" ယုံတမ်းစကား "

in #myanmar7 years ago

1527656732-picsay.jpgတစ်ခါတုန်းက တောရွာနိဂုံးတစ်ခုမှာ ဟင်းသီးဟင်းရွက်ရောင်းချကာ
အသက်မွေးဝမ်းကျောင်းပြုနေရတဲ့
အဘိုးအိုတစ်ယောက်ဟာ နေ့စဉ်ဈေးကိုသွားပြီး
ဟင်းရွက်ရောင်းချပါတယ် ။
ဒီလုပ်ငန်းနဲ့ပဲ အဘိုးအိုနေလာတာကြာပါပြီ ။
တစ်နေ့မှာ -
ဟောင်းနွမ်းနေတဲ့ အဝတ်အစားတွေကို
သေသေချာချာညီညာအောင် ဝတ်ဆင်ပြီးသောအခါ
အခါတိုင်းနေ့လိုပဲ ဟင်းရွက်တောင်းကို
ခါးမှာပိုက်ပြီး ဈေးသို့သွားရောင်းရန်အတွက် ဈေးရှိရာ
ဘုရင်ကြီးရဲ့နေပြည်တော်အတွင်းကိုဝင်လာပါတယ်။
တစ်နေရာအရောက်မှာ သေတင်းကုပ်လို့ခေါ်တဲ့
အရက်ဆိုင်တစ်ခုထဲကို အဘိုးအိုဝင်လိုက်ပါတယ် ။
တကယ်တော့ အဲဒီအရက်ဆိုင်ထဲမှာ အဘိုးအိုဟာ
အမြဲတမ်းသောက်နေတာတော့မဟုတ်ပါဘူး ၊
ဒီလိုဈေးလာရောင်းတဲ့အခါ ဈေးမှာလူမစုံသေးအချိန်ပဲ
ဆေးဖြစ်ဝါးဖြစ် နည်းနည်းလေးသောက်ပါတယ် ။
အဘိုးအို အရက်နည်းနည်းလှမ်းမှာပြီး သောက်ပါတယ် ။
အဲဒီအချိန်အရက်ဆိုင်အတွင်းမှာ တခြားရပ်ဝေးကလာတဲ့
လူရွယ်ခြောက်ယောက်လည်းရှိပါတယ် ။
အဲဒီလူရွယ်ခြောက်ယောက်ဟာ အဘိုးအိုကိုမြင်တာနဲ့
သူတို့အချင်းချင်းတိုင်ပင်ကြပါတယ် ။
တိုင်ပင်ပြီးတာနဲ့ အဘိုးအိုအနားကိုကပ်သွားပါတယ်။

" အဘိုး ကျွန်တော်တို့လုလင်ငယ်ခြောက်ယောက်က
အဘိုးနဲ့စကားတွေပြောချင်ပါတယ် ၊ အဲဒါအဘိုးဘက်က
လက်ခံပါသလား "

ဒီလုလင်ခြောက်ယောက်ဟာ
သူ့ဆီကငွေအသပြာနည်းနည်းကို လိုချင်လွန်းလို့
ကပ်လာကြတယ်ဆိုတာ အဘိုးအရိပ်မိနေပါတယ် ။

" အိမ်း - ပြောကြတာပေါ့အမောင်တို့ ၊ သို့သော်
အဘယ်သို့သောစကားကို ပြောကြမလဲ "

အဘိုးအိုမေးလိုက်တော့ လုလင်ခြောက်ယောက်ထဲက
ခပ်သွက်သွက်လုလင်တစ်ယောက်ကပြန်ဖြေပါတယ်

" ဒီလိုပါ အဘိုး ၊ ကျွန်တော်တို့ ရှေးအရင်တုန်းက
ကြုံဖူး , တွေ့ဖူး , မြင်ဖူး , သိဖူး သမျှတွေကို
တစ်ယောက်ချင်းစီ ပြောဆိုကြပါမယ် ၊ အဲဒီလို
ပြောတဲ့အခါ တစ်ယောက်ယောက်က မယုံလျှင် ၊
ပြောတဲ့စကားကိုလည်း ယုံကြည်စွာလက်မခံနိုင်လျှင် ၊
ထိုမယုံသောသူကို အစေခံကျွန်ပြုစတမ်းတည်း ၊
အသို့နည်းအဘိုး ၊ ကျွန်တော်တို့နဲ့အတူ အဘိုးဝင်ပါ၍
ပြောလိုပါသလား ၊ ပြောချင်လျှင်ကတိကဝတ်ပြုရမည် "

