4th Day (Chapter 1)
ဒီနှစ် (၃) ရက် ပွဲလည် ဖြစ်၏။ ပွဲရက် (၈) ရက်မှာ (၃) ရက်သာ ရောက်၏။ ကျနော်၏ ပွဲလည် သမိုင်း တလျှောက် ပွဲလည်ရက် အနည်းဆုံးနှစ် အဖြစ် မှတ်တမ်းဝင်သွားခဲ့၏။ တောင်ပေါ်ကနေ တက်ကြည့်သည့် ရက်က ပွဲခင်းထဲ လည်ခြင်း မဟုတ်သဖြင့် ပွဲလည်ရက် စာရင်းထဲ မထည့်ခြင်း ဖြစ်၏။
မနေ့ည (အဖိတ်နေ့) က တောင်ပေါ် ဘုရားပေါ်ကနေ သွားရောက် ကြည့်ရှုအားပေးထားပြီး ဖြစ်သဖြင့် ယနေ့ လပြည့်နေ့ (နောက်ဆုံးနေ့) ကိုတော့ ပွဲမလည်တော့ဘူးဟု တွေးထား၏။ လူလည်း အတော်လေး ပင်ပန်း နေပြီ။ ရန်ကုန်က သူငယ်ချင်းများကတော့ လပြည့်နေ့အထိ မနေကြတော့ပေ။ လပြည့်နေ့ နေ့လည်ခင်းလောက် ရန်ကုန် ပြန်ဆင်းကြမည် ဖြစ်၏။ မနက်ခင်းပိုင်း အပြန်လက်ဆောင်တွေ ဝယ်ကြ၏။ သူတို့ ပြန်ပြီးတော့ ကျနော့်မှာ မနားရသေး။ ရန်ကုန်က ကျနော့် အမ၏ ယောက္ခမနှင့် ခယ်မ တက်လာကြ၏။ သူတို့က လပြည့်နေ့ မနက်မှ ရောက်ကြခြင်း ဖြစ်၏။ မနက်ခင်း အစောကလည်း သူတို့်ကို ထကြိုပေးရသေး၏။
ကိုယ်အိပ်တာတောင် မနက် (၄) နာရီထိုးခါနီးနေပြီ။ သူတို့က (၅) နာရီလောက်ကြီး ရောက်လာတော့ ကောင်းကောင်းတောင် မအိပ်ရသေးဘဲ သွားကြိုရသေး၏။ ညဘက် ပွဲကိုတော့ အမပဲ လိုက်ပို့မှာ ဖြစ်ပေမယ့် နေ့လည်ခင်း ဟိုဟို ဒီဒီသွားချိန်မှာတော့ ကျနော်ပါ လိုက်ပို့ရ၏။ (၂) ယောက်ဆိုတော့ အမ တစီး၊ ကျနော် တစီး ဆိုင်ကယ် (၂) စီးနှင့် လိုက်ပို့ပေးရခြင်း ဖြစ်၏။ သူငယ်ချင်းများ ပြန်သွားပြီး ကောင်ကောင်းနားမည် တွေးထားမှ မနားရသေးပေ။ အမ၏ ဧည့်သည်များကို လိုက်ပို့ပေးရပြန်၏။ ထို့ပြင် အမေ့ကိုကလည်း ဘုန်းကြီးကျောင်း လိုက်ပို့ပေးရသေး၏။ ဒီနေ့က လပြည့်နေ့ဆိုတော့ အမေ စွန်းလွန်းဂူကျောင်းမှာ တရားသွားထိုင်မည် ဖြစ်၏။ (စွန်းလွန်းကျောင်းမှာက လပြည့်၊ လကွယ်နေ့တိုင်း တရားထိုင်၊ တရားမှတ် အစီအစဉ် ရှိ၏။ လပြည့်၊ လကွယ်နေ့တိုင်း အမေ သွားနေကြ ဖြစ်၏။)
ပို့စရာ ကြိုစရာများ အားလုံးပြီးတော့ နေ့ခင်း (၁) နာရီပင် ထိုးနေပြီ ဖြစ်၏။ လူလည်း ဘယ်လိုမှ အားမတင်းထားနိုင်တော့ပေ။ တကယ့်ကို ခဏတဖြုတ် အိပ်ဖို့တော့ လိုနေပြီ ဖြစ်၏။ အိပ်ပျော်ပြီး (၁) နာရီကျော်ကြာ နေ့လည် (၂) နာရီခွဲမှ အမေက phone ဆက်လာ၏။ လာကြိုလို့ ရပြီတဲ့။ ပုံမှန်ဆို အမေတို့ တရားသိမ်းတာက ညနေ (၄) နာရီမှ ဖြစ်၏။ ဒီနေ့မှ ဘာလို့များ အစောသိမ်းသည် မသိပေ။ ကျနော်လည်း အိပ်ချင်မူးတူးနှင့် ကုန်းရုံးထရတော့၏။ အမေ့ကို သွားကြို၏။ ဒီနေ့ ယောဂီများ နည်းသဖြင့် တချိန်ပဲ ထိုင်ရခြင်း ဖြစ်သည်ဟု အမေက ပြော၏။ လူကြီးတွေကတော့ ပွဲလည် ကြမှ မဟုတ်ပါဘူးလေ။
သို့ပေမယ့် ပွဲလည်သည့် သား၊ သမီးများကို စောင့်ပေးရလို့ အိပ်ပျက်ကြသည်ထင်၏။ ထို့ကြောင့် တရားပွဲသို့ လာနိုင်သည့် ယောဂီ နည်းနေခြင်း ဖြစ်မည် ထင်၏။ ယောဂီများ နည်းသဖြင့် တချိန်သာ တရားထိုင်ရပြီး နောက်တချိန် မထိုင်ရတော့ခြင်း ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31