ဘဝမှာ ပင်ပန်းလိုက်တာလို့ မညည်းတွားဖြစ်အောင် နေမယ်...

in #myanmar7 years ago

ဘဝမှာ ပင်ပန်းလိုက်တာလို့ မညည်းတွားဖြစ်အောင် နေမယ်...

ကိုယ်ပင်ပန်းနေတာ ဘယ်သူ့အရေးမှ မဟုတ်ဘူး။ ကိုယ့်အရေးပဲ။ ဘယ်သူတွေအတွက် ကြိုးစားနေရပါတယ်လို့ ရမယ်မရှာဖြစ်အောင် နေထိုင်မယ်။ ကိုယ့်လောဘနဲ့ ကိုယ့်ဘဝအတွက်၊ ကိုယ့်အတ္တအတွက် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေရခြင်းမှာ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးချင်ဘူး။

ကောင်းကောင်းနေချင်လား၊ ကောင်းကောင်းစားချင်လား... ပင်ပန်းမှာပဲ။
ကိုယ်ချစ်တဲ့လူတွေကို ကောင်းကောင်းစောင့်ရှောက်ချင်လား... ပင်ပန်းမှာပဲ။
ကိုယ့်ရည်ရွယ်ချက်တွေကို အကောင်အထည် အမြန်ဖော်ချင်လား... ပင်ပန်းမှာပဲ။
ကိုယ့်အိပ်မက်တွေ အမြန်ဖြစ်လာချင်လား... ပင်ပန်းမှာပဲ။

ကိုယ်တစ်ယောက်တည်း ပင်ပန်းနေရတာ မဟုတ်ဘူး။ လောကမှာ ကိုယ့်လို ပင်ပန်းနေရသူတွေ တစ်ပုံကြီးပဲ။ ပင်ပန်းတယ်ဆိုပြီး ရပ်ပစ်လိုက်မလား။ အိပ်မက်တွေကို တစ်ရက်တည်ဆောက်လို့မရဘူး။ ဒီလမ်းကို ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လျှောက်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ ကတိကဝတ်ကိုမှ မတည်နိုင်ရင် ဘယ်သူ့ပေါ် ပေးတဲ့ ကတိကဝတ်ကိုမှ တည်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မလေးစားနိုင်တော့တာလောက် ပင်ပန်းတဲ့ ပင်ပန်းမှုမျိုး မရှိဘူး။

မပင်ပန်းကြသူတွေ ရှိတာပဲ။ Rich Kidတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မယှဉ်လိုက်နဲ့။ အချိန်တန်ရင် MDတက်ဖြစ်စရာ Company လည်း မရှိဘူး။ မချမ်းသာပေမယ့် မပင်ပန်းသူတွေ ရှိတာပဲ။ ငပျင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မယှဉ်လိုက်နဲ့။ အချိန်တန်ရင် မိဘဆီ လက်ဖြန့်တောင်းရဲတဲ့ သတ္တိမရှိဘူး၊ မာနပဲရှိတယ်ဆိုရင် ပင်ပန်းမှာပဲ။

မပြေးနိုင်တော့ဘူးဆိုရင်တောင် မရပ်လိုက်နဲ့။
ဖြည်းဖြည်းဆက်လျှောက်ရုံပဲ။ ဒီကမ္ဘာကြီးပေါ်မှာ မောပန်းနေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။

ကိုယ်ရွေးခဲ့တဲ့လမ်း ပန်းတွေပွင့်လာဖို့ဆိုတာ ဘယ်သူ့လက်မှာမှ တာဝန်မရှိဘူး။ ကိုယ့်အိပ်မက်တွေအတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ်။

မလွယ်ဘူး... တကယ် မလွယ်ဘူး
လွယ်တာတွေချည်း ရွေးချယ်ခွင့်မရှိတာ ဘဝပဲ။
ရုန်းကန်ဖို့ချည်း မရွေးချယ်ခဲ့ပေမယ့် ရုန်းကန်နေရဦးမှာ ဘဝပဲ။

ကြောက်လို့ဆိုပြီး ပြန်လှည့်ပြေးလို့ရတဲ့အထဲမှာ ဘဝမပါဘူး။ ပင်ပန်းလို့ဆိုပြီး ဆက်မလျှောက်လို့ ရတဲ့အထဲမှ ဘဝမပါဘူး။

ဆက်သွားနေရဦးမှာပဲ...

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 66009.01
ETH 1984.82
USDT 1.00
SBD 0.50