နို့ဆီဗူးခွံကုန်သည်
မြစ်ကြီးနားမှာနေတုန်းက ကျွန်တော်လုပ်ခဲ့ဖူးတဲ့ အရာတွေထဲမှာ သံတိုသံစ တွေလိုက်ဝယ်တဲ့အလုပ် နို့ဆီဗူးခွံတွေ လိုက်ဝယ်တဲ့အလုပ်လည်း လုပ်ခဲ့ဖူးတယ်ဗျ။ အဲ့ဒီအကြောင်းလေး နည်းနည်းပြောပြရဦးမယ်။
အဲ့ဒီအချိန်က တရုတ်ဆိုင်ကယ်တွေ အခုလောက်မပေါသေးလေတော့ မြစ်ကြီးနာ မှာ စက်ဘီးပြင်ဆိုင်တွေ အရမ်းလဲပေါ အရမ်းလဲအလုပ်ဖြစ်ကြတဲ့ အချိန်ဆိုပါတော့။ မြို့တွင်းသွားရေးလာရေးအတွက်ကလည်း ဆိုက်ကားတွေလောက်ပဲ အားကိုးပြီးသွားလာနေရတဲ့ အချိန်ဆိုတော့ စက်ဘီးပြင်ဆိုင်တွေမှာ စက်ဘီးပျက်လို့ လာပြင်တာတွေရော ဆိုက်ကားပျက်လို့ လာပြင်တာတွေရောနဲ့ စက်ဘီးပြင်ဆိုင်တွေ နေ့တွက် တော်တော် စည်တဲ့အချိန်ဆိုပါတော့။
ကျွန်တော်အဲ့ဒီအချိန်က တန်ဆည်မြို့ နယ်ဘက်က ဓါးတို့ တံစဉ်းတို့ လုပ်တဲ့ ပန်းပဲ ဆရာတစ်ယောက် နှင့် အသိအကျွမ်းဖြစ်ခဲ့တယ်။ သူက တန်ဆည်ဘက်ကနေ မြစ်ကြီးနားကို တက်ပြီးသူ့ပန်းပဲ လုပ်ငန်းအတွက် ကုန်ကြမ်း လာဝယ်တယ်ဆိုပါတော့။ သူလိုအပ်တဲ့ ကုန်ကြမ်းက စက်ဘီးပြင်ဆိုင်တွေမှာ ရှိတဲ့ ပစ္စည်းအဟောင်းတွေခင်ဗျ။ စက်ဘီးရဲ့ ခါးဝင်ရိုးအဟောင်းတစ်ချောင်းဟာ ဓါးတစ်လက် ပြုလုပ်လို့ရသလို ခြေနင်းဝင်ရိုး တစ်ချောင်းဟာ တံစဉ်းတစ်ချောင်းဖြစ်အောင် ပြုလုပ်လို့ရတယ်တဲ့။
သူကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ ခဏခဏ ကုန်ကြမ်းထွက် မဝယ်နိုင်ပါဘူးတဲ့။ အဲဒါကျွန်တော်နဲ့ ရင်းနှီးသွားလေတော့ လိုက်ဝယ်ရမဲ့ ဈေး သူ့ဆီလာရောင်းရင် သူပြန်ဝယ်ပေးမဲ့ ဈေးတို့ကို ပြောပြတယ်။ စက်ဘီး ခါးဝင်ရိုးအဟောင်း တစ်ချောင်းကို ပြင်တဲ့ဆိုင်တွေမှာ တစ်ချောင်းကို နှစ်ဆယ် နဲ့ ဝယ်ခိုင်းပြီး သူရှိတဲ့ တန်ဆည်အရောက် ပို့ပေးရင် တစ်ချောင်းကို လေးဆယ့်ငါးကျပ်ပြန်ကောက်ပေးပါ့မယ်တဲ့။ ခြေနင်းဝင်ရိုး တစ်ချောင်းကို ငါးကျပ်နဲ့ ကောက်ခိုင်းပြီး သူပြန်ကောက်ပေးမဲ့ ဈေးက ဆယ့်ငါးကျပ် နဲ့ ကောက်ပေးပါမယ်တဲ့။
