စတုဒီသာမှတ်တမ်း

in #myanmar7 years ago

image
image source
ကျွန်ုပ်ကံဆိုးပုံများ ပြောပါတယ်။မနေ့က တန်
ဆောင်တိုင် အခါသမယဖြစ်၍ ရပ်ကွက်တွင်း အလှူရှင်များက စတုဒီသာ ကျွေးကြလေ၏။အဲ...ကျွန်ုပ်လည်း စတုဒီသာ အလှူရှင်တို့ ဒါနမြောက်စေရန်အလို့ငှာ
စောစောစီးစီး ရေချိုး အလှပြင်ကာ ဘယ်သူတွေများ
သွားပြီလဲ...ကျွေးများ ကျွေးနေပေါ့လား ခေါင်းလေးတ
ထောင်ထောင်နဲ့ ဒါနပါရမီ ဖြည့်စွက်ပေးလိုစိတ်ဖြင့် ကျီးကန်းတောင်မြောက် ချောင်းနေလေရဲ့။ဟော....ရပ်ကွက်တွင်းရှိ ကလေးတစ်သိုက် လူကြီးအချို့ ဟိုနားတစ်ပြူဒီနား တစ်ပြိုက် ခေါင်းလေး တမော်မော်နဲ့ လာနေကြလေပြီ။အဲ ...ချက်ချင်းကြီးလည်း ထလိုက်လို့မဖြစ်သေးမွေးကတည်းက အရှက်သည်းလှသမို့ ဖက်ထုပ်လို အနှီး
နဲ့ပတ်ပြီးနေတဲ့သူ၊အိမ်သာတက်ရင်တောင် ရှက်လှသဖြင့် တံခါးပိတ်ပြီးတက်တဲ့သူ၊ညအိပ်ရင်လည်း မျက်နှာလူတွေမြင်မှာစိုးလို့ ခေါင်းမြှီးခြုံပြီး အိပ်တဲ့သူ၊ဤမျှ အရှက်သည်းတဲ့ကျွန်ုပ် ဒီလောက်တော့ မူရမှာသပေါ့ဗျ။ဟုတ်ပေဘူးလားအရပ်ကတို့။ကိုယ့်အတွေးကိုယ် သဘောကျလှသမို့ မခို့တရို့ပြုံးရင်း လူမြင်မှာစိုး၍ လက်ကလေး
ကာရင်း ခ်ကနဲ ရယ်လိုက်သေး၏။
ဒီလိုနဲ့ ကွမ်းတယာညှက်ခန့်ကြာသော်(အဲ ကွမ်းတယာညှက်ဖို့က ဘယ်နမိနစ်ကြာသတုန်းဗျ) ကျွန်ုပ်အရှက်သည်းကိစ္စ ဤမျှနှင့်တော်လောက်ပီလို့ တွေးရင်း
အလှူဒါနကြီးအား ချီးမြှောက်ရန်အလို့ငှာ ထိုင်ရာမှထ
ပုဆိုးကလေး ဘာလေးပြင်ဝတ်၊ရင်း အိမ်တံခါးဝမှ ထွက်
တော်မူရန်လှမ်းအခိုက် "ဗြဲ "ဆို သကောင့်သား မိုး
က အခဲနက်ရွာချပါလေရော။ရှေးဘဝနှစ်ဆယ်လောက်က မကျေခဲ့သော အငြိုးများရှိခဲ့သည့်အလား မရပ်မနား အူလှိုက်သည်းလှိုက်၊ကြမ်းသထက်ကြမ်းကာ ရွာနေပါတော့သည်။သွားပြီ...ကျွန်ုပ်၏ကြီးမြတ်လှစွာသော မဟာစီမံကိန်းများ ဤမိုးနှင့်တကွ ပျက်သုဉ်းပြီထင်ပါ့။
ဝမ်းနည်းလွန်း၍ မျက်ဝန်းများ၌ပင် မျက်ရည်များ အုတက်လာ၏။သို့သော် ယောကျာ်းတို့ဇွဲ သေခါမှ လျော့ ဆို
