Present of starsteemCreated with Sketch.

in #myanmar7 years ago (edited)

အပိုင်း(၁)

အခန်း(၁)
ကောင်လေးနှင့်ကောင်မလေး

မီးရောင်စုံများ၊ လူရောင်စုံများ နှင့် လင်းလက်နေသော ညတစ်ညတွင် သာယာသော တေးသံနှင့်အတူ ပရိသတ်တွေ သဲသဲလှုပ် အားပေးနေကြသော အဆိုတော်ကောင်လေးတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ကောင်လေးစင်မြင့်ပေါ် ရောက်သည်နှင့် ပရိသတ်၏ လက်ခုပ်သံများ ဆူညံသွားသည်။ ကောင်လေးက ပရိသတ်ကို အပြုံးဖြင့်နှုတ်ဆက်ရင်း သီချင်းစဆိုလိုက်သည်။ သီချင်း၏မြူးကြွသော သံစဉ်နှင့်အတူ ပရိသတ်တွေလည်း မြူးမြူးကြွကြွလေး ကခုန်နေကြသည်။ အဆိုတော်ကောင်လေးသည် သွက်လက်စွာလှုပ်ရှားသီဆိုပြီး ပရိသတ်တွေဆီသို့ မျက်လုံးဝှေ့ကြည့်လိုက်သည်။ ကောင်လေး၏ မျက်ဝန်းအစုံက တစ်နေရာတွင် ရပ်တန့်သွားပြီး အံ့အားသင့်သလို ခဏမှင်သက်သွားခဲ့သည်။
photo-2.jpg
Photo credit- google

ပရိသတ်များကြားတွင် ကောင်မလေးတစ်ယောက် သည်းထန်စွာ ငိုကြွေးနေသည်။ လက်ကိုင်ပုဝါနှင့် မျက်ရည်များကို သုတ်လိုက်၊ အဆိုတော်ကောင်လေးကို မော့ကြည့်လိုက်ဖြင့် ကောင်မလေး အလုပ်ရှုပ်နေသည်။ ကောင်မလေး၏အနီးတွင် ရှိနေသောလူများက ကောင်မလေးကို အထူးအဆန်း သတ္တဝါတစ်ကောင်ကဲ့သို့ ကြည့်ကြပြီး ကောင်လေး၏ ဂီတသံတွင် ပြန်လည် စီးမျောသွားကြသည်။ ကောင်မလေးက ရှိုက်ကာ၊ ရှိုက်ကာ ငိုနေရာမှ တစ်ချက်တစ်ချက် ပြိုလဲကျတော့မလို ယိုင်နဲ့သွားသည် ။

အခန်း ( ၂ )
ကောင်လေး

ကျွန်တော် စင်မြင့်ထက်မှာဖျော်ဖြေနေရင်း ငိုနေတဲ့ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရတဲ့အခါ ကျွန်တော့်ရဲ့ သံစဉ်စည်းချက်တွေ အနည်းငယ် လွဲချော်သွားတော့သည်။ မြူးကြွတဲ့သီချင်းသံကို နားဆင်ရင်း အားလုံးပျော်နေကြတဲ့ အချိန်မှာ သူကဘာလို့ ငိုနေခဲ့တာလဲ။ ဒါပေမယ့် အနုပညာသည်တစ်ဦးရဲ့ ဥပေက္ခာပြုမှုမျိုးနဲ့ ကျွန်တော်ကြိုးစားပြီး မျက်နှာလွှဲလိုက်တယ်…. ကျွန်တော် ဒီထက် ပိုကြိုးစားဖို့ လိုအပ်နေသေးတယ်ထင်ပါတယ်။ သီချင်းမြူးမြူးလေး ဆိုနေတဲ့ အချိန်မှာ အဆိုတော်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပေါ့ပေါ့ပါးပါး တက်တက်ကြွကြွလေး ဖျော်ဖြေနေဖို့လိုအပ်တာပေါ့။ ကျွန်တော် စည်းချက်နဲ့အတူ လှုပ်ရှားရင်း သူကိုငဲ့ကြည့်လိုက်မိပြန်သည်။ သူ ငိုနေဆဲပါပဲ။ ကျွန်တော် သက်ပြင်းခိုးရှိုက်ရင်း ပရိသတ်တွေကို အလှဆုံး ပြုံးပြလိုက်မိသည်။ မြန်မြန် အငိုတိတ်ပါတော့ ကောင်မလေးရယ်…။