တစ်ကျပ်အရင်းရှိရင် တစ်ကျပ်မြတ်မဲ့အလုပ်ဆိုတော့ စိတ်ဝင်စားသွားပြီး လုပ်ဖို့သဘောတူလိုက်တယ်။ အဲ့ဒီအချိန်က သံတိုသံစ တစ်ပိသာမှ ၅၀ ၆၀ လောက်ပဲ ရှိမယ်ထင်တယ်ဗျ။ အဲဒီလို စက်ဘီးဝင်ရိုးလေးတွေ တစ်ချောင်းချင်း ဈေးပေးပြီးဝယ်တော့ ပြင်တဲ့ဆိုင်က လူတွေလဲ သဘောကျ ကိုယ်လည်းကိုက်ပေါ့လေ ။ တစ်ချို့ မြို့ နဲ့ နဲနဲဝေးတဲ့ နေရာတွေကို သွားဝယ်ရင် ဈေးနည်းနည်းလျော့ ပေးလိုက်တယ် ကိုယ့်အတွက် သွားခလာခတော့ ချန်ရတာပေါ့ဗျာ။
တစ်ချို့စက်ဘီးပြင်ဆိုင်တွေဆို ရောင်းစားရကောင်းမှန်းမသိတဲ့ ဟာမျိုးနဲ့ ကြုံရင် အလကားနီးပါးရတဲ့ ဟာတွေလည်း ရှိတယ်။ ဝယ်လို့ရတဲ့ ဝင်ရိုးအဟောင်းတွေကို တန်ဆည်ကို သွားရောင်းပြီး အပြန်ကျတော့ ပန်းပဲဖိုလ် က ဓါးတွေ တံစဉ်းတွေ အပြန်ကုန် အဖြစ်ပြန်သယ်လာပြီး မြစ်ကြီးနားက ကုန်မာဆိုင်တွေမှာ သွင်းတယ်။ အသွားကုန် အပြန်ကုန်နဲ့ နည်းနည်းတော့ အလုပ်ဖြစ်တယ် ဆိုရမယ်။
စက်ဘီးလေး တစ်စီးနဲ့ မြို့အနှံ့ လျှောက်ပြီး ဝင်ရိုးအဟောင်းတွေ လျှောက်ဝယ်ရင်းကနေ မဟုတ်လည်း သွားနေရတာဆိုတော့ နောက်တစ်မျိုးအလုပ်က ချဲ့ကြည့်ချင်လာတယ်။ မုံရွာ မြစ်အနောက်ဘက်ကမ်းက ဆားလင်းကြီးဘက်မှာ ကြေးနီလုပ်ကြတာ သိတယ်မဟုတ်လား။ သူတို့ ကြေးနီလုပ်ငန်းရဲ့ ကုန်ကြမ်းက ဘာတွေထင်သလဲ။
နို့ဆီဗူးအခွံတွေခင်ဗျ။ နို့ဆီဗူးအခွံတွေကို ဒုတ္ထာရေတွေနဲ့ စိမ်ပြီး အမှုန်ဖြစ်သွားတဲ့ ဟာလေးတွေကို မီးနဲ့ပြန်ကြိုကျတာ။ အဲဒါကို မြင်ဖူးထားတော့ သူတို့နို့ဆီဗူးခွံတွေ ပြန်ပြီး ဝယ်တယ်မဝယ်တယ် မလေ့လာပဲ ကျနော်လည်း စက်ဘီးဝင်ရိုးတွေ ဝယ်ရင်း လမ်းမှာ တွေ့တဲ့လက်ဘက်ရည်ဆိုင် မှန်သမျှ နို့ဆီဗူးခွံ ဆင်းဝယ်တော့တာပဲ။ လက်ဘက်ရည်ဆိုင်တွေက နို့ဆီဗူးခွံတွေကို အမှိုက်ဖြစ်နေတာ ဆိုတော့ အလကားပေးလိုက်တဲ့ ဆိုင်တွေလည်း ရှိတယ်။ တစ်ဗူးကို တစ်ကျပ်နဲ့ ပေးဝယ်ခဲ့ရတဲ့ ဟာတွေလည်း ရှိတယ်။
