ကိုယ်တိုင် ထွန်ယက်ပါတယ်။ ကျွန်တော်ဟာ ရေထဲမှာ ထွန်ယက်ရသော လယ်ထွန်းနည်းကို ယနေ့အချိန်အထိ ကောင်းကောင်းမွန်မွန် မလုပ်ဖူးသေးပါ။ထွန်တုံးကို ကိုင်ကာ လယ်ထွန်ခြင်းနှင့် ယာခင်း(အခြောက်ခင်း)ထွန်ခြင်းဟာ ပုံစုံတူသော်လည်း လယ်ထွန်ခြင်းကို ကျွန်တော် ကျောင်းဖွင့်ချိန်ဖြစ်သောကြောင့် ကောင်းမွန်စွာ ထွန်ယက်ခဲ့ဖူးခြင်းမရှိပါ။ ထယ်ထိုးခြင်းသာ ကျွန်တော်အတွက် အကျွမ်းဝင်ပါတယ်။ တစ်ခါတစ်ရံ အိမ်ပြန်ချိန်ဟာ ထယ်ထိုးလယ်ထွန်ချိန်နဲ့ ဆုံနေရင် အကိုတွေနဲ့ အတူ လယ်ထဲဆင်းကာ လယ်ဂဇင်းတင်၊ထယ်ထိုးကူသလို ကျွဲနွားများကိုလည်း လိုက်လံ၍ ကူညီကျောင်းပေးပါတယ်။ကျွန်တော့် အကိုတွေဟာ အတော်လေး သနားစရာကောင်းမယ်လို့ထင်ပါတယ်။ သူတို့ဟာ ဆင်းရဲပင်ပန်းစွာ ဆယ့်နှစ်ရာသီကာလပတ်လုံး အလုပ်လုပ်ကြရပါတယ်။ ကျွဲများကို ၃၆၅ရက်မှာ တစ်ရက်မှ ပျက်ကွက်၍မရဘဲ တောင်ပေါ် သို့မဟုတ် မြေလွှတ် မြေရိုင်းတွေမှာ တကောက်ကောက် လိုက်ကာ အစာကျွေးပေးရပါတယ်။ ကျွဲများဟာ အပူဒဏ်ကို နွားကဲ့သို့ မခံနိုင်သောကြောင့် အလုပ်ကို နေမြင့်တဲ့အထိ ခိုင်းလို့မရပါ။ မိုးရွာနေရင်တောင် သူတို့ အလုပ်ချိန်၊ သူတို့ နားချိန်ကို မှတ်မိနေပါသေးတယ်။နွားများဟာ ကျွဲလောက် ကြံ့ခိုင်မူ မရှိပေမယ့် ခန္ဓာဝမ်းကျဉ်းသောကြောင့် အစာကို ခက်ခက်ခဲခဲ ရှာမကျွေးရသလို အလုပ်ကိုလည်း နေပူပူ ၊မိုးရွာရွာ အတော်အတန် ခိုင်းလို့ရပါတယ်။သို့ပေမယ့် နှစ်မျိုးစလုံးကတော့ သူနေရာနဲ့သူ အလွန် အသုံးဝင်သောကြောင့် အပင်ပန်းခံကာ ကျွေးမွေး စောင့်ရှောက်ရပါတယ်။

ကျွန်တော့အဖေဟာ အခုအချိန်မှာ သက်ရှိ ထင်ရှား မရှိတော့ပေမယ့် သူ့ရဲ့ ချစ်လှစွာသော သားတွေအတွက် လုပ်အားဖြင့်ရင်နှီးကာ လယ်ယာမြေ၊ ကျွဲ၊နွားများကို အမွေ အဖြစ်ထားခဲ့ပါတယ်။ အဖေမဆုံးခင် တစ်ပတ်လောက်အလိုကမှ နွားလေး တစ်ရှဉ်းတောင် ဝယ်ထားပေးခဲ့ပါသေးတယ်။အဖေဟာ တောင်သူလယ်သမားတွေရဲ့ ဥာဏ်အမျှော်အမြင်အရ ရှေ့ရေးကိုကြည့်ပြီး ကျွဲ၊နွားများကို မွေးမြူ ပေးခဲ့ပါတယ်။ကျွန်တော်တို့လို တောင်သူလယ်သမားတွေအတွက် ကျွဲတို့ နွားတို့ဆိုတာ အသက်အမျှ တန်ဖိုးကြီးလှပါတယ်။ကောနေသော မြေ၊ နွံနစ်နေသော မြေများတွင် ကျွဲ နွားများကို အသုံးပြု ၍ ထွန်ယက်ရပါတယ်။ကျွဲနွားများ မွေးမြူ ၍ စိန်ရွှေ၊ ရတနာများ စုဆောင်းထားခြင်းဆိုလည်း မှန်ပါပေတယ်။အခက်အခဲတစ်စုံတစ်ရာကြုံလျှင် ကျွဲနွားများကို ရောင်းချ၍ တစ်ဖက်တစ်လမ်းမှ ဖြေရှင်းကြရပါသည်။ကျွန်တော့်အနေဖြင့် တိရစ္ဆာန်များကို အင်မတန်ချစ်တတ်သော အကျင့်ကို အဖေ့ထံမှ အမွေရရှိခြင်း ဖြစ်သည့်အားလျှော်စွာ ကျွဲ၊နွားများ လိုက်လံ ကျောင်းပေးရလျှင် စားချိုင့်ကြီး ဖောင်းနေမှသာ ကျေနပ်လှပါတယ်။ အခက်အခဲ ရှိ၍ မရောင်းမဖြစ် ရောင်းရသောအခါ သူတို့လေးတွေအတွက် အတော် စိတ်မကောင်းဖြစ်ရပါတယ်။တောင်သူလယ်သမားတွေအတွက် သူတို့လေးတွေဟာ တကယ့်ကို အားထားရာ မဟာကျေးဇူးရှင်ကြီးများဖြစ်ပါတယ်။ကျွန်တော်တို့တောင်သူတွေအတွက်တော့ သူတို့မရှိရင် ငတ်သေရမယ့် အဖြစ်ပါ။ဒါကြောင့် ကျွန်တော်ဟာ ကျေးဇူးရှင်ဖြစ်တဲ့ ကျွဲ၊နွား အသားများကို လူမှန်းသိတတ်စ အရွယ်ကတည်းကစ၍ ယနေ့အချိန်အထိ စားသောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။

