ဘယ်​သူ့အပူလဲ

in #srl-zone6 years ago

{သူ့အပူ၊ ဘယ်သူဝိုင်းကူ ငြှိမ်းပါ့မယ်}

ဤဓာတ်ပုံလေးကို မြင်သောအခါ ကြည့်သူ၏ အလေးပေးမှု အနေအထား; အတွေးအခေါ် အတိမ်အနက်; သံဝေဂဉာဏ် အနုအရင့်ပေါ် မူတည်၍ အမြင်များကွဲပြား ခြားနားပေလိမ့်မည်။

~ ဤဓာတ်ပုံကို ကြည့်၍ ငှက်ကလေးနှစ်ကောင်၏ ပုံဟု သာမန် မြင်သူ တချို့ ရှိပေလိမ့်မည်။
~ ဤဓာတ်ပုံကိုကြည့်၍ ငှက်ကလေး တစ်ကောင်၏ အဖြစ်ဆိုးနှင့်၊ အခြားတစ်ကောင်၏ ပူဆွေး သောကကို မြင်သူလည်း ရှိပေလိမ့်မည်။

~ ဤဓာတ်ပုံကိုကြည့်၍ “ဘာများ ထူးထူးဆန်းဆန်း လဲလို့” ဟု သဘောထားကာ မျက်နှာ လွှဲသွားသူ ရှိပေလိမ့်မည်။
~ ဤဓာတ်ပုံကိုကြည့်၍ “ အော်၊ သနားစရာ ငှက်ကလေး” ဟု စိတ်မကောင်းဖြစ်သွားသူလည်း ရှိပေလိမ့်မည်။
~ ဤဓာတ်ပုံကိုကြည့်၍ “ အော်၊ လူသားများကဲ့သို့ ဖြေသာတဲ့တရားများ သူတို့မှာ ရှိပါလေစ” လို့ အတွေး နက်ရှိုင်းသွားသူလည်း ရှိနိုင်ပေသည်။

သို့သော်..သို့သော်.. သံဝေဂဉာဏ် အတော်အတန်ရင့်သန်သူမှာတော့ အသိတရားများ အလင်းသား ရသွားနိုင်ပေသည်။

ထိုသူအတွက်၊ ဤပုံရိပ်သည် အလွယ်တကူမှေးမှိန်၍ မသွားပဲ တရိပ်ရိပ်နှင့် သံဝေဂဉာဏ် ရင့်သန်ဖို့ အကြောင်းသာ ဖြစ်လာပေလိမ့်မည်။

ထိုပုဂ္ဂိုလ်သည် ပူဆွေးသောက ရောက်နေသော ငှက်ကလေးနေရာမှာ မိမိကိုယ်ကို အစားထိုးကြည့်မည်၊ မိမိချစ်သောသူကို အစားထိုးကြည့်မည်။ ထို့နောက်၊ တုန်လှုပ်စွာ ခံစားရမည်၊ ထိတ်လန့်စွာ ခံစားရမည်၊ အိပ်မက်မှ လန့်နိုးသူပမာ ခံစားရပေလိမ့်မည်။

ထို့နောက် အတွေးများ ဆက်၍ဆက်၍ ပေါ်လာပေလိမ့်မည်။

ထိုအတွေးများကား…

[ကျေးဇူးကြီးမား လှပါပေ့ ရှင်တော်မြတ်စွာဘုရား။ ရှင်တော်မြတ်ဘုရား ဟောကြားခဲ့သော တရားများသည် မှန်ကန်လှပါပေ၏၊ သင့်မြတ်လှပါပေ၏။ သံသရာ ဝဋ်ဆင်းရဲမှ မလွတ်ကင်းသေးသ၍ ဘယ်ဘဝမှ မကောင်းဘူး ဆိုတာ ဘုရာ့တပည့်တော် မျက်မြင်ကိုယ်တွေ့ပါ ဘုရား။

သတ္တဝါတိုင်းဟာ မိမိတို့ရရှိတဲ့ ဘဝမှာ အနှောင်အဖွဲ့တွေနဲ့ချည်နှောင်ပြီး ပျော်မွေ့နေကြပါတယ်ဘုရား။ အဲဒီ အနှောင်အဖွဲ့က ဆွဲအဖြတ်ခံရတာနဲ့ ကိလေသာအပူမီးဟာ တဟုန်းဟုန်း တောက်လောင်တော့ တာပါပဲ ဘုရား။

ကိလေသာ အပူမီးဟာ ဘယ်သတ္တဝါကိုမှ ချမ်းသာမပေး၊ ပူလောင်တတ်, နှိပ်စက်တတ်တယ် ဆိုတာလည်း သဘောပေါက်ပါပြီဘုရား။

ချစ်ခင်စုံမက် တပ်မက်ဟာခြင်းဟာ ကွေကွင်းခြင်းဖြင့်သာ အဆုံးသတ်ရတယ် ဆိုတာလည်း ပေါ်လွင်လှပါရဲ့ ဘုရား။

ဒီသတ္တဝါလေးရဲ့ အပူမီးကို ရှင်တော်မြတ်ဘုရားရဲ့ တရားတော်မှလွဲ၍ ငြိမ်းအေးစေနိုင်သူ ဒီကမ္ဘာမှာ မရှိသလို၊ ဘယ်ကမ္ဘာမှလည်း ရှိမှာ မဟုတ်ပါဘုရား။

သို့သော်လည်း ကံဆိုးရှာတဲ့ ဒီသတ္တဝါလေးမှာ တရားကို နားလည်နိုင်စွမ်းရှိတဲ့ အသိဉာဏ်ဟာ မြူတစ်မှုံမျှပင် မရှိရှာပါဘုရား။

ဒီသတ္တဝါလေးကို အကြောင်းပြုပြီး သံဝေဂဉာဏ်ရသွားတဲ့ ဘုရားတပည့်တော်ဟာ လူသားစင်စစ်ဖြစ်ပြီး သင့်တင့်တဲ့ အသိဉာဏ်နဲ့လည်း ပြည့်စုံပါတယ်ဘုရား။

လူသားလည်း ဖြစ်ပါလျက်၊ အသိဉာဏ်နဲ့လည်း ပြည့်စုံပါလျက် ဒီလိုမျိုး အခွင့်အရေးကိုမှ သံဝေဂမယူ ပေါ့ပေါ့တန်တန်သာ ဘဝကို ဆက်လျှောက်နေအုံးမယ်ဆိုလျှင် ဘုရားတပည့်တော်ထက် မိုက်မဲသူ ဒီကမ္ဘာမှာ ရှိပါအုံးတော့မလား ဘုရား။

ဘုရားတပည့်တော် နားလည်ပါပြီဘုရား။

ဘုရားတပည့်တော်ဟာ သံသရာ စက်ကွင်းက လွတ်ကင်းအောင် ကြိုးစားပါတော့မယ်ဘုရား။] ဟု..

အတွေးနယ်ကား ဆုံးနိုင်ဘွယ် မရှိသလို…..

နောက်ဆုံးမှာတော့... လူသစ် စိတ်သစ်ဖြင့် တရားဓမ္မကိုသာ ကြိုးစား၍ အားထုတ်ရှာပေလိမ့်မည်တကား။

(မှတ်ချက်။ ။ အတွေးစကို နိုးထစေတဲ့ ပုံရိပ်လွှာအတွက် ဦးကံမြင့်( Kan Myint Mg)ကို ကျေးဇူးတင်ပါတယ် ခင်ဗျား။)
image

@aakk

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57756.99
ETH 3058.42
USDT 1.00
SBD 2.26