နေ့စဉ် အိမ်ပြန်ရောက်တိုင်းနို့ဆီဗူးခွံတွေကို ဝန်ကျဉ်းသွားအောင် ရိုက်ပြားရတဲ့ အလုပ်တော့ ပိုလာတယ်။ စက်ဘီး ဝင်ရိုးလေးတွေကိုတော့ ဝယ်လိုက်သွားရောင်းလိုက် လုပ်နေရင်း နှစ်လလောက်ကြာတော့ ကျွန်တော့်ဆီမှာ နို့ဆီဗူးခွံ နှစ်သိန်းလောက် သောင်တင်နေပါရောဗျာ။
အဲဒီဟာတွေကို ရောင်းဖို့ မုံရွာကြေးနီတောင်ဘက်ကို လှမ်းစုံစမ်းတော့ ဝယ်တော့ ဝယ်တယ်တဲ့ ဒါပေမဲ့ သူတို့ပေးတဲ့ဈေးနဲ့ လမ်းစရိတ်နဲ့က ဘယ်လိုမှ မကိုက်ဘူးဗျ တွက်ကြည့်ရင် အရှုံးပြနေတယ်။ ကျွန်တော်ကလည်း ချမ်းသာသမျှ ကို မစူးစမ်းမဆင်ခြင်ပဲ နို့ဆီဗူးခွံတွေထဲကို ပုံအော ဝယ်ထားတာလေ။ နို့ဆီဗူးခွံ နှစ်သိန်းဆိုတော့ တစ်လုံးတစ်ကျပ်နဲ့ပဲ တွက် ငွေနှစ်သိန်းလောက်က အဲဒီအထဲ ရောက်နေတယ်။ အဲဒီနှစ်သိန်းကလည်း အဲ့ဒီခေတ်က ဆိုက်ကားအသစ်တစ်စီးဝယ်ထောင်မှ လေးသောင်းလောက်ပဲ ရှိတာဆိုတော့ ဆိုက်ကားဝယ်ပြီး အုံနာပေးထားရင် ငါးစီးစာလောက် ရှိတယ်လေ။
ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ကိုယ်တိုင် ကြေးနီ အစမ်းကြိုချက်ကြည့်ဖို့စိတ်ကူးလိုက်တယ်။ ကြေးနီတစ်ပိသာလောက် အစမ်းချက် ကြည့်လိုက်တယ်။ နို့ဆီဗူးခွံတွေကို အရင်မီးရှို့ရတယ်။ ပြီးရင် ဒုတ္ထာတွေ အရေဖျော်ထားတဲ့ ကန်ထဲကို နို့ဆီဗူး အခွံတွေထည့်ရတယ်။ တစ်ပါတ်လောက် ကြာတော့ နို့ဆီဗူးတွေဟာ ဒုတ္ထာအရည်ထဲမှာ အမှုန့်လေးတွေ အဖြစ်ပြောင်းလဲ သွားတယ်ခင်ဗျ။ ရလာတဲ့ အမှုန်လေးတွေကိုမှ အဂ္ဂိရတ် ထိုးတဲ့လုံလေးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ ကြိုရတာ။
ကြေးနီက ဖြစ်တော့ဖြစ်လိုက်တယ်ဗျို့။ ဒါပေမဲ့ ကြေးနီတစ်ပိသာ လေးထောင်လောက်ပဲ ရတာ ဒုတ္ထာက ကြေးနီဖိုးလောက်မကဘူး ကုန်သွားတယ်။ ကျွန်တော် ကြေးနီကြိုတာကို လာကြည့်တဲ့ ဘူမိဗေဒ ပညာရှင်တစ်ယောက်ကတော့ လာအားပေးရှာတယ်။ တနိုင်းဘက်မှာ ဒုတ္ထာ တောင်ကြီးတစ်ခု သူတွေ့ထားတယ်တဲ့။ အဲဒီတောင်ကြီးကိုသာ နိုင်ငံတော်ခွင့်ပြုချက်နဲ့တူးဖော်ပြီး လုပ်ရင် အောင်မြင်နိုင်မယ် ဆိုပဲ။
