မွေးစားကျွန်

in #gjkkbbj7 years ago

မွေးစား ကျွန်

…………………

ကြည်လင်သောမှန်ချပ်များဖြင့်ကာရံထားပြီး အဲယားကွန်းလေအေးစိမ့်နေသည့် ရန်ကုန်မြို့၏ နာမည်ကျော် အအေးနှင့်မုန့်များရောင်းချသည့်ဆိုင်ကြီးတစ်ခုအတွင်း နော်မူစိုးတို့တစ်သိုက် တူညီဝတ်စုံလေးများဖြင့် လှုပ်ရှားနေကြသည် ။

သန့်ရှင်းရေးတာဝန်ယူသူများ ၊ စားပွဲထိုးတာဝန်ယူသူများ ၊ အစားအသောက်ကောင်တာတွင်တာဝန်ယူသူများ ၊ ငွေရှင်းကောင်တာတွင်တာဝန်ယူသူများဖြင့် အားလုံး ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည် မြင်ကွင်းမှာ သာမန်အားဖြင့်ကြည့်လျှင် ဘာမှ မထူးခြား ။

သို့သော် ထိုဆိုင်ဝန်ထမ်းများထဲမှ အများစုဖြစ်သော နော်မူစိုး တို့လိုလူစားများအတွက်တော့ ခါးခါးသီးသီးနာကြင်စရာများရှိနေသည် ။

နော်မူစိုးတို့ အား ထိုဆိုင်၏ လခစားဝန်ထမ်းအများအဖြစ် ထင်ကြပါလိမ့်မည် ။

သို့သော်

“ဒီရောက်တာ ငါးနှစ်ရှိပြီ ။ ၁၂ နှစ်သမီးကတည်းက ဂေဟာကနေ လာခေါ်သွားတာ ။ ရန်ကုန်က တရုတ်သူဌေးက မွေးစားမယ်ဆိုလို့ပျော်ပြီးလိုက်လာတာ ။ အခုတော့”

ဟုတ်ပါသည် ။

၂၀၁၀ ခုနှစ်တွင် ရန်ကုန်တိုင်း ၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မိဘမဲ့ပရဟိတဂေဟာတစ်ခုမှ အသက် (၁၂)နှစ်အရွယ် ကရင်တိုင်းရင်းသူလေး နော်မူစိုး ၊ မောင်ဖြစ်သူ စောကျော်လင်း ၊ သူငယ်ချင်းဖြစ်သူ နန့်မေရီ တို့အား ရန်ကုန်မှ သူဌေးဆိုသူမှ ဂေဟာတာဝန်ခံနှင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ခေါ်ဆောင်ခဲ့ခြင်းပင် ။

သုံးယောက်လုံးမှာ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ခဲ့ရသည့် ကရင်ကလေးငယ်များဖြစ်ပြီး အသားဖြူဖြူ ရုပ်ရည်အသန့်ပြန့်ဆုံးဖြစ်သည့်အတွက်ရွေးချယ်ခေါ်ယူခဲ့ခြင်းလည်းဖြစ်ကြောင်း အသက်(၁၇)နှစ် အရွယ် နော်မူစိုးမှ ရှင်းပြသည် ။

“ရန်ကုန်ရောက်ရောက်ခြင်း တိုက်ခန်းတစ်ခုမှာထားတယ် ။ ယား တို့လို့ အရွယ်လေးတွေရော အကြီးတွေရောရှိတယ် ။ အစ်မကြီးတစ်ယောက်က အခန်းကို အုပ်ချုပ်တယ် ။ သူဌေးခွင့်ပြုချက်မရပဲ ဘယ်သူမှ တိုက်ပြင်မထွက်ရဘူး ။ သူဌေးကလည်း ဘယ်တော့မှ ခွင့်မပြုပါဘူး ။”