သလို စို့တက်လာသော မျက်ရည်စတို့ကို လက်ဖမိုးလေး
နဲ့အသာသုတ် ဘေးဘီဝဲယာ လည်းကြည့်ရသေး၊မတော်၍ တစ်ယောက်ယောက်များမြင်သွားရင်ဖြင့်၊နဂိုကတည်းက အရှက်သည်းလွန်းတဲ့ ကျွန်ုပ်မဟုတ်ပါလားဗျ။
ဒါပေမဲ့ အငြိုးကြီးလှသော မိုးမင်းကြီးက ကျွန်ုပ်၏
မျှော်လင့်ချက် ကိုအသက်ရှင်ခွင့်မပေး၊ဆက်ကာဆက်ကာ ရိုက်ချိုးလိုက်ပါတော့သည်။
ဤနေ့ကား တန်ဆောင်တိုင်နောက်ဆုံးနေ့။တစ်နည်းအားဖြင့် စတုဒီသာ ရှင်တို့ နောက်ဆုံးကျွေးသောနေ့။"အိမ်း ...သည်ကနေ့တော့မဖြစ်ပေဘူး"။မနေ့ကအဖြစ်မျိုး ထပ်မဖြစ်နိုင်သည်မို့ ရေပင်မချိုးတော့၊တော်ကြာ
ကျွန်ုပ်သွားမည်အထင်ဖြင့် မိုးမင်းကြီးက မနေ့ကလို ရက်စက်မှဖြင့် ကိုယ်ကျိုးနည်းလှချေရဲ့။မဖြစ်ပေဘူး၊တွေး
တာတောင် လူသိရှင်ကြား တွေးလို့မရဲ၊စိတ်ထဲမှာသာ
ကြိတ်ပြီးတွေးနေလိုက်သည်။တကယ် မသွားဘူးဟု
ထင်မှတ်စေရန် အိမ်ပေါ်တက်လိုက်၊အိမ်အောက်ပြန်ဆင်းလိုက်၊အိမ်နောက်ဝင်သွားလိုက်၊အိမ်ရှေ့ပြန်ထွက်လိုက်၊ရေအိုးစဉ်နား သွားပြီး အကပ်မျှသော ရေကို ခေါက်တုံ့ ခေါက်ပြန် အားရပါးရမော့သောက်ဟန်ပြ၏။မသိ
လျှင် တစ်ပတ်ဆယ့်လေးရက် ရေမသောက်ရသောသော ဝေဒနာသည်လိုလို။အဲတာကအရေးမကြီးပါဘူး၊
အရေးကြီးတာက မိုးမင်းကြီး မသိရန်သာ။သို့သော်
မနေ့က အချိန်သည် သည်ကနေ့ ထပ်ရောက်လာချိန်တွင်မူ၎င်းက ဖျောက်ကနဲ့ ပေါက်ကနဲ့ လုပ်လာပြန်၏။"ဟိုက်...မဖြစ်ပေဘူး...လက်ဦးမှု ရယူမှတော်ကာကျတော့မယ်"ဟ တွေးကာ စီးတော်မြင်းကိုစီးနှင်းကာ စတုဒီယာ
မဏ္ဍပ်သို့ သွားရောက်လေသည်ဟူသတတ်။
image
image source
စတုဒီယာ မဏ္ဍပ်သို့ရောက်သော် အဆီပြန်နေသောမျက်နှာကို လက်ကလေးနဲ့သုတ်၊ဆိုင်ကယ်ခေါင်းတွင် တင်နေသော မိုးစက်တို့ကို ယူ၍ ဆံပင်ကေကိုသပ်လိုက်၏။ပုဆိုးကလေးကို အသာပြင်ဝတ်၊လာချင်၍ လာသည်မဟုတ်၊မလာမဖြစ်၍သာ လာရသည့်ဟန်ကိုလည်း ဖန်ရသေး၏၊ဟဲ ...ကိုယ့်ကိုလည်း ဘယ်သူမှလာဖိတ်ထားတာမဟုတ်ဘူး။လွတ်နေသော ခုံတစ်ခုံတွင် အသာကလေးဝင်ထိုင်၊ဘေးဘီကို မျက်ဖြူလေးအသာလှန်ကာ ဝဲကြည့်လိုက်ရာ အယ် ...ကျွန်ုပ်နဲ့သိတဲ့သူလည်းတစ်ယောက်မှမရှိဘူးဟ၊ပြီးတော့ ကလေးတွေချည်း။ဘာဖြစ်ဖြစ်ပါလေ၊ကျွန်ုပ် စီမံကိန်းကြီးအောင်မြင်ရန်