အဲဒါနဲ့ တနိုင်းဘက်ကို အဲဒီပညာရှင်နဲ့ သွားပြီး ဒုတ္ထာတောင် ဆိုတာကြီး သွားလေ့လာလိုက်သေးခင်ဗျ။ ဒါပေမဲ့ တနိုင်းကနေတောင် သုံးရက်လောက် ခြေလျင် ခရီးသွားမှ ရောက်တဲ့နေရာဗျာ။ ကိုယ့်မှာ ရှိတဲ့အရင်းအနှီး နဲ့ ဘယ်လိုသွား လုပ်နိုင်မှာတဲ့လဲ။
အဲဒါနဲ့ အသာပြန်လာခဲ့ရပြီး ကျွန်တော့်ဆီ သောင်တင်နေတဲ့ နို့ဆီဗူးခွံ တွေကို ရောင်းထုတ်ဖို့ အကြံထုတ်ရတော့တာပါပဲ။ အဲဒီအချိန် တရုတ်နယ်စပ်က လိုင်ဇာ မြို့ကလေးက စည်ကားစ အချိန်လေးပဲ ရှိသေးတာခင်ဗျ။ ဘာပစ္စည်း ဖြစ်ဖြစ် ဝယ်တတ်တဲ့ ပေါက်ဖော်ကြီးတွေ နို့ဆီဗူးခွံ ဝယ်မဝယ် သေချာ စုံစမ်းကြည့်လိုက်တော့ ဝယ်တယ်တဲ့ခင်ဗျ။ ဝယ်တာ သေချာတယ်ဆိုတာနဲ့ ဟိုင်းလပ် အမိုးဖွင့်ကားလေး တစ်စီးငှားပြီး နို့ဆီဗူးခွံ ကုန်သည် လုပ်ဖို့ လိုင်ဇာ ကိုသွားခဲ့တယ် ဆိုပါတော့။
လိုင်ဇာ ရောက်တော့ ရောင်းတော့ ရောင်းရပါရဲ့။ ကားငှားရတဲ့ အခတော့ ရှုံးတယ်။ ဒါပေမဲ့ ငွေပြန်ပေါ်တာပဲ ကျေးဇူးတင်ရမဲ့ အပြင် မျက်စိ နား လည်း နည်းနည်းပွင့်ခဲ့တယ် ဆိုပါတော့။
ဘာသာပြန်စာရေးဆရာ မောင်မြင်ကြွယ်ကတော့ " ရွှေကုန်သည် " ရေနံကုန်သည် " ဆင်ကုန်သည် " အစရှိသည်ဖြင့် ဘာသာပြန်စာအုပ်တွေ ရေးခဲ့တယ်ခင်ဗျ။ ကျွန်တော်ရဲ့ ယခု ဆောင်းပါးကို မောင်မြင့်ကြွယ်ကို အားကျပြီး နံမည်ပေးလိုက်ပါရစေ။
" နို့ဆီဗူးခွံကုန်သည် " လို့လေ။ နောက်များမှာလည်း " ဟင်းချိုမှုန့်ကုန်သည် " နှင့် " ကြက်သွန်နီကုန်သည် " ဖြစ်ခဲ့စဉ်က အကြောင်းလေးတွေ အားအားယားယား ရေးပါရစေဦး လို့။
Photos Credit >>>Google
Author>>>@aungzawhtwe
MSC : 014
အတွေ့အကြုံတွေစုံ...
ဗဟုသုတလည်းပြည့်တာပဲ..
နောက်များလာမယ့် ကုန်သည်တွေအကြောင်း ဘယ်လိုရေးမလဲ စိတ်တော့ဝင်စားတယ်ဗျို့...
