ခဏတာလေးမှာ

in #myanmar • 8 years ago

clouds-golden-hour-grass-417046.jpg
Credit Image >>>

မနေ့ကဖြစ်ပျက်ခဲ့သည်ပေါ့
မိတ်ဆွေတစ်ဦးက-
" ဟာ ဘယ်လိုကြီးလည်း
မနေ့ကလည်းဒီနေရာမှာပဲ ဆုံခဲ့ကြတယ်
ဒီအချိန်ပါပဲ အင်း ဘာမှမထူးခြားပါဘူး
အရာအားလုံးက အရင်တိုင်းပဲနော် "တဲ့ ။
သူ့ရဲ့ခံစားမှုကို ကျွန်တော်ဝေဖန်မှုမရှိခဲ့ပါဘူး
သူပြောခဲ့သလိုပဲ
' အရာအားလုံးဟာ အရင်တိုင်းပဲလား ' လို့
တွေးတောမိရင်း …

ကျွန်တော် ဖတ်သားမှတ်သားခဲ့မိဖူးသော
ဂရိဒဿနပညာရှင်
' ဟေရာကလိုက်တပ်စ် ' ကပြောခဲ့ဖူးပါတယ်
" လူတစ်ဦးဟာ မြစ်တစ်မြစ်ထဲကို
နှစ်ကြိမ်မဆင်းနိုင်ဘူး " တဲ့
သူဆိုလိုတဲ့သဘောက -
လူတစ်ယောက်ကမြစ်ရေထဲကို
ပထမတစ်ခါဆင်းကြည့်တယ်။
နောက်ဒုတိယတစ်ခါဆင်းပြန်တယ်။
အဲ့ဒီလို ဒုတိယတစ်ခါ ရေထဲဆင်းတဲ့အခါမှာ
သူတွေးမိလိုက်တာက -
ပထမအကြိမ် မြစ်ရေထဲကိုဆင်းခဲ့တဲ့
မြစ်ရေထဲပဲလို့ ထင်ယောင်မိခဲ့ပါတယ် ။

clouds-ducks-houses-414515.jpg
Credit Image >>>

တစ်ကယ်တော့ မြစ်ရေဆိုတဲ့သဘောက
အထက်ဆီကအမြဲတမ်းစီးဆင်းလာတာ
ဖြစ်တဲ့အတွက် အချိန်တိုလေးအတွင်းမှာ
အများကြီးပြောင်းလဲနေပါပြီ
ပထမအကြိမ် ဆင်းခဲ့ရတဲ့မြစ်ရေ
ဒုတိယအကြိမ် ဆင်းခဲ့ရတဲ့မြစ်ရေတွေ
လုံးဝမတူညီကြတော့ပါဘူး ။
ဒါကြောင့်လည်း ' ဟေရာကလိုက်တပ်စ် ' က
" လူတစ်ဦးဟာ မြစ်တစ်မြစ်ထဲမှာ
နှစ်ခါမဆင်းနိုင်ဘူး " လို့ပြောခဲ့တာဖြစ်မယ်။
စဉ်းစားကြည့်ရင်တော့ ဒါဟာ
သိပ်ကိုကောင်းမွန်တဲ့ အတွေးပြယုတ်တစ်ခုပါ။

ဒီလိုဆို စောစောက ကျွန်တော့်မိတ်ဆွေ
ပြောခဲ့ဖူးတဲ့ " ဘာမှမထူးခြားပါဘူး
အရာအားလုံးဟာ အရင်တိုင်းပါပဲ "
ဆိုတဲ့စကား ဆန့်ကျင်ပစ်လိုက်ပါတယ် ။
ဘာဖြစ်လို့လည်း - ကျွန်တော်တို့ရှုရှိုက်နေရတဲ့
အသက်ရှုသံတွေတောင် စက္ကန့်ပိုင်းအတွင်းမှာ
ထပ်တူမညီမျှပါဘူး။