ယခုအချိန်အထိ ကရင်ဘာသာဖြင့် သမီးဟု အဓိပါယ်ရသည့် ယား ဟူသော နာမ်စားကို သုံးကာ ပြောနေသေးသည့် နော်မူစိုးက လွန်ခဲ့သည့် ငါးနှစ်က သူ့အတွေ့အကြုံကို ရှင်းပြသည် ။

သူဌေးက မွေးစားမည်ဟုဆိုကာ ခေါ်ယူလာသော နော်မူစိုး တို့သုံးယောက်သည် ရန်ကုန်မြို့သို့ ရောက်ကာမှ သူဌေး၏ လုပ်ငန်းများတွင် လုပ်ကိုင်ရန် ခေါ်လာခြင်းဖြစ်ကြောင်း ဘ၀တူများထံမှ သိရတော့သည် ။

နောက်တစ်နေ့နံနက်တွင် နော်မူစိုး နှင့် သူငယ်ချင်းနန့်မေရီ တို့အား အခြားမိန်းကလေးသုံးယောက်နှင့်အတူ ဖယ်ရီကားဖြင့် ရန်ကုန်မြို့ထဲရှိ အအေးဆိုင်ရှိရာသို့ ခေါ်ဆောင်လာခဲ့သည် ။

“အဲ့ဒီတုန်းက ယားက ပန်းကန်ဆေးတဲ့နေရာမှာ ၀ိုင်းကူရတယ် ။ မေရီ က အသက်နည်းနည်းကြီးတော့ မီးဖိုချောင်မှာ ၀ိုင်းကူရတယ် ၊ နောက်ပိုင်းအအေးဆိုင်မှာ တခြားအလုပ်တွေသင်ပေးသွားမယ်ပြောတယ်၊ ယားတို့က စာသင်ရမယ်မှတ်တာ”

လုပ်ငန်းရှင်သူဌေးက မွေးစားရန်ခေါ်ခဲ့သည့်အတွက် စာသင်ရမည်ဟု ထင်ခဲ့သော နော်မူစိုး တို့ကာ စာသင်ဖို့ဝေးစွ ။

မြန်မာနိုင်ငံသားမဟုတ်သော လုပ်ငန်းရှင်သူဌေးကြီး၏ လုပ်ငန်းများတွင် အိပ်ရုံနေရာပေး ၊ ၀ရုံထမင်းကျွေး ထားသည့် အခမဲ့ဝန်ထမ်းများအဖြစ် ၀ယ်ယူခံခဲ့ရခြင်းပင်။

“တစ်ချို့ ပရဟိတအမည်ခံ ဂေဟာက လူတွေ က ကလေးတွေကို လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး ရောင်းစားသလိုလုပ်တာရှိသလို့..တစ်ချို့ဂေဟာတွေကလဲ တကယ်မွေးစားမယ်မှတ်ပြီး သေချာမစိစစ်ပဲ ပေးလိုက်တာမျိုးရှိတယ်.. အမှန်အတိုင်းဝန်ခံရရင် မိဘမဲ့ပရဟိတဂေဟာဆိုတိုင်းလဲ မယုံကြည်ရတော့ဘူး ။ အဲ့ဒီလို ပရဟိတလုပ်စားသူတွေကြောင့် ကျွန်တော်တို့ပါ ရောပြီးနာမည်ပျက်နေပြီ”

ဟု သန်လျင်မြို့ရှိ ခရစ်ယာန်မိဘမဲ့ပရဟိတဂေဟာမှ ဆရာကိုစံပီး က ဆိုလာသည် ။

ဆရာကိုစံပီး တို့ ဂေဟာမှာမူ ကလေးများကို ပညာထူးချွန်သည်အထိ သင်ကြားပေးပြီး မွေးစားလိုသူ မိဘများအား အမွေစားအမွေခံစာချုပ်ဖြင့်သာ တရားဝင်မွေးစားခွင့်ပြုကြောင်းလည်း သိရသည် ။စေတနာသန့်သန့်ဖြင့် ထူထောင်ထားသော ပရဟိတဂေဟာအများအပြားရှိသော်လည်း အချို့ဂေဟာ များမှာ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့်ဆက်သွယ်ကာ မိမိတို့အကျိုးစီးပွားအတွက် မိဘမဲ့ ကလေးသူငယ်များကို တန်ဆာခံအဖြစ် အသုံးချကာ လက်လွှဲရောင်းချသလို ပြုလုပ်မှုများရှိနေကြောင်းလည်း ၄င်းက ဖြည့်စွက်သည် ။