ကျွန်တော်ဖျော်ဖြေမှုမဆုံးသေးခင်မှာ သူထွက်သွားခဲ့သည်။ မျက်ရည်တွေနဲ့ပေါ့။ ကျွန်တော်... သူ့ရဲ့ ကျောပြင်ကို ငေးကြည့်နေရင်း ရင်ထဲစို့နစ်လို့လာသည်။ ကျွန်တော့်ရင်ထဲက နှလုံးသားရဲ့တစ်စိတ်တစ်ပိုင်း ကျွတ်ပါသွားသလိုပဲ။ ကျွန်တော်လေ သူထွက်သွားတာကိုလိုက်ကြည့်ရင်း သူရဲ့ခြေလှမ်းတွေရပ်တန့်ပြီး ကျွန်တော့်ဆီ… ကျွန်တော့်ရဲ့ ဖျော်ဖြေမှုဆီ… ကျွန်တော့်ရဲ့ နှလုံးသားဆီ…. ပြန်လှည့်လာဖို့ ဆုတောင်းနေမိတယ်။ ဒါပေမယ့် သူက တစ်ကယ်ပဲ ပြတ်သားလှပါသည်။ ကျွန်တော့်ဆီကို တစ်ချက်ကလေးတောင်မှ ပြန်ငဲ့မကြည့်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ပွဲစဉ်တိုင်းမှာ ပရိသတ်တွေ တစ်ယောက်ပြီးတစ်ယောက်သာ တိုးလာခဲ့ဖူးသည်…လျော့သွားတယ်ဆိုတာမရှိခဲ့ဖူးဘူးလေ။ ကျွန်တော်လေ စင်မြင့်ပေါ်မှာ ဆက်ပြီးရပ်တည်နေဖို့ အားအင်တွေကုန်ခမ်းသွားလောက်အောင်ကို ဖြစ်သွားတယ်။ ဒါပေမယ့်… ကျွန်တော့်ရဲ့ပွဲစဉ် ပြီးဆုံးသွားတဲ့အထိတော့ အားတင်းပြီးဖျော်ဖြေခဲ့ပါတယ်…ပရိသတ်ကပေးတဲ့…အားတွေနဲ့ပေါ့…..။

man-singing-on-stage-in-front-of-crowd-of-people_vk9vc3dm__S0000.jpg
Photo credit-google

ဖျော်ဖြေပွဲပြီးဆုံးသွားလို့ ပရိသတ်တွေ၊ ပွဲစီစဉ်သူတွေပြန်သွားတဲ့အခါမှာ ကျွန်တော် သူ့ကိုလိုက်ရှာမိပါတယ်။ တစ်နေရာရာမှာများ ငိုနေမလားလို့ပေါ့။ သူ့ကို ရှာလို့မတွေ့တော့ဘူး။ ညရဲ့အမှောင်ယံထဲမှာ ကျွန်တော်မျက်ရည်တွေ ဝဲလာခဲ့တယ်လို့ဆိုရင် ဘယ်သူမှယုံမှာမဟုတ်ဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် အံ့သြခဲ့ရသည်။ ကျွန်တော်မငိုခဲ့မိပါဘူး…မျက်ရည်တော့ဝဲခဲ့ မိပါသည်။ မင်း ဘယ်သူလဲ ကောင်မလေးရယ် ။ ဘာဖြစ်လို့ မင်းရဲ့ဝမ်းနည်းမှုတွေဟာ ငါ့ကိုပါကူးစက်လာခဲ့ရတာလဲ…..။