တရားသဘောအရဆိုရင် -
ကျွန်တော်တို့ရဲ့ ရုပ်နာမ်တွေက
ခဏမလပ်ကိုပြောင်းလဲနေပါတယ်
မျက်တောင်တစ်ခက်လေးအတွင်းမှာတောင်
ကုဋေငါးထောင်မက ရုပ်တွေက
ဖြစ်ပျက်ကြတယ် နာမ်တရားတွေက
ကုဋေတစ်သိန်းမက ဖြစ်ပျက်ကြတယ်လို့
တရားသဘောမှာ ညွှန်းဆိုပြခဲ့ဖူးပါတယ် ။

fog-hills-landscape-90766.jpg
Credit Image >>>

စဉ်းစားကြည့်ရင် ကျွန်တော်တို့လူသားတွေက
အဲ့ဒီလို ' ခဏမလပ် ' ပြောင်းလဲနေတဲ့
အကြောင်းတရားများကို ပေါ့ပေါ့လေးနဲ့
မေ့လျှော့နေကြတယ်ဆိုတာ အမှန်ပါပဲ
ဒါကို အထူးသတိထားစေချင်ပါတယ် ။
အကြောင်းအကျိုးတရားများစွာဟာ
ရပ်တန့်နေတဲ့အရာမဟုတ်ပါဘူး
အမြဲတမ်း ရွေ့လျားစီးဆင်းနေတဲ့အတွက် -
ကိုယ်အသက်ရှုခွင့်ရတဲ့ အချိန်လေးတွေကို
လေးလေးနက်နက်နဲ့ အစဉ်တစိုက်
သတိလေးထားရှိပေးကြပါလို့
မေတ္တာရပ်ခံရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

ဖြစ်လိုက်ပျက်လိုက်နဲ့အစဉ်အမြဲရွေ့လျားပြောင်းလဲနေတဲ့ သံဝေဂရစရာ လူ့လောက

မှန်ပါလေ၏ မိတ်ဆွေ

တစ်စက္ကန့်ပြီး တစ်စက္ကန့်မှာ
ဘာမှ မပြောင်းလဲဘူးဟု ထင်ရပေမယ့်
အတွေးပေါင်း ခံစားချက်ပေါင်း ဝင်သက်ထွက်သက်ပေါင်း
အရာရာဟာ ဖြစ်ပျက်သွားခဲ့ပါတယ်...
တိုးတတ်မှုလား ဆုတ်ယုတ်မှုလား
မကွဲပြားတာတွေ ထွေပြားလို့တော့ မနေသင့်ပါဘူးလေ...

အရာရာကို ဆန်းစစ်နိုင်စွမ်းသော အသိပညာအလှတရားများ လိုအပ်သည် ဆိုတာပေါ့ ဗျာ

ကြိုးစားပါ အားပေးလျက်ပါနော်

ဟုတ်ကဲ့ပါ ခင်ဗျ ကျေးဇူးပါလေ

စကားလုံး​တွေက​တော့အားကျမိပါရဲ့။

အားကျမှုပေါင်း ဖြစ်စေချင်ပါသည်လေ

ဖက်ရှင်တွေက အစ အရှေ့သွားသလိုလိုနဲ့ အနောက်ပြန်နေတာပါဘဲ

ဆုတ်ယုတ်လာခြင်းတွေပေါ့ မစုရေ

အကြိမ်များစွာ ပြောင်းလဲမှု စီးဆင်းမှုဖြစ်မှ မီးချောင်းက လင်းနေတာ အကြိမ်များစွာ မလင်းနိုင်တော့ရင် မီးချောင်းကျွမ်းသွားတယ် မီးမလင်းနိုင်တော့ဘူး လူလည်း အတူတူပါပဲ ကိုညီရေ အတွေးအခေါ်တွေ တစ်အားလုပ်နေတယ် ဖီလော်ဆော်ဖာ ကိုညီ လုပ်တော့မလားပဲ ☺☺☺

တွေးရင်းငေးရင်းတော့ ပြောင်းလဲမှုတွေ လုပ်ဆောင်
ကြည့်နေတာပဲ လေးစိုးရေ

လျှပ်တပြတ် မျက်စိတမှိတ်အတွင်းမှာ
ပြောင်းလဲမှုများဖြစ်ပေါ်နေ၏

သတိလေးရှိထားတော့ အဆင်ပြေလှသည်ပေါ့

ဒီနေ့ကဒီနေ့ မနေ့ကမနေ့ပေါ့

အင်း အဲ့သလိုပေါ့ကွယ်

သိပ်‌‌ကောင်းတဲ့ သတိ‌ပေးချက်‌‌လေးပါ။

အဲ့ဒီလို တွေးတောပြီတော့ ညီလေးလဲ ရေးတာပါပဲ
လေ ကျေးဇူးပါဗျာ