နော်မူစိုး တို့ အား လာရောက်ခေါ်ယူသော စီးပွားရေးလုပ်ငန်းရှင်မှာ မြန်မာနိုင်ငံသားတစ်ဦးမဟုတ်ပဲ တရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

မြန်မာစကားအားကျွမ်းကျင်စွာပြောတတ်ပြီး မြန်မာပြည်အရပ်ရပ်တွင် စားသောက်ဆိုင်လုပ်ငန်းများ ၊ ဖက်ရှင်အ၀တ်အထည်ဆိုင်များအများအပြား ရင်းနှီးမြုပ်နှံထားသူဖြစ်ကြောင်း စီးပွားရေးအသိုက်အ၀န်းမှ စုံးစမ်းသိရှိရသည် ။

မြန်မာပြည်အရပ်ရပ်မှ မိဘမဲ့ပရဟိတဂေဟာအချို့ နှင့် ချိတ်ဆက်ကာ ၄င်းကိုယ်တိုင် မိဘမဲ့ကလေးများအားမွေးစားမည်ဟုဆိုကာ သွားရောက်ခေါ်ယူလေ့ရှိကြောင်းလည်း အဆိုပါဆိုင်ဝန်ထမ်းများထံမှ သိရသည် ။

ကလေးကောက် ထွက်သည် ဟု ဆိုင်ဝန်ထမ်းများကသုံးနှုန်းလေ့ရှိကြ၏ ။

စီးပွားရေးလုပ်ငန်းရှင်အချို့ အနေဖြင့် မိဘမဲ့ ကလေးငယ်များအား ခေါ်ယူကာ ၄င်း၏ လုပ်ငန်းများတွင် အနည်းငယ်သင်ကြားပေးကာ ၀န်ထမ်းအဖြစ် လုပ်ကိုင်စေခြင်းဖြင့် လုပ်ခလစာမပေးရသည့်အတွက် လုပ်ငန်းအမြတ်ငွေအများအပြားရလာစေသည် ။

ထို့ကြောင့် လုပ်ငန်းရှင်အချို့မှာ အဆိုပါနည်းလမ်းဖြင့် မိဘမဲ့ဂေဟာများရှိ ကလေးသူငယ်များကို ပစ်မှတ်ထားလာကြသည် ။

မိဘမဲ့ကလေးများကား သူဌေးတို့၏ လက်ဝယ်ရောက်ပြီးနောက် နေထိုင်ရာအဆောင်ခန်းနှင့် အလုပ်ကို ဖယ်ရီဖြင့်သာ သွားလာရသည် ။ ပြင်ပသို့ ထွက်ခွင့်မရှိ ။ ငွေကြေးကိုင်တွယ်သုံးစွဲခွင့်မရှိ ။

“မနက် ခုနှစ်နာရီဆို ဖယ်ရီလာကြိုပြီ ။ ညဆို (၁၀)နာရီမှ ဆိုင်သိမ်းပြီး ပြန်ရတယ်။ ထမင်းကတော့ အလုပ်ထဲမှာပဲ စားပေါ့” ဟု နော်မူစိုးက ဆိုသည် ။