လုလင်ခြောက်ယောက်လည်း သွေးဆောင်ပြီးတော့
အဘိုးအိုကို မေးကြတဲ့အခါ -
အဘိုးအိုကလည်း ခေမှမခေဘဲ

" အမောင်တို့ ၊ ငါဟာ ဟိုးငယ်စဉ်ကတည်းက
ဒီလိုစကားလောင်းတမ်းအမှုကိုလုပ်ပြီး ပျော်ရွှင်လာတာ
ဒီအသက်အရွယ်ထိရောက်လာပြီ ၊
ကတိုက်ကြ၍ မုန်းသည် ၊ အကြိုက်ကြ၍ ပြုံးသည်ဆိုသလို
အမောင်တို့ပြောဆိုမည့်အရာကိုငါလက်ခံတယ် ၊
အတူတကွ ကတိကဝတ်လည်းပြုပါတယ် ၊ စကြကုန်လော့ "

အဘိုးအိုခွင့်ပြုလိုက်တော့ လူလင်ခြောက်ယောက်ဟာ
အရမ်းပျော်သွားပါတယ် ၊ ပြီးတာနဲ့ပထမဆုံးလုလင်က
စပြောပါတယ် ။

" အမောင်တို့ ငါသည် အမိဝမ်းတွင်း၌ပဋိသန္ဓေနေစဉ်
ငါ၏မိခင်သည် သီးသီးစားလိုသောအာသာဆန္ဒဖြစ်လေ၏ ၊
သီးသီးခူးပေးမည့်သူလည်းမရှိ ၊ ခိုင်းဖို့လူလည်းမရှိတာနဲ့
ဗိုက်ကိုခေါက်ပြီး ငါ့ကို သီးသီးခူးခိုင်းလိုက်တယ် ၊
ငါလည်း သီးပင်ဆီသွားပြီး သီးသီးခူးမလို့လုပ်လိုက်တော့
သီးပင်ပေါ် ငါမတက်နိုင်ဘူး ၊ အဲဒါနဲ့ ငါလည်း
ငါ့ခြေထောက်တစ်ဖက်ကိုဖြုတ်ပြီး သီးပင်ပေါ်ကို
ပစ်တင်လိုက်တယ် ၊ သီးပင်ပေါ်လည်းရောက်ရော
ငါ့ခြေထောက်တစ်ဖက်ဟာ သစ်ခက်တစ်ခက်ပြီးတစ်ခက်
သီးသီးတွေကို လိုက်ဆွတ်တယ် ၊ သီးသီးတစ်လုံးတစ်လုံးကို
စဉ်းအိုးလောက်ရှိတယ်အမောင်တို့ ၊ သီးသီးတွေကို
ပုဆိုးပိုင်းထဲထည့်ကာ အပင်ပေါ်ကပြန်ဆင်းမယ်လုပ်တော့
ပြန်မဆင်းတတ်ဘူးဟေ့ ၊ အဲဒါနဲ့ငါလည်း
အမေ့အိမ်ကိုပြန်ပြီး ဝါးလှေကားကိုသွားယူပြီးမှ
ဆင်းရတယ်လေ ၊ အမေ့ထံလည်းရောက်ရော
သီးသီးတွေအကုန် အမေ့ကိုငါပေးလိုက်တယ် ၊
ငါ့အမေလည်းစဉ်းအိုးပမာဏရှိတဲ့ သီးသီးအလုံး(၆၀)ကို
တစ်နေရာတစ်ထိုင်တည်း စားပစ်လိုက်တယ် ၊
အိမ်နီးချင်းရပ်သူရွာသားတွေဝအောင် ဝိုင်းပြီးစားတာ
မကုန်သေးဘူး ၊ ကျန်တဲ့သီးသီးတွေကို
တစ်ဆယ့်ခြောက်တောင် အစောက်မြင့်တဲ့အိမ်တွင်းက
ပစ္စည်းတွေအကုန်အပြင်ထုတ်ပြီး ထည့်ထားတာ
အိမ်မအားဘူးအမောင်တို့ ၊ ကျန်တဲ့သီးသီးတွေ
အိမ်ထဲမအားလို့ဆိုပြီး အိမ်ရှေ့တံစက်မြိတ်မှာပုံထားတာ
အတောင်ရှစ်ဆယ်ရှိတယ်ဗျား ၊ အခုငါပြောသော
ယုံတမ်းစကားတွေကိုအမောင်တို့ ယုံကြည်လား "

အဲဒီလိုပြောဆိုပြီး မေးလိုက်တော့
ကျန်တဲ့သူတွေက ယုံကြည်တယ်လို့ဖြေကြပါတယ် ၊
ပထမလုလင်ပြီးတော့ ဒုတိယလုလင် ပြောပါတယ် ။

