သူသိပါ​စေ..

in #srl-zone6 years ago (edited)

{သူသိပါစေ}


ကျွန်တော်ဟာ ဦးနေဝင်းတို့ နိုင်ငံတော် အာဏာရတဲ့အချိန်နဲ့ မတိမ်းမယိမ်းလောက်မှာပဲ လူ့လောကကြီးထဲကို ရောက်လာခဲ့ပါတယ်။ တနည်းအားဖြင့် ကျွန်တော်ဟာ ဆိုရှယ်လစ်ခေတ်မှာမွေးပြီး ဆိုရှယ်လစ်စနစ်နဲ့အတူ ကြီးပြင်းခဲ့ရပါတယ်။

ကျွန်တော်ဟာ ဆိုရှယ်လစ်စနစ်ရဲ့ ကောင်းမွေဆိုးမွေကို အပြည့်အဝခံစားရသူဖြစ်ပါတယ်။ ကောင်းမွေ ခံစားရတာကို တစ်ခါမှ မမှတ်မိပေမယ့် ဆိုးမွေခံစားရတာ ကတော့ ကျွန်တော့်တစ်သက်မှာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အဲဒါကတော့ ဆင်းရဲကျပ်တည်းခြင်းပါပဲ။

ကျွန်တော်ငယ်စဉ်က ကျွန်တော်တို့မိသားစုဟာ အလွန်ဆင်းရဲခဲ့ပါတယ်။ အဖာအထေးများစွာနဲ့ လှည့်ပတ်ဖုံးကွယ်လို့ မရအောင် ဆွေးမြေ့စုပ်ပြဲနေတဲ့ ပုဆိုး ဝတ်ရတာကို စကားထဲ ထည့်မပြောပါဘူး။ လက်ရှည်ကနေ လက်တိုလို့ခေါ်ရလောက်အောင် စုတ်ပြတ်နေပြီး ပုံမပေါ်, အရေအရောင်မထွက်တဲ့ အင်္ကျီ ဝတ်ရတာလောက်ကိုလည်း စကားထဲ ထည့်မပြောပါဘူး။ (ဒီခေတ်ကလေးတွေဆို နောက်ဆုံးပေါ် ဖက်ရှင်ထင်လို့ လိုက်ပြီး အတုယူမှာတောင် ကြောက်ရပါသေးတယ်။)

အဓိက က ဝဝလင်လင် မစားရတာပါ။ စားရပြန်တော့လည်း ကြမ်းတမ်းတဲ့ အစားအသောက်များသာ စားရပါတယ်။ ပဲကြီးလှော်နဲ့ ထမ်းလျှက်ခဲဟာ အမေဈေးသွားတဲ့နေ့၊ တစ်ပတ်တစ်ခါလောက်သာ မျှော်ခွင့်ရှိတဲ့ အကောင်းဆုံး သွားရည်စာပါ။ ပဲကြီးလှော်လေး လက်တစ်ဆုတ် မပြည့်တပြည့်ကို မဲညစ်နေပြီး တစ်ဝက်လောက်ပြဲကျနေတဲ့ အိတ်ကပ်ထဲ ထည့်ပေးခံရလို့ ပျော်ရွှင်သွားတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာဟာ လပြည့်ညရဲ့ လဝန်းကြီးအလား ပါပဲ။

ဆန်ရှားတဲ့အချိန်မှာ နေ့လည်စာကို ပြောင်းဖူးနဲ့ရောပြီးချက်တဲ့ ထမင်းကိုစားရပါတယ်။ ညစာကိုတော့ ဆန်ပြုတ်လောက်နဲ့သာ ကျေနပ်ရပါတယ်။ အိမ်မှာ အမြဲလိုလိုချက်တဲ့ လက်စွဲတော်ဟင်းက နှမ်းဘတ်ချက် သို့်မဟုတ် ငါးပိချက်ပါ။ ကျောက်ခဲလိုမာတဲ့ ထမင်းကြမ်းခဲနဲ့ ဆီမပါတဲ့ ငါးပိဖုတ်က အကောင်းဆုံး breakfast ပါ။

အဲဒီလို ဆင်းရဲကျတ်တည်းတာဟာ ကျွန်တော်တို့မိသားစုတင်ပဲလား ဆိုတော့၊ မဟုတ်ပါဘူး။ တစ်ရွာလုံးနီးပါးပါပဲ။ ကျွန်တော့်စိတ်ထင် အများစုဖြစ်တဲ့တစ်နယ်လုံး၊ တစ်နိုင်ငံလုံးတောင် ဖြစ်ပါလိမ့်မယ်။

-------------------------------------------

မိမိတို့ရဲ့ တပည့်၊ တကာ တကာမတွေ ဆင်းရဲကျပ်တည်းပြီဆိုတော့ ရဟန်းသံဃာတွေလည်း မနေသာပါဘူး။ မိမိတို့တတ်နိုင်တဲ့ဘက်က ပါဝင်ရတော့တာပါပဲ။