လုပ်ခလစာမဲ့ဖြင့် တစ်နေ့လျှင် (၁၅)နာရီ လုပ်နိုင်သည့် မိဘမဲ့ဂေဟာဖြစ် လုပ်သားများကား သူဌေးတို့၏ စေတနာအဖြစ် တစ်လလျှင် အ၀တ်အစားနှစ်စုံ ဘောက်ဆူးရလေ့ရှိသည်ဟုလည်း သိရသည် ။

မိဘမဲ့ကျောင်းတွင် မောင်နှမနှစ်ယောက်အတူတကွနေခဲ့ရသော်လည်း မွေးစားမည်ဟု ခေါ်ယူခံခဲ့ရပြီးနောက် တစ်ကွဲတပြားစီနေခဲ့ရသည်က ပိုမိုခံစားရသည်ဟု နော်မူစိုး က ဆိုသေးသည် ။

“မောင်လေးကို မန္တလေးက ဘီယာဆိုင်ကို ပို့လိုက်ကြတယ်။ မန္တလေးက ဆိုင်ကလဲ ဒီသူဌေးပိုင်တာပဲလေ။ ဒီမောင်နှမ နှစ်ယောက်တည်းရှိတာ အတူတူနေချင်တာပေါ့” ဟုနော်မူစိုး က ပြောပြသည် ။

နော်မူစိုး ၏ သူငယ်ချင်းဖြစ်သူ နန့်မေရီ မှာမူ သူဌေး၏ အ၀တ်အစားဖက်ရှင်ဆိုင်သို့ ပြောင်းရွှေ့ခံရပြီးနောက် အဆောင်မှ ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည် ။

သူဌေး၏ အလုပ်သမားများမှ ဘတ်စ်ကားဂိတ်တစ်ခုတွင် ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ကြည်မြင့်တိုင်မြို့နယ်ရှိ တရုတ်နိုင်ငံသားတစ်ဦး၏ အိမ်သို့ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်ရန် အပို့ခံခဲ့ရကြောင်းလည်း နော်မူစိုး မှ ဆိုသည် ။

“ယားက တော့ ထွက်ပြေးဖို့ မစဉ်းစားတော့ဘူး ။ ယားမှာ မိဘလဲ မရှိဘူး ။ ဒီမြို့ကြီးထဲမှာလဲ မသွားလာတတ်ဘူး ။ ဂေဟာပြန်ရင်လည်း ပြန်ပို့ခံရမှာ ။ မေရီ လို သူများအိမ် အပို့ခံရမှာကို ကြောက်တယ်” ဟု နော်မူစိုးက စိုးရိမ်တကြီးပြောပြသည် ။

မိဘမဲ့ကလေးတို့ကို ကျွန်သဖွယ် လက်လွှဲရောင်းချနေသည်လား ။

“တကယ်လို့ ကလေးမွေးစားမယ်ဆို ၁၉၄၁ ကိတ္တိမအမွေစားအမွေခံစာချုပ်အရ မိမိမိသားစု၏ လုပ်ငန်းများတွင် ၀ိုင်းဝန်းကူညီလုပ်ကိုင်ခွင့်ပေးရမည်ဆိုတာပါပေမယ့် သားသမီးနည်းတူ ပညာရေး ကျန်းမာရေး အမွေခံခွင့် အခွင့်အရေးပေးရမယ်ဆိုတာ ပါတယ်၊ ဒီလိုမှမဟုတ်ပဲ လုပ်ငန်းတစ်ခုကိုပဲ ခိုင်းစေနေရင်တော့ ဒါ အမွေစားအမွေခံစာချုပ်ကို မျက်ကွက်ပြုပြီး လူကုန်ကူးမှုပါပဲ” ဟု တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်က ထောက်ပြပြောဆိုသည် ။

သို့သော် နော်မူစိုး တို့ အား မွေးစားစဉ်က စာချုပ်ဖြင့် မွေးစားခဲ့သည်လား ၊ ငွေပေးငွေယူဖြင့် မွေးစားခဲ့သည်လားကိုတော့ နော်မူစိုးတို့ ကိုယ်တိုင်မသိခဲ့ ။