" အမောင်တို့ ငါသည် အမိဝမ်းတွင်း၌နေစဉ် ၊ ငါ့အမေသည်
ချဉ်သီးစားချင်သည်ကို ငါသိတဲ့အခါ ၊ အမေ့ဝမ်းတွင်းက
ထွက်ပြီးလျှင် မန်ကျည်းသီးကိုရှာ၍ အမေ့ကိုပေးပြီးမှ
အမေမသိခင် အမေ့ဝမ်းထဲပြန်နေနေလိုက်တယ် ၊
အဲဒါ အမောင်တို့ ယုံကြလား "

" ယုံကြည်ကြပါတယ် "

ဒုတိယလုလင်ရဲ့ပြောသောစကားများကိုလည်း
အားလုံးယုံကြကြောင်း ဖြေကြတယ် ၊
ဒုတိယလုလင်ပြီးတော့ တတိယလုလင်ပြောပါတယ် ။

ူ" အမောင်တို့ အရင်တစ်နေ့က ငါမန်ကျည်းသီးစားလို၍
မန်ကျည်းပင်နားရောက်သွားပေမယ့် ငါမတက်တတ်ဘူး
အဲဒါကြောင့် ငါလည်း ငါခြေထောက်တစ်ဖက်ကို
မန်ကျည်းပင်ပေါ်ပစ်တင်လိုက်ပြီး မန်ကျည်းသီးတွေ
ခူးဆွတ်ကာ ပြန်မဆင်းတတ်တော့လို့
ငါ့အိမ်က လှေကားသွားယူပြီးမှ အပင်ပေါ်က
ဆင်းခဲ့ရတယ် ၊ အဲဒါ အမောင်တို့ယုံကြလား "

" ငါတို့ ယုံကြပါတယ် အမောင် "

တတိယလုလင်စကားကို ယုံကြည်ကြောင်း
ထောက်ခံပြီးတော့ စတုတ္ထလုလင် စပြောပါတယ် ။

" အမောင်တို့ ငါသည် ငါးစားချင်သောကြောင့်
ရေထဲကို ငါးလိုက်ဖမ်းရာ တစ်ကောင်သောငါးကို
ငါရလေတယ် ၊ ငါးကကြီးလွန်းတဲ့အတွက် ငါသည်
ငါးကို အပြင်မထုတ်ဘဲနဲ့ ရေထဲမှာပဲ
မီးဖိုပြီး ငါးကိုကင်လိုက်တယ် ၊ ငါးကျက်ပြီဆိုမှ
အကုန်းစားပြီး ရေထဲကနေ ပြန်တက်လာခဲ့တယ် ၊
အခုငါပြောတာ ယုံကြလား "

" ယုံကြပါတယ် အမောင် "

ပြီးတာနဲ့ ပဉ္စမလုလင်က ဆက်ပြောပြန်တယ် ။

" အမောင်တို့ ငါ့မိဘအိမ်ဟာ အရမ်းကိုမြင့်မားတယ်
ဘယ်လောက်မြင့်လဲဆိုတော့ ၊ ငါ့မိဘအိမ်မှာနေတဲ့
ကျွန်မတစ်ယောက် ကလေးမီးဖွားပြီးပြီးချင်း
ကျွန်မရဲ့ကလေးဟာ ကြမ်းပေါက်ကနေပြုတ်ကျသွားတာ
အဲဒီကလေးငယ် ခေါင်းကဆံပင် ဆွတ်ဆွတ်ဖြူမှ
အောက်ကိုရောက်တယ် ၊ သေလည်းမသေဘူး
ကျိုးလည်း မကျိုးဘူး ၊ အခုငါပြောတာ
အမောင်တို့ ယုံကြလား "

" ယုံကြပါတယ် အမောင်လုလင် "