အားပေးမဲ့သူရှိရင်တော့ ဒီကလည်း ဖိုးရေးချင်မို့အတော်ပါပဲ။
မိုင်းရှူးမှာ နေခဲ့တုန်းက နို့ဆီဗူးခွံထဲမှာ ဗြောက်ထည့်ပြီး ဖောက်တယ် နို့ဆီဗူးခွံကို အပေါက်ဖောက်ပြီး မြောင်းတွေထဲမှာ ရွှေကျင်တယ် ကျောက်စကျောက်နလေးတွေ ရတယ် ကလေးသဘာဝဆော့ခဲ့တာတွေပေါ့ဗျာ
ကျွန်တော်ကကျ နို့ဆီဗူးခွံကို စီးပွားဖြစ်အထိ စိတ်ကူးယဉ်တာလေ hee hee.
အင်း ကိုထွေးက လူတော်တစ်ဦးပါ။
ဘဝဇာတ်ကြောင်းလေးတွေဖတ်ရတာ ဖတ်လို့အရမ်းကောင်းတယ်။စာပေရေးသားမှုကျွမ်းကျင်လာတာလည်းပါတယ်။ ကျနော်ဆိုရင် အဲ့ဒီလိုတွေလုပ်နိုင်မယ်မထင်ဘူး
အခုချိန်ထိ မိဘကို အားကိုးနေရတုန်းပါပဲ။
ကိုယ်ထွေးရဲ့ လက်တွေ့လုပ်တက်တဲ့ အကျင့်ကို သဘောကျတယ် လေးလည်းလေးစားပါတယ်ဗျာ။
အမှန်က ဟိုဟာစပ်စပ်ဒီဟာစပ်စက် လုပ်ချင်တာ ဖြစ်လိမ့်မယ် ကိုမိုးရေ။
ကို စံဖဲ အကြောင်တွေက ဗဟုသုတွေအများကြီးရတယ်
နိ ရေးထားတာကိုဘာတွေရေးထားမှန်းဖတ်မရဘူးဟ။
အာပါပါး
ကိုထွေးတစ်ယောက်
တယ်လည်း စုံတယ်ဗျာ
အတွေ့အကြုံ ဗဟုသုတအပြင်
အလုပ်တွေလည်း စုံတော့ အားကျတယ်ဗျာ
ဘက်ထရီအိုးပျက်ဒေ ဝယ်ဒေ ဒန်အိုး ဒန်ခွက်အစုတ်တေဝယ်ဒေ။
ကောင်းပ ကိုထွေးရေ ဘယ်ကုန်သည်ရေးရေး ဗဟုသုတ ရစရာတွေဖြစ်လို့ အားပေးနေတယ်ဗျာ။
ကျေးဇူးပါ ကွီးရွှေ။
ကိုထွေးမလွယ်ဘူး အခင်မင်ဖျက်ထားမှပဲ မဟုတ်ရင်ကိုယ့်ရဲ့ အဖိုးတန်ပစ္စည်းလေး လာဝယ်နေအုံးမယ်
အခင်မင်ဖျက်ချင်ဖျက်ထာျးပေတော့ကိုမြင့် ပြောမရဘူး လုပ်ကိုင်စားလို့မကောင်းရင်အဲဒါတွေ ဝယ်သင့်ရင်လည်း ဝယ်ရမှာပဲ hee hee.
အားကျမိပါ၏ ဗဟုသုတတွေပေါများလွန်းလို့ နယ်ပယ်တိုင်းမှာ မလုပ်ဖူးတာမရှိသလောက်ဘဲ့နော်
တစ်ချို့ဟာတွေက ဖန်တီးရေးသားထားတာတွေပါ bro အမှန်တွေလည်း ပါတော့ပါပါတယ်။
သံတိုသံစ ပလပ်စတစ် ဗူးခွံ အရောင်းအဝယ်လုပ်ရင်း
မန္တလေးမှာ တိုက်နှင့်ကားနှင့် ချမ်းသာနေကြသူတွေ ရှိတယ်ဗျ
အထွေးလည်း ဖြစ်နိုင်တာပဲနော...
ဒါပေါ့ဒါပေါ့ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလေ မဖြစ်သေးတာပဲရှိတာမဟုတ်လား။
ဗဟုသုတရပါတယ
ဟုတ်ကဲ့ခင်ဗျ။