အဲဒီလို ရဟန်းသံဃာတွေထဲကမှ သူ့တပည့်တွေရဲ့အရေးဟာ သူ့အရေးလို့ သဘောထားတဲ့၊ သူ့ရပ်သူ ရွာသားတွေရဲ့ ဘဝဟာ သူ့ဘဝလို့ သဘောထားတဲ့၊ ကျွန်တော်တို့ရဲ့ ငယ်ဆရာ၊ သို့မဟုတ် နေကျော်ဆရာတော်ဟာ ကျွန်တော်တို့တွေရဲ့ ဆင်းရဲကျပ်တည်းမှုကို မကြည့်ရက်၊မမြင်ရက်နဲ့ အသည်းဆတ်ဆတ်တုန်အောင် ခံစားရပါလိမ့်မယ်။

အဲဒီခံစားချက်နဲ့အတူ ဆိုရှစ်လစ်စနစ်နဲ့ ဆိုးကျိုးတွေကိုမြင်တဲ့ ဆရာတော်ဟာ သူတတ်တဲ့ပညာနဲ့ အခုလို ရင်ဖွင့်ပါတော့တယ်ခင်ဗျာ...

မျက်မြင်မှာ  ဉာဏ်တွဲလို့
အနဲနဲ ရှုပါ။
ဆိုရှယ်လစ် လူ့ရွာမှာ
ခု.အခါ  အများ။
စားဝတ်နေရေး  အကြပ်ကြုံတယ်
ငတ်လိုက်ပုံ ပြိတ္တာနှင့် မခြား။
ပြည်ထောင်စု မြန်မာပြည်
ဆန်ဆီဟာ  မရှား။
ငန်ပြာရည် ငါးပိဆားမှာတော့
အများကြီး ပေါကြွယ်။
သင်တို့တတွေ အတတ်ကြူးတာကြောင့်
မငတ်စဖူး ငတ်ရရှာတယ်။
ဆိုရှယ်လစ် ဖုတ်သူငယ်ကို
ထုတ်ပယ်ကာ ရှောင်ပစ်မှ
နောင်တခေတ် မြန်ပြည်ခွင်
ကောင်းဖို့ရာမြင်။
ဇွတ်တိုးလို့ မရှောင်ကြဉ်လျှင်
နောင်အစဉ် ခက်မည်ပလေး။

သူ့ရဲ့ ရပ်သူရွာသား၊ တပည့်များအပေါ်မှာ ချစ်ရှာလွန်းတဲ့ ဆရာတော်ဘုရား၊ ခေတ်ကောင်းကို ရောက်တဲ့အချိန်မှာ မရှိရှာတော့ပါဘူး။

အခုဆိုရင် ဆိုရှယ်လစ်စနစ်ရဲ့ အမွေဆိုးတွေဟာ တဖြည်းဖြည်းနဲ့လွင့်ပျယ်လို့ သွားနေပါပြီ။

အခုဆိုရင် သူ့ကျောင်းကြီးဟာလည်း ပြုပြင်မွမ်းမံပြီးလို့ လှပတင့်တယ် ဝင့်ထည်နိုင်ပါပြီ။ သူ့ရဲ့ ဆွေးမြေ့ကျိုးပဲ့နေတဲ့ စေတီတွေ နေရာမှာ သပ္ပါယ်လှပ ဖူးမဝတဲ့ စေတီကြီးလည်း အစားထိုး နေရာယူပြီးပါပြီ။

အခုဆိုရင် သူ့ရဲ့ ရွာလမ်းမကြီးဟာ ပြန့်ပြူးညီညာလို့ ညဘက်များမှာဆိုရင် လင်းထိန်နေတဲ့ လျှပ်စစ်မီးရောင်များနဲ့ ပနံရလှပါပြီ။

အခုဆိုရင် သူ့တပည့်တွေဟာ နွားလှည်းကိုအသာထားလို့၊ ကား, ဆိုင်ကယ်တွေနဲ့တောင် တဝီဝီ ဖြစ်နေပါပြီ။

အခုဆိုရင် အစားအသောက်တွေဟာ ပေါများရုံမက ထူးခြားတဲ့ နိုင်ငံခြား အစားအစာများပင် စားနေရပါပြီ။

အခုဆိုရင်…..

 “အခုဆိုရင် တပည့်တော်တို့ရဲ့ တစ်သက်တာမှာ ခံစားခဲ့ရတဲ့ ဆိုရှယ်လစ်စနစ်ဝတ် ကျွတ်ပါပြီဘုရား” ။

ဆရာတော်ဘုရား၊ ရောက်ရာ ဘုံဘဝမှ ကြားသိပါစေ။

မေတ္တာဖြင့်

  ![image](https://img.esteem.ws/72ghdr6nta.jpg)
@elay

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60793.30
ETH 3356.37
USDT 1.00
SBD 2.48