ပြီးတာနဲ့ဆဌမမြောက် လုလင်ကဆက်ပြောပြန်တယ် ။

" ရှေးသောအခါ ဗာရာဏသီမင်းကြီး၌ ဆင်ဖြူတော်မရှိ
ဆင်မည်းသာရှိတယ် ၊ တစ်နေ့မှာ ခဝါသည်အပေါ်ကို
ရန်ငြှိုးထားနေတဲ့ အိုးထိန်းသည်ဟာ
ရှင်ဘုရင်အနားကပ်ပြီးတော့ အရှင်မင်းကြီးရဲ့
နေပြည်တော်မှာ ဆင်ဖြူတော်မရှိ၊ဆင်မည်းသာရှိကြောင်း
ခဝါသည်တို့သည် အဝတ်အထည်ကိုသာ
ဖြူစင်သန့်ရှင်းအောင် လျှော်ဖွပ်နိုင်သည်မဟုတ် ၊
ဆင်ကိုလည်း ဖြူလာအောင်လျှော်ဖွပ်နိုင်သည်ဟု
သံတော်ဦးတင်လေသော် ၊
ရှင်ဘုရင်လည်း ခဝါသည်ကိုခေါ်ယူကာ
ဆင်မည်းကို ဆင်ဖြူတော်ဖြစ်အောင် ဖွတ်လျှော်၍
ရနိုင်ပါ၏လောဟု မေးလေသည် ၊
အိုးထိန်းသည်မှ သူ့အပေါ်မှာရန်ငြှိုးထားကာ
ရှင်ဘုရင်အားလျှောက်သည်ကို ရိပ်မိသောခဝါသည်က
မည်းနေတဲ့ဆင်ကို ဖြူအောင်ဖွပ်လျှော်လို့ရကြောင်း
သို့သော် ဆင်ဖြူတော်ဖြစ်အောင်လျှော်ဖွပ်ရာ၌
ပေါင်းချောင်အိုးမရှိသေးကြောင်း ရှင်ဘုရင်အား
ပြန်လည်လျှောက်တင်လေသော် ၊
ပေါင်းချောင်အိုး အဘယ်မှာရနိုင်မည်နည်း ဟု
ရှင်ဘုရင်က ပြန်မေးရာ ၊ ပေါင်းချောင်အိုးကို
အိုးထိန်းသည်တွေသာ လုပ်နိုင်ကြောင်း ၊
ခဝါသည်က ပြန်လည်သံတော်ဦးတင်ပြန်ရာ ၊
ရှင်ဘုရင်သည် အိုးထိန်းသည်အား ခေါ်စေ၍
ပေါင်းချောင်အိုးလုပ်ခိုင်းလေ၏ ၊
အိုးထိန်းသည်လည်း ဆင်တစ်ကိုယ်အားနိုင်တဲ့
ပေါင်းချောင်အိုးကို မပြုလုပ်နိုင်၍ တစ်သက်လုံး
ဆင်းရဲဖူးပြီ ၊ အခု ငါပြောသောအကြောင်းအရာကို
အမောင်တို့ ယုံကြည်ကြသလော "