++++

ကောင်မလေး

ကျွန်မ မျက်ရည်တွေကိုမုန်းသည်။ ငိုနေရတာကိုလဲမကြိုက်ဘူး။ ဒါပေမယ့် ကျွန်မငိုနေမိခဲ့သည်။ ပျော်ခဲ့ရတဲ့ အချိန်တွေကို သတိရမိတိုင်း ကျွန်မငိုမိသည်။ ပျော်ခဲ့စဉ်တုန်းကတော့ အတိုင်းမသိ ရင်နှင့်မဆံ့အောင် ပျော်ခဲ့ရသည်။ ဝမ်းနည်းရတဲ့ အခါမှာလည်း ရင်နှင့်မဆံ့အောင် ဝမ်းနည်းခဲ့ရသည်။ ပျော်ရွှင်မှုနှင့် ထပ်တူထပ်မျှကျသော အတိုင်းအတာ ပမာဏအတိုင်း ဝမ်းနည်းမှုကိုလည်း တန်ပြန်ခံစားရသည်။ ကျွန်မပျော်နေခဲ့တုန်းကတော့ တစ်ချိန်မှာငိုရဖို့အတွက် အခုလိုပျော်နေရတယ်ဆိုတာကို မေ့လျော့နေခဲ့မိတယ်လေ။ အရာရာနောက်ကျသွားတဲ့ အချိန်ရောက်မှ တသသနဲ့ နှမြောတမ်းတနေရလို့ နောင်တလို့ ဆိုခဲ့ကြလေသလားတော့ ကျွန်မ မသိပါ။
crying-girl-sad-Favim.com-4730733.jpeg
Photo credit-google

ကျွန်မ အခုမျက်ရည်တွေကျနေသည်။ နောင်တကြောင့် ကျတဲ့မျက်ရည်တွေပေါ့။ လုပ်သင့်တာကို မလုပ်မိလို့ရတဲ့ နောင်တနဲ့ မလုပ်သင့်တာကို လုပ်မိလို့ရတဲ့နောင်တဆိုပြီး နောင်တနှစ်မျိုးရှိတယ်တဲ့။ ဘုန်းကြီးတစ်ပါး တရားဟောစဉ်မှာ ပြောဖူးတာကို သတိရမိသည်။ ကျွန်မရဲ့မျက်ရည်ကရော အဲ့ဒီနောင်တ နှစ်မျိုးထဲက ဘယ်တစ်မျိုး ကြောင့်ကျရတဲ့ မျက်ရည်ဖြစ်လေမလဲ။ လုပ်သင့်တာကို မလုပ်ခဲ့မိလို့ ကျရတဲ့မျက်ရည်တွေပေါ့။ ဟုတ်တယ်…ကျွန်မ သူ့ရဲ့လက်ကို လွှတ်လိုက်မိတယ်။ သူ့ လက်ဖဝါးနုနုလေးရဲ့ နူးညံ့တဲ့ အထိအတွေ့ကို ကျွန်မ အခုထိခံစားမိနေတုန်းပဲ။ အဲ့ဒီနေ့က နှစ်ယောက်သားလက်ချင်းတွဲပြီး လမ်းလျှောက်ခွင့်ရခဲ့တဲ့ နောက်ဆုံးနေ့မှန်းသာကြိုသိခဲ့ရရင် ကျွန်မလေ သူ့လက်ကို လွှတ်လိုက်မိမှာမဟုတ်ဘူး။ တစ်ဘဝလုံးအတွက် မြဲမြဲခိုင်နေအောင် ဖမ်းဆုပ်ထားလိုက်မှာ။ အဲ့ဒီနေ့က ကြားခဲ့ရတဲ့သူ့ရဲ့ စကားသံတွေဟာ နောက်ထပ်ဘယ်တော့မှ ကြားခွင့်မရှိတော့ဘူးလို့သာသိခဲ့ရင် ကျွန်မ အသံဖမ်းထား မိမှာ သေချာပါသည်။ အခုတော့ ကျွန်မရဲ့ ဖြေမဆည်နိုင်တဲ့ နောင်တတွေနဲ့ ကျွန်မ နှလုံးသားတွေ တဆစ်ဆစ်နာကျင် နေရပြီလေ ။

