ဖမ်းဆုပ်မရလေသော အတွေးများ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပျော်ရွှင်ခြင်းရဲ့ အမှတ်သင်္ကေတသည် ရယ်ခြင်းပင်ဖြစ်နိုင်ပါတယ်။ ရယ်ခြင်းဆိုသည်ကိုလည်း အဘိဓမ္မာလို့ဆိုရမယ်ထင်ပါတယ်။ ငိုခြင်းဆိုတာကတော့ အနုပညာရဲ့အမှတ်တံဆိပ်လို့ထင်ရတာပဲ။ ပျော်တယ်ဆိုတာက ရယ်မောခြင်းကို ရည်ညွှန်းတာဖြစ်သလို မပျော်ဘူးဆိုတာက ငိုကြွေးခြင်း၊ ပူဆွေးခြင်း၊ လွမ်းဆွတ်ခြင်းဆိုတာတွေကို ပြပါတယ်။ ရယ်မောနေတဲ့သူတွေက အခြားသူများကိုလည်း ပျော်ရွှင်ရယ်မော စေချင်ကြပါတယ်။ ငိုကြွေးနေကြတဲ့သူတွေ၊ ပူဆွေးနေကြတဲ့သူတွေ၊ လွမ်းဆွတ်နေကြတဲ့သူတွေကလည်း သူတို့လိုပဲ ငိုကြွေး ပူဆွေး လွမ်းဆွတ်နေစေချင်ကြပါတယ်။ ထိုအရာတို့သည်ကား လူသားတို့သည် မိမိ လုပ်ကိုင်နေသောအလုပ်အား အခြားသူများအား လိုက်လုပ်စေလိုသော စိတ်ဆန္ဒပင်ဖြစ်ပါမယ်။ ရယ်လိုသူများ က ရယ်မောခြင်းကို လိုက်လုပ်ကြမှာဖြစ်သလို လွမ်းချင် ဆွေးချင် ငိုချင်သူများကလည်း ငိုခြင်းကို လိုက်လုပ်ကြပါလိမ့်မယ်။ ငိုခြင်းကိုလည်းမလုပ် ရယ်မောခြင်းကိုလည်း လိုက်မလုပ်တဲ့သူများလည်း ကျန်ရှိနေပါလိမ့်မယ်။ ထိုသူများကတော့ မိမိစိတ်ကို မိမိပိုင်နိုင်သူများဖြစ်နိုင်ပါတယ်။ ထိုသူတို့သည်ကား ရယ်ချင်သောအချိန်ရယ်ပြီး ငိုချင်သောအချိန် ငိုကြပါလိမ့်မယ်။ ငိုချင်သလား အလွမ်း အဆွေးတွေကို များများဖတ်ပါ။ ရယ်ချင်သလား ရယ်စရာလေးတွေကို ရှာကြံဖတ်ပါ။ ကြားနေအဖြစ် နေနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မလားပဲ။
လိမ်လည်ခြင်းကို မြတ်နိုးတဲ့သူတွေကို မှန်ကန်ခြင်းနဲ့ အနိုင်ယူနိုင်ပါတယ်။ လိမ်လည်ခြင်းကို မြတ်နိုးတတ်သူများအား ကိုယ်ပြန်လည်ပြီး လိမ်လည်ခြင်းနဲ့ အနိုင်မယူနိုင်ပါဘူး။ လိမ်တဲ့သူကို မှန်မှန်ကန်ကန် ဆက်ဆံပေးခြင်းဖြင့်သာ အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ ဒေါသဖြစ်နေသူကို မေတ္တာနဲ့ အနိုင်ယူသလို ပါပဲ။ လောင်နေတဲ့မီးကို မီးနဲ့ငြိမ်းလို့မရနိုင်ပါဘူး။ လောင်နေတဲ့မီးကို ရေနဲ့ငြိမ်းမှပဲငြိမ်းနိုင်ပါတယ်။ ဘယ်လောက်ပူ နေတဲ့ရေပဲဖြစ်နေပါစေ မီးကိုတော့ငြိမ်းအောင်ငြိမ်းလို့ရပါတယ်။ သံသရာဆိုတာ တစ်ပတ်လည်တတ်လေတော့ သူကကိုယ့်ကိုလိမ်သွားလို့ ကိုယ်ကလည်း ပြန်လိမ်မယ်ဆို သံသရာက ကိုယ့်ဆီကို လိမ်လည်ခြင်းက ထပ်ခါ ထပ်ခါ လာလိမ်ပါလိမ့်မယ်။ လိမ်တာကိုရပ်သွားအောင်လို့ကတော့ ကိုယ်တိုင်က လုပ်မှပဲရမှာပါ။ ကလဲ့စားချေတာတွေ ရန်ငြိုးတွေဆိုတာကလည်း အပြန်အလှန်ပြုလုပ်နေမယ်ဆိုရင် သံသရာမဆုံးဆိုသလိုပဲ သံသရာလည်နေမှာပါ။ တခါတရံမှာ ယဉ်ကျေးခြင်းတွေ သိမ်မွေ့ခြင်းတွေဟာ လူလိမ်လူကောက်တို့ရဲ့ အဆင်တန်ဆာတစ်ခုဖြစ်သွား တတ်ပါတယ်။ အလွန်တော်တဲ့ လူလိမ် လူကောက်တွေဟာ ယဉ်ကျေးခြင်းတွေ သိမ်မွေ့ခြင်းတွေကို အရေခြုံထားပြီး လူတွေကို လိမ်လည်လှည့်ဖျားသွားတတ်ကြပါတယ်။ ယဉ်ကျေးတဲ့ ရည်မွန်တဲ့ လူတိုင်းကိုတော့ လူလိမ်ရယ်လို့တော့ ယူဆထားလို့မရဘူးနော်။