ထိုသို့မေးလေသော် ယုံကြကြောင်းဖြေကာ ၊
အဘိုးအို ဘက်သို့တစ်ဖန်လှည့်ကာ

"အဘိုးအိုဖခင် ကျွန်တော်တို့ပြောသောအခြင်းအရာကို
ယုံပါ၏လော " ဟု လုလင်များကမေးသော်

" အမောင်လုလင်တို့ ပြည်ကြီး , ရပ်ကြီးဖြစ်၍
ဤကဲ့သို့ မဖြစ်စတောင်း ဖြစ်သော်ဖြစ်ရာပေ၏ ၊
သို့အတွက်ကြောင့် ငါယုံပါ၏ ၊ သို့သော်
အမောင်တို့ ပြောသောစကားများကို
အဘိုးနားထောင်ခဲ့ပြီ ၊ ယခု အဘိုးစကားကို
အမောင်တို့နားထောင်ကြဦးလော့ ၊
ငါသည် ပျိုရွယ်စဉ်အခါက လူသူတို့ဘာဝ
တောင်ယာလုပ်သောအခါတွင် ဝါခင်းပြုလုပ်၍
ဝါကြဲစိုက်လေလျှင် ဝါခင်း၏အလည်တည့်တည့်၌
အတောင်ရှစ်ဆယ်မျှလောက်သော ဝါပင်ကြီးတစ်ပင်
ပေါက်ရောက်၍ ခက်မလို့ခေါ်တဲ့အကိုင်းကြီးခြောက်ကိုင်း
ထွက်လာကုန်တယ် ၊ အဲဒီအကိုင်းကြီးခြောက်ကိုင်းတွင်
တစ်ကိုင်းစီမှာ အိုးစရည်းလောက်ရှိတဲ့ ဝါသီး
ခြောက်လုံးသာ သီးလေတယ် ၊ အချိန်တန်တော့
အဲဒီအကိုင်းခြောက်ကိုင်းက အသီးခြောက်သီးကို
ဆွတ်မည်ဟု ဝါပင်ပေါ်တက်စဉ်ခဏ ဝါသီးတို့သည်
အညှာမှလျှောကြွေ၍ မြေသို့ကျသည်ရှိသော်
ဝါသီးတို့ပေါက်ကွဲကာ ဝါသီးခြောက်သီးမှ
သူငယ် ခြောက်ယောက်ထွက်လာကုန်တယ် ၊
ငါဟာ ဝါပင်ပေါ်ကပြန်ဆင်းနေတုန်းမှာပဲ
အဲဒီသူငယ်ခြောက်ယောက်ဟာ မျက်နှာမူရာအရပ်တွေကို
ထွက်ပြေးသွားကြတယ် ၊ ငါလည်း ဝါပင်ပေါ်က
ဆင်းပြီးလို့အောက်ရောက်ပြီဆိုတာနဲ့ ၊
ထွက်ပြေးသွားကြတဲ့သူငယ်ခြောက်ယောက်ကို
လိုက်ပြီးရှာရာ တွေ့သောအခါ ကောင်းမွန်စွာ
ကျွေးမွေးထားပါသည် ၊ ထိုသူငယ်ခြောက်ယောက်ဟာ
အသက်နှစ်ဆယ် ကျော်ခန့်ရှိလျှင် တစ်ခါပြန်၍
ထွက်ပြေးပြန်ရာ ငါလိုက်ရှာပါတယ် ၊
ငါလိုက်ရှာလို့မတွေ့တော့ ငါလည်းစိတ်ညစ်ကာ
လျှောက်သွားနေလိုက်တာ ယခုမှပင်
သင်တို့ကိုတွေ့မြင်ရပါတော့တယ် ၊
ငါ့ဝါသီးထဲကပေါက်တဲ့ မင်းတို့သူငယ်ခြောက်ယောက်ဟာ
ငါ့ကျွန်တွေချည်းဖြစ်ပါတယ် ၊
ဒီတစ်ယောက်ကို စိတ္တ ၊ ဒီတစ်ယောက်ကို နန္ဒ ၊
ဲီဒီတစ်ယောက်ကို ကုမ္မာရ ၊ ဒီတစ်ယောက်ကို ပုဏ္ဏ ၊
ဒီတစ်ယောက်ကတော့ ဘာသိတာ ၊
နောက်ဆုံးတစ်ယောက်ကတော့ စန္ဒရ ၊ လို့
ငါကိုယ်တိုင် နာမည်ပေးထားပါတယ် ၊
ယခု မင်းတို့ခြောက်ယောက် ငါ့ကျွန်ချည်းလို့
လက်ညှိုးညွှန်ကာ ငါပြောဆိုသောစကားကို
မင်းတို့ယုံကြ၏လော "

လုလင်ခြောက်ယောက်တို့ဟာ ယုံပါတယ်လို့
ဝန်ခံလျှင်လည်း အမှန်ပင်ကျွန်ဖြစ်မည် ၊
မယုံဘူးလို့ ငြင်းပြန်လျှင်လည်း သူတို့တွေ
လောင်းတမ်းလုပ်ထားတဲ့ ကတိစကားအရ
တစ်ယောက်ယောက်စကားကို မယုံလျှင်
ကျွန်ပြုရမည်ဟု ကတိစကားပြုထားသောကြောင့်
ကျွန်ဖြစ်နေပြန်သည် ၊
ထိုသို့ ယုံတယ်လည်း မပြော ၊ မယုံဘူးလို့လည်း
မငြင်းပယ်သော လုလင်ခြောက်ယောက်ကို
ရှင်ဘုရင်နန်းတော်သို့ ခေါ်ဆောင်က အဘိုးသည်
ရှင်ဘုရင်အား အကြောင်းစုံလျှောက်တင်ပြီး
တရားဆုံးဖြတ်ခိုင်းရာ လုလင်ခြောက်ယောက်သည်
အဘိုးအိုထံမှ အသပြာမရသည့်အပြင်
အဘိုးအို၏ ကျွန်များ ဖြစ်သွားလေ၏ ။

လောကမှာ ကိုယ်လိုချင်ဖြစ်ချင်တာချည်းကိုပဲ
မြင်နေလို့မရပါဘူး ၊ အစာကိုသာမြင်၍
မျှားချိတ်မမြင်တဲ့ငါးလို ဒုက္ခအကြီးအကျယ်
ရောက်တတ်ပါတယ် ၊
ဒါကိုမသိတဲ့ လုလင်ခြောက်ယောက်ဟာ
အဘိုးအိုရဲ့ကျွန်ဖြစ်သွားသလိုပေါ့ ။
အားလုံးဗဟုသုတ ရနိုင်ကြပါစေ ~~~~

Sort:  

Congratulations @rosinnoung! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

3 years on Steem - The distribution of commemorative badges has begun!
Happy Birthday! The Steem blockchain is running for 3 years.
Vote for @Steemitboard as a witness to get one more award and increased upvotes!