ကျွန်မ မှားခဲ့ပါတယ် မောင်။ တောင်းပန်ပါတယ် ဆိုတဲ့စကားလေး တစ်ခွန်းပြောဖို့ ကျွန်မ ဝန်လေးနေခဲ့မိတာဟာ တစ်ဘဝလုံးအတွက် နောင်တရနေစေဖို့ လုံလောက်တဲ့ စီရင်ချက်တစ်ခုဖြစ်ခဲ့တယ်။ အရင်ကတော့ မောင့်အတွက် မိသားစုကို မစွန့်ပစ်နိုင်ခဲ့တဲ့ကျွန်မ၊ မောင့်အတွက် မာနဆိုတဲ့တံတိုင်းတစ်ခုကို မကျော်နိုင်ခဲ့တဲ့ကျွန်မဟာ….အခုတော့ မောင့်အတွက် အရာရာကို စွန့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေပြီလေ…ဒါပေမယ့် မောင်ရယ်… မောင် ဘာလို့ ကျွန်မဆီပြန်မလာ နိုင်တော့တဲ့လမ်းကိုမှ ရွေးချယ်ခဲ့တာလဲ။

Photo-4.jpg
Photo credit-google

မောင်ရေ….. အခုလေ မောင့်ရဲ့ညီလေး စင်ပေါ်မှာသီချင်းဆိုနေတာကို ကြည့်နေမိတယ်။ မောင် နဲ့တူလိုက်တာမှ ချွတ်စွတ်ပါပဲ။ မောင့်ဆီမှာ အမြွှာညီအစ်ကိုရှိတယ်ဆိုတာ ဘာလို့ ကျွန်မကိုမပြောပြခဲ့တာလဲ။ မောင့် အဖေနဲ့အမေ ကွဲနေတယ် ဆိုတဲ့အကြောင်းကလွဲရင် မောင် ကျွန်မကို ဘာတစ်ခုမှမပြောပြခဲ့ဖူးနော်။ ကျွန်မကပဲ မစပ်စုတတ်တဲ့ မိန်းမတစ်ယောက် ဖြစ်နေလို့လား…မောင်ကပဲ လျှို့ဝှက်တတ်လွန်းတာလားဆိုတာ ကျွန်မ မသိတော့ပါဘူး။ တစ်နေ့ကမှ မောင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ကိုအောင်မင်းပြောပြမှ မောင့်မိသားစုအကြောင်းပြည့်ပြည့်စုံစုံ ကျွန်မသိခဲ့ရတာပါ။ မောင့် အဖေက မိန်းမရှုပ်တယ် ဆိုတဲ့အကြောင်း သိခဲ့ရရင်လည်း ကျွန်မ မောင့်ကို အထင်မသေးပါဘူးမောင်။ မောင့် အဖေကတော့ ဆုံးသွားပြီတဲ့။ မောင်တို့ သားအဖနှစ်ယောက် တမလွန်မှာ ငြိမ်းချမ်းရေး ရနေပါစေလို့ ကျွန်မ ဆုတောင်း ပါတယ်။ မောင့်အမေနဲ့အတူ ပါသွားခဲ့တဲ့ မောင့်ရဲ့ညီလေးက အခုဆိုရင် သိပ်ကိုအောင်မြင်နေတဲ့ အဆိုတော်တစ်ယောက် ဖြစ်နေပြီလေ။ သူစင်မြင့်ပေါ်မှာ သီချင်းဆို နေတာကိုကြည့်ပြီး ကျွန်မငိုနေမိတယ်မောင်ရယ်။ သူ့ကိုတွေ့လိုက်တုန်းကတော့ မောင်များအသက်ပြန်ရှင်လာလေ သလားလို့တောင် ထင်လိုက်မိတယ် ။