ဘ၀အတွက်ခရီးသွားဖော်ဆိုတာကို အိမ်ထောင်ဖက်ရယ်လို့ မှတ်ယူထားလို့မရပါဘူး။ အတူတူပေါင်းသင်း နေရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေသည်လည်း ဘ၀ရဲ့ခရီးဖော်တွေဖြစ်မယ်ထင်ပါတယ်။ အဲဒီဘ၀ခရီးဖော် လို့ဆိုတာတွေကလည်း ကိုယ့်ရဲ့ရှေ့ကနေသွားနေသူ၊ နောက်ကနေလိုက်နေသူ မဖြစ်သင့်ဘူးလို့ဆိုကြပါတယ်။ ကိုယ်နဲ့ရင်ဘောင်တန်းပြီး တန်းတူသွားနေသူတွေဖြစ်နေရမယ်လို့လည်း အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးက ပြောခဲ့ဖူးပါတယ်။ အောင်မြင်နေတဲ့အချိန်မှာ ကိုယ့်ကိုအကာအကွယ်ယူပြီး နောက်ကလိုက်နေသူတွေ၊ အခွင့်အရေးလိုချင်လို့ ဆရာလုပ်ချင်လို့ ရှေ့ကနေသွားနေသူတွေဟာလည်း မိတ်ဆွေမဖြစ်နိုင်ပါဘူးတဲ့။ ဒုက္ခရောက်နေချိန်၊ ကျရှုံးနေချိန်မှာ ကိုယ်နဲ့အတူ ဘေးချင်းယှဉ်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း တဲ့သူကမှ မိတ်ဆွေဖြစ်ပါသတဲ့။ သတိပြုစရာအကြောင်းအရာလေးတွေပါ။ ပညာရှင်ကြီးတစ်ဦးကလည်း ဒီလိုပြောခဲ့ဖူးပါတယ်။ “မိတ်ဆွေဆိုရင် ငါ့ဘေးကနေ ငါနဲ့အတူတူသွားပါ” တဲ့။ ဘ၀ခရီးကိုလျောက်လှမ်း ကြရာမှာ အဲဒီလို ဘ၀ခရီးဖော်နဲ့သွားရမယ်ဆိုရင် အင်မတန်စိတ်ကျေနပ်စရာကောင်းမှာဖြစ်သလို ပျော်ရွှင်စရာ ဘ၀ဖြစ်မှာလည်း သေချာပါတယ်။ ဒါပေမယ့် အဲဒီလို မိတ်ဆွေမျိုးရဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ ရတနာပစ္စည်းတစ်ခုလိုပါပဲ။ အင်မတန် ရှားလှပါတယ်။
ကျွန်တော်တို့လူသားတွေဟာ မကောင်းမှုဆိုတဲ့အလုပ်တွေကို လူရှေ့သူရှေ့မှာတော့ မလုပ်တတ်ကြပေမယ့် လူမမြင် သူမမြင်အချိန်မှာတော့ လုပ်တတ်ကြပါတယ်။ မကောင်းမှုကို ခိုးကြောင် ခိုးဝှက်နဲ့ လုပ်တတ်ကြတာ ကိုဆိုလိုတာပါ။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိလို့ မြတ်ဗုဒ္ဓပြောထားတဲ့စကားတွေကို မေ့လျော့ပြီး ဆိတ်ကွယ်ရာ အရပ်မှာ မကောင်းမှု ပြုတတ်ကြတဲ့သူတွေများပါတယ်။ အဲဒီလိုမကောင်းမှုပြုပြီးရင်လည်း ကိုယ့်စိတ်ကိုယ် မလုံမခြုံဖြစ်နေတတ်ကြပါတယ်။ တချို့လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတတ်ကြပါသေး တယ်။ ဘာကိုကျေနပ်နေတတ်သလဲဆိုရင် ငါမကောင်းမှုလုပ်တာ ဘယ်သူမှမသိဘူးဆိုပြီးတော့ပေါ့။ တကယ်တော့ ကိုယ်တိုင်ကသိနေတာကို မေ့လျော့နေတတ်ကြပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အတွေးစိတ်တွေကို စက္ကန့် မိနစ်တိုင်းမှာ အမှန်တကယ် ဆန်းစစ်လိုတဲ့စိတ်နဲ့ ကြည့်မယ်ဆိုရယ် ကောင်းတဲ့အတွေးကနည်းနည်း မကောင်းတဲ့အတွေးတွေက များနေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ဘယ်လိုကောင်းမှု မကောင်းမှုတွေကို တွေးတောနေကြသလဲဆိုတာကို