ယခင်က နာဂစ်ဒေသမှ မိဘမဲ့ကလေးများသာ စီးပွားရေးလုပ်ငန်းရှင်အချို့၏ ပစ်မှတ်ဖြစ်ခဲ့ရာမှ ယခုနောက်ပိုင်း စစ်ဖြစ်ပွားရာဒေသများမှ မိဘမဲ့ ကိုးကန့် ၊ပလောင်ဝ် ၊ ပအို့ဝ် လူမျိုးကလေးငယ်များသည်လည်း မိဘမဲ့ဂေဟာများတွင် အရေအတွက်တိုးပွားလာနေပြီဖြစ်သည်

ထိုသို့ မိမိကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်သော ပရဟိတအရေခြုံအချို့ ၊ စီးပွားရေးအကျိုးအမြတ်အတွက် ဒုက္ခသည်ကလေးငယ်များကိုပင်မချန် ခေါင်းပုံဖြတ်တတ်သော ၀ိသမလောဘသား စီးပွားရေးသမားတို့ အကြားရှိ မိဘမဲ့ကလေးငယ်တို့၏ အနာဂတ် ကား စိုးရိမ်ဖွယ်အခြေအနေတစ်ရပ်ပင် ။

ပိုမိုဆိုးရွားသည်က ၇န်ကုန်မြို့ နှင့် အခြားမြို့ကြီးများရှိ လူသိများထင်ရှားသော စားသောက်ဆိုင်လုပ်ငန်းများ ၊ ဖက်ရှင်အ၀တ်အထည်ဆိုင်လုပ်ငန်းများတွင် ယင်းကဲ့သို့ ခေါင်းပုံဖြတ်ခံ ခေတ်သစ်ကျေးကျွန်သဖွယ် မိဘမဲ့ကလေးလုပ်သားလေးများကား လူအများမျက်စိရှေ့မှောက်တွင် ရှိနေခြင်းပင်ဖြစ်သည် ။

အသက်(၁၇)နှစ်အရွယ် ကရင်မလေးနော်မူစိုးကတော့ အဲယားကွန်းလေဖြင့် အေးစိမ့်နေသည့် အခန်းလေးထဲတွင် စားပွဲမှ ထသွားသူများ၏ ပန်းကန်ခွက်များကို သိမ်းဆည်းရန် စောင့်ကြည့်နေလေသည် ။

တစ်ခါတစ်ရံ ရေသန့်ဗူးခွံအလွတ်များ ကျန်ခဲ့သည် ဆိုပါက အခြားဘ၀တူ ၀န်ထမ်းများထက် ဦးအောင် အဆိုပါ စားပွဲသို့ ပြေးကာ သွားသိမ်းဆည်းတတ်သည် ။

ရေသန့်ဗူခွံရလျင် ဆိုင်နောက်ဂိုထောင်တွင်းရှိ မိမိနာမည်ထိုးထားသော ပီနန်အိတ်အတွင်း ရေသန့်ဗူးခွံကို သွားရောက်စုဆောင်းရန်ဖြစ်သည် ။

လကုန်လျင် ဆိုင်သို့ ရေသန့်ဗူးလာဝယ်သူရောက်လာပါက နော်မူစိုး စု ထားသော ရေသန့်ဗူးခွံတွေရောင်းမည် ။

“ဖိနပ်လှလှလေးတစ်ရံလောက် ၀ယ်မလို့” ဟု ဆိုသည်က မြို့လယ်ခေါင် အအေးဆိုင်လေးအတွင်းမှ မိဘမဲ့ကလေးငယ်အပျိုပေါက်မလေး နော်မူစိုး ၏ အမြင့်ဆုံးအိပ်မက်တစ်ခုပင်ဖြစ်ပါလိမ့်မည် ။

ခက်ဇော် (KZ)
Kyaw Swa Naing
၂၀၁၄ခုနှစ်၊ Voice Journal image