သာ အဓိကမို့ မျက်လွှာကလေးချ ဣနြေ္ဒလေးနဲ့ထိုင်နေလိုက်၏။ခဏကြာသော် "ဒါ ဦး လည်း စားဖို့နေမယ်၊ထည့်ပေးလိုက်"ဟူသော အသံကိုကြားလိုက်ရ၏။ဟယ်...
ဟန်ပန်လုပ်ရများ၍ ဦးအရွယ်များ ဖြစ်သွားလေလား
မပြောတတ်၊"သြော်..အင်း"ဟု ထည့်ပေးရန်ခေါင်းကလေးညိတ်ပေးလိုက်၏။ဟဲ...အလကား ကျွေးတာစားရ
၍လားမသိ နတ်သမီးကျွန်းကမ်းခြေကရေလို ကြည်အုနေသော ကြာဇံဟင်းခါးအရည်တို့က ကျွန်ုပ်လျှာပေါ်၌
နတ်သုဒ္ဓါတစ်ခွက်လို အရသာရှိလိုက်လေခြင်း။(နတ်
သုဒ္ဓါက ဘယ်လိုအရောင်အဆင်း၊ဘယ်လိုအရသာရှိ
မှန်းတောင်မသိ၊သို့သော်အရေးမကြီး၊နတ်သုဒ္ဓါဆိုတာ
ကောင်းမှန်းလူတိုင်းသိသည်။)တစ်ပန်းကန် ဒါနဖြည့်စွက်လိုက်ပြီးနောက် အနားမှာရပ်နေသော အလိုက်ပေးနေသည့် ကောင်ကလေးကို ထပ်ထည့်ဟူသော သဘောဖြင့် မျက်စပစ်ပြလိုက်၏။ဟူး ...ကောင်လေးကအလိုက်တသိ ရှိ၍တော်သေး။ကိုင်း...နှစ်ပန်းကန်မျှ အလှူ
ဒါန ဖြည့်စွက်ပေးပြီးသကာလ ထိုင်ရာမှထလိုက်၏။မဟာစီမံကိန်းကြီးလည်း အောင်မြင်သွားသည်သမို့ ...
သွားတစ်ဖီး ခပ်ကျဲကျဲ ချဲ၍ ပီတိအပြုံး နှလုံးဆီဖုံးကာ
ဌာနေသို့ မြန်းပြန်ခဲ့လေတော့သတည်း။

*လေးစားစွာဖြင့်
*နွေဦးသစ်
**@kyawthuyein
*MSC-252

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://company.poki.com/terms-of-use/

OMG..Mr Cheetah,don't destory my happy time.Don't destory I tried writing letter,Please.

မမလဲ ထမင်း စတုဒိသာ ပတ်ရှာတယ်😁😁 ကြာဇံဟင်း သောက်ခဲ့ရတယ်

Posted using Partiko Android

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 66572.52
ETH 2027.77
USDT 1.00
SBD 0.50