အမှန်အတိုင်း ဖွင့်ပြောရဲတဲ့သူလည်း နည်းမယ်ထင်ပါတယ်။ မကောင်းတဲ့အတွေးစိတ်တွေကများနေလေတော့ ဘယ်လိုဖွင့်ပြောရဲကြပါ့မလဲ။ ကျွန်တော်တို့လူသားတွေမှာ အလွန်ဆိုးရွားတဲ့အရာတစ်ခုကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အစွဲ လို့ခေါ်ရမယ်။ ဟိုဟာလဲ အစွဲ၊ ဒီဟာလဲ အစွဲ ဆိုတဲ့စိတ်နဲ့ ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြတာကို လူမှုအသိုင်းအ၀ိုင်းမှာ နေ့စဉ်မြင်တွေ့နေရပါတယ်။ အဲဒီအထဲမှာ အဆိုးရွားဆုံးအစွဲကတော့ ငါ စွဲ စွဲနေတာပါပဲ။
လူ့ဘ၀ဆိုတာ တိုတိုလေးပါလို့ လူတိုင်းနီးပါး ပြောဆိုတတ်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီတိုတို လေးအတွင်းမှာ ကောင်းတဲ့စိတ်နဲ့နေထိုင်သူ က ဘယ်လောက်မှ ရှိမယ်မထင်ပါဘူး။ ဟိုလူနဲ့မတည့် ဒီလူနဲ့ ရန်ဖြစ် နောက်ဆုံး မိသားစုဝင်အချင်းချင်းပင် သေသည်အထိ မခေါ် မပြောသူများပင် ရှိပါတယ်။ တိုတိုလေး အတွင်းမှာ မကောင်းတဲ့စိတ်တွေနဲ့သာ လူအချင်းချင်း ဆက်ဆံနေကြတာပဲ တွေ့နေရပါတယ်။ လူတို့ရဲ့ သက်တမ်းကလည်း ကြာလေ တိုလေဖြစ်နေပါပြီ။ နေ့မြင် ညပျောက် ဆိုသော ခေတ်မဟုတ်တော့ပါ။ ခုမြင် ခဏနေပျောက် ခေတ် ဖြစ်နေလေပြီ။ ခုလေးတင် မျက်စိရှေ့ကနေထွက် သွားတယ် ခဏနေ ၀ုန်း ကနဲ ဒိုင်း ကနဲ အသံကြာြး့ပီး လမ်းပေါ်မှာ သွေးသံရဲရဲ ကားကနဲ နေပြီး အသက်မရှိတော့တဲ့သူတွေ နေ့စဉ် ရှိနေပါတယ်။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ဆိုတဲ့ စကားကို ဆင်ခြင်သူ အသက်ဥာဏ်စောင့် ဆိုသော စကားကို သတိပြုသူ အလွန်နည်းပါးမည် ထင်ပါတယ်။ သေခြင်းတရားအကြောင်း ရေးလိုခြင်းမဟုတ်ပေမယ့် လမ်းကြုံလို့ ထည့်ရေးသွားခြင်းဖြစ်ပါတယ်။ သေခြင်းတရားတွေကို နေ့စဉ်ပြောနေရင် စိတ် ကျဆင်းသွားမယ့်သူ တွေကများပြီး တရားသဘောကိုဆင်ခြင်နိုင်တဲ့သူက မရှိသလောက် ရှားနေမှာပါ။ သေခြင်းအကြောင်းကို ခဏတိုင်း ကြားနေရသူတွေအတွက် လုပ်ချင် ကိုင်ချင်စိတ်တွေ ပျောက်ကွယ်သွားတတ်ကြသလို တိုးတက်လိုစိတ်တွေ ကုန်ခမ်းပြီး စိတ်ဓာတ်ကျသွားတဲ့သူတွေက များမှာပါ။ ဒီတော့ သေခြင်းအကြောင်းကို အခုမရေးတော့ပဲ နောင်ကြုံမှပဲရေးပါတော့မယ်ဆိုတဲ့အကြောင်းပြောရင်း ဒီနေရာမှာ ရပ်နားလိုက်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-Jun-2018 အင်္ဂါနေ့(Tuesday)






right
Thanks.
Myanmar good is community in steemians nice
မှန်ပါတယ်ရှင်
မေတ္တာထားနိုင်လေ အေးချမ်းလေပါပဲရှင်
ကျေးဇူတင်ပါတယ်ဗျာ
ရှောင်လွဲမရသောသေခြင်းတရားကိုသတိပေးတာကောင်းပါသည်
သေခြင်းတရားကို လူအများကကြောက်နေတတ်တယ်
like
ကျေးဇူးပါခင်ဗျာ
အကိုစိုး ညီလေးကို 15 steem လောက်ချေးပါလား တပတ်နေရင်ပြန်ရမှာပါ
အကိုစိုး ညီလေးကို 15 steem လောက်ချေးပါလား တပတ်နေရင်ပြန်ရမှာပါ