ကျွန်မ ဒီရှိုးပွဲကို လာကြည့်မိတာ မှားပြီဆိုတဲ့အကြောင်း နောက်ကျမှပဲသိလိုက်ရသည်။ ကျွန်မ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေဖို့ ဒီကိုလာကြည့်မိပေမယ့် အခုမှပိုပြီးနှလုံးသားတွေ နာကျင်ကိုက်ခဲလာသည်။ သူ့ကိုမြင်ရတော့မှ မောင်ဟာ ဘယ်တော့မှ ပြန်ရှင်သန်လာနိုင်တော့မှာ မဟုတ်ဘူးဆိုတာ ပိုသေချာသွားသည်။ မောင် ဆုံးသွားခဲ့တာ ၂နှစ် ရှိသွားပေမယ့် ကျွန်မရင်ထဲမှာ မောင်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေ အားလုံးဟာ မနေ့တစ်နေ့ကလိုပဲ ရှိနေတုန်းပါ။ မောင့်ရဲ့အသုဘမှာ မောင့် ရုပ်အလောင်းကိုကြည့်ပြီး ကျွန်မသတိလွတ်သွားခဲ့သလို မောင့်ညီလေး သီချင်းဆိုနေတာ ကြည့်ပြီးတော့လည်း ကျွန်မ သတိလွတ်မိတော့မလို ဖြစ်နေတယ်။ ငိုရလွန်းလို့ ကျွန်မ မျက်လုံးတွေနီရဲနေပြီ ၊ ကျွန်မ ရင်ဘတ်တွေနာကျင်လှပြီ ၊ ကျွန်မ အာခေါင်တွေခြောက်လှပြီ….ကျွန်မ မငိုချင်တော့ပါဘူး မောင်…ဒါပေမယ့် မျက်ရည်တွေက ဝဋ်ကျွေးတစ်ခုလို သူ့အလိုလို ရောက်ရောက်လာတယ်။ ကျွန်မလေ နုံးခွေနေတဲ့စိတ်ကို အနိုင်နိုင်တင်းပြီး ရှိုးပွဲကနေထလာမိသည်။ သီချင်းဆိုနေတဲ့ သူ့ကိုကျောခိုင်းပြီး ထွက်လာမိသည်။ ဒီအပြုအမူဟာ နည်းနည်းတော့ ရိုင်းစိုင်းရာကျပေမယ့်…ဘယ်လိုမှရပ်တည်နိုင်စွမ်း မရှိတော့လို့ လုပ်လိုက်မိတာပါ။ ကျွန်မကို ခွင့်လွှတ်ပါ အဆိုရှင်ရယ်…..။
@pearlwhite

အပိုင်း(၂) ကို မကြာခင်ဆက်လက်တင်ပါမည်။ လိုအပ်ချက်များအတွက် ဝေဖန်အကြံပြုပေးကြပါဦးရှင်။ ဖတ်ရှု့အားပေးမှု အတွက် ကျေးဇူးအထူးတင်ပါတယ်။

Sort:  

အရမ်းကောင်းပါတယ် ဘရို့

ဖတ်လို့ကောင်းပါတယ်။နောက်အပိုင်းတွေ
စောင့်မျှော်နေပါမယ်။

ကောင်လေး +ကောင်မလေး

မျှော်နေသည်။

Great. Thanks for sharing. I'm starting to follow you.

Thank you so much.

ohh very nice I want to cry too

ဆက်လက်စောင့်မျှော်နေပါမည်

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

I will try bro.thanks.