Family

in MSC4 years ago

IMG_4862-01.jpeg

၀န်ထမ်း သားသမီးတွေ အကြောင်း တခေါက်ရ ရေးဖူးသေး၏။ ကိုယ်တိုင်က ဝန်ထမ်း သားသမီး မဟုတ်ပေမယ့် ကျနော့် တူ၊ တူမတွေက ဝန်ထမ်း သားသမီးတွေ ဖြစ်နေကြသည်ကိုး။ ကျနော့် အမ (၂) ယောက်လုံးက စာရင်းစစ်များ ဖြစ်ကြ၏။ သူတို့တွေ အိမ်ထောင်မကျခင် ကတည်းက တယောက် တနေရာစီ တာဝန်ထမ်းဆောင်နေကြရမှာ နှစ်ကြာ၊ အနေကြာပြီး အပြောင်းအရွှေ့တွေနှင့် ကိုယ်စီ တောင်ကြီးကို ပြန်လည်ပြီး ရောက်လာကြ၏။ အိမ်ထောင်တွေကျပြီး ကလေးတွေတောင် (၇) နှစ်အတွင်း ရောက်လာခဲ့ပြီ ဖြစ်၏။

တောင်ကြီးမှာ ကြာနေပြီ ဖြစ်သဖြင့် အခြား နေရာသို့ ရွှေ့ပြောင်းဖို့ ဖြစ်လာရပြန်၏။ အပြောင်းအရွှေ့ သွားလိုသည့် နေရာကို ကိုယ်က တင်လျှင် တင်၊ မတင်လျှင်တော့ သူတို့ ပို့သည့် ထားသည့် နေရာသို့ သွားရမည် ဖြစ်၏။ အမကြီးကတော့ လွိုင်လင်သို့ ပြောင်းရ၏။ တောင်ကြီးနှင့် သိပ်မဝေးဘူး ဆိုပေမယ့် တခြားမြို့ ဖြစ်သွားပြီကိုး။ တောင်ကြီးကနေ လွိုင်လင်က (၂) နာရီကျော်၊ (၃) နာရီလောက်တော့ မောင်းရ၏။ အမတို့ မိသားစုလိုက် ပြောင်းသွားကြခြင်းတော့ မဟုတ်ပေ။ အမ တယောက်ထဲ သွားလိုက်ခြင်း ဖြစ်၏။

FB_IMG_1582544033510.jpg

တူမလေးနှင့် အမ၏ အမျိုးသားကတော့ ဒီမှာတင် နေခဲ့ကြ၏။ ယောက်ဖကလည်း သူ့အလုပ်က ဒီမှာ၊ တူမလေးကလည်း ကျောင်းက တက်လက်စ ရှိသေးသည်ကိုး။ သို့နှင့် အမ တယောက်ထဲ လွိုင်လင် သွား၏။ စနေ၊ တနင်္ဂနွေတော့ ပြန်လာ၏။ မမကြီး လွိုင်လင်မှာ တာဝန်ကျနေတာပင် တနှစ်ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်၏။ ပြီးခဲ့သည့် ရက်ပိုင်းမှာတော့ အမငယ်ပါ ပြောင်းဖို့ ဖြစ်လာခဲ့ပြီ ဖြစ်၏။ မငယ်ကတော့ မကြီးလို အနေကြာ မဟုတ် ရာထူးတိုးနှင့် ဖြစ်၏။ ယခင် စာရင်းစစ်မှသည် စာရင်းစစ်မှူး ရာထူးသို့ တိုးမြှင့် ခန့်ထားခံရခြင်း ဖြစ်၏။

နေရာက လွိုင်ကော် ပြည်နယ် ရုံးဖြစ်၏။ ကယားပြည်နယ်ပေါ့။ ရှမ်းပြည်နယ်နှင့် ကပ်လျှက် ဆိုပေမယ့် သူလည်း ဝေးတော့ ဝေးသေး၏။ အမတွေ အပြောင်းအရွှေ့က ကလေးတွေကို တနေရာစီ ရောက်သွားစေနိုင်၏။ ခု မငယ်က လွိုင်ကော် ပြောင်းရတော့ သူ့သား (ကျနော့် တူလေး) ကို ခေါ်သွားမည် ဖြစ်၏။ တူတော်မောင် သွားတော့ တူမလေးက ဒီမှာ ကျန်ခဲ့မည် ဖြစ်၏။ တူမလေးက သူ့ မောင်လေးကို အတော်လေး ချစ်၏၊ ခင်တွယ်၏။ တူလေးကတော့ တူမလေးလောက် မဟုတ်ပေ။ ဒီကောင်က သူ့ အမေ အဓိက ဖြစ်၏။ တူမလေးက သူ့အမေထက် သူ့မောင်နှင့် ပိုပြီး နေချင်၊ နေလို၏။

မငယ်၏ အပြောင်းအရွှေ့ သတင်းကြားပြီးနောက် ကျနော်တို့မှာ ဝမ်းသာ ဝမ်းနည်း ဖြစ်ရ၏။ သူ့အတွက် ရာထူးတိုးလို့ ပျော်ပေးရသလို၊ ကလေးတွေ အတွက်လည်း စိတ်မကောင်းဖြစ်ရ၏။ ဝန်ထမ်း ဘဝကတော့ ဒီလိုပဲ မဟုတ်လား။ ကျရာနေ၊ ထားရာသွား နေရပေလိမ့်ဦးမည်။ ကျနော်တို့လည်း အိမ်ပြောင်းဖို့ ရွှေ့ဖို့တွေ လုပ်ကြရပေလိမ့်ဦးမည်။ ဒီရက်ပိုင်းတော့ အလုပ် ရှုပ်ပေဦးမည်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61467.71
ETH 3435.85
USDT 1.00
SBD 2.51