တောင်သူ လယ်သမားတွေဟာ နေဝင်မိုးချုပ် ဘဝကို လယ်ထဲမှာ နိဂုံး ချုပ်ကြရပါတယ်။ဘဝကြီးဟာ ရိုးရှင်းသလောက် လောကဓံကို ကြံ့ကြံ့ခံကာ ခက်ခဲစွာ ရုန်းကန်ကြရပါတယ်။ ရလာသော ဆန်စပါးသီးနှံများကိုလည်း လယ်မလုပ်ဖူးသော လူများက ခေါင်းပုံဖြတ်ကာ နှိမ်ချ ဝယ်ယူကြရသောကြောင့် "မိအေးနှစ်ခါ နစ်နာကြရပါတယ်"။သူတို့ဘဝလေးဟာ ဒီလောကမှာ သနားစရာအကောင်းဆုံးလို့ ပြောရပါတော့မယ်။ မည်သို့ပင် ဆိုစေကာမူ သူတို့ဟာ လောကကို အကောင်းဆုံး အလှ ဆင်နေကြသော ဘဝလေးမဟုတ်ပါလား။

ဆက်၍ကြိုးစားသွားပါဦးမည်။
@tamuthar(Writer)
Photo Credit- Google

Sort:  

လယ်သမားမဟုတ်ပေမယ့် မြင်ဘူးနေတော့ ဘယ်လောက်ပင်ပန်းကြသလဲဆိုတာသိတယ် ကိုယ်ချင်းစာတယ်

ဟုတ်တယ် ဆရာရေ...အရမ်းပင်ပန်းလွန်းတယ် ရံဖန် ရံခါ ကျွန်တော် သူတို့အလုပ်တွေ သိပ်မလုပ်နိုင်ဘူး...

လယ်သမားများ ဘ၀ကို သရုပ်ဖော်ပေးနေတာ အင်မတန်ကောင်းကြောင်းပါလို့ အဲဒါလေးတော့ အကြံပြုပါရစေခင်ဗျ သက်တော်ထင်ရှားမလုပ်ပါနဲ့ တမူးရယ် သက်ရှိထင်ရှား လုပ်ပါဗျ

ဟဲ အခု ပြင်မလို့...😃😃 ကိုကြီး ရွေဘိုလည်း ပြောသေးတယ်...ကျေးဇူးပါ

Nice post write continue

Thanks bro.

nice post,bro!

တမှုး​ရေ
Good post

ကျေးဇူး အကိုကြီး

ညီလေးတမူးရေး... photos မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံဆရာနာမည်တွေပါရင် မသုံးပါနဲ့ ။ Getty images, Alamy တို့ဟာ copyright နဲ့ ညှိပါတယ်, သူတို့ ရိုက်ထားတဲ့ ပုံမှန်းသိအောင် စားတန်းထိုးထားတဲ့ အတွက် မသုံးသင့်ပါ။ editလုပ်ပြီး ပုံ တွေကို ပြန်ပြောင်းလိုက်ပါ။

ဟုတ်အကိုကြီး အခုလို သတိပေးတာကို အရမ်းကျေးဇူးတင်ပါတယ်အကိုကြီး ကျွန်တော်လည်း အဆင်ပြေမလားလို့ထည့်လိုက်မိတာ.. ထည့်တာထည့်လိုက်တာ လိပ်ပြာမလုံဘူး အကိုကြီး.... နောင်အတွက် သင်ခန်းစာ ရသွားပြီ ...

thanks for sharing

ဟုတ်ကဲ့အကိုရေ ကျေးဇူး ..

အ​ရေးအသား​ကောင်း​တယ်

ကျေးဇူး ညီလေး သူငယ်ချင်းရေ...

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 63209.23
ETH 3482.75
USDT 1